
လေပြည်အ၀င့်မှာ ကြွေလွင့်လာလို့ 
ပေရှပြီး မြေမခရအောင်
မြတ်နိုးခြင်းလက်အစုံနဲ့ 
ရင်အုံမှာ ပွေ.ပိုက်မိပါရဲ့
နတ်ဆိုးတွေရဲ့ ကြိမ်စာတစ်ပိုဒ်တဲ့
မိုးတွေပြိုလို့ အမှောင်ဖုံး
ငါ့ကမ္ဘာတစ်ခုလုံး ထစ်ချုန်းနေတော့တယ်။
(ဇင်ယော်)
အဲဒီနေ့ ပေါ့
ဦးတည်ရာမဲ့ ခြေလှမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို တစိုက်မတ်မတ်လိုက်လျှောက်နေမိတာ။ သူ့ ကိုယ်သူ ကြိုးစားပြီး အားပေး နေမိတယ်။ မုန်တိုင်းလွန်ရင် လေပြည်လာဦးမှာပါလို့ ။ ဒါပေမယ့် ခြောက်သွေ.ကြမ်းတမ်းတဲ့ ကန္တာရကို ဖြတ်တိုက်လာတဲ့လေပြည်က ပူလောင်ပြင်းရှနေဦးမှာလား အတွေးတစ်စက ဆက်ပြီး အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့သလိုပဲ။ အဆုံးအရှုံးတွေ များလွန်းလှတဲ့ အခိုက်အတန့်  ကာလလေးမှာ ဒူးထောက်လုနီးပါး သူကျဆုံးနေခဲ့မိတယ်လေ။ ပတ်ဝန်းကျင်မှာရှိသမျှ အရာရာ ဘာကိုမှ သတိမထားမိနိုင်လောက်အောင်ကို ရက်ရက်စက်စက် သွေးပျက်နေခဲ့တာပါလား။
အဲဒီနေ့ ပေါ့
အချိန်ဆိုတဲ့ ဝေါဟာရကို သတိထားလိုက်မိတော့ နေ့ တစ်နေ့ ရဲ့ ညနေဆည်းဆာက တဖြည်းဖြည်းနဲ့  အမှောင်ယံမှာ တိုးဝင်ပျောက်ကွယ် နှုတ်ဆက်နေပြီလေ။ မာကြူရီမီးလုံးတွေကတော့ ကတ္တရာလမ်းမပေါ်ကို အလင်းရည်တွေ အုပ်မိုးလို့  သွန်ချနေလေရဲ့။ လမ်းပေါ်က လူတွေရဲ့အိမ်အပြန်က သူ့ အတွက် ချိုမြိန်တဲ့ တေးတစ်ပုဒ်မဟုတ်တာကတော့ သေချာတယ်။ သူ့ ရဲ့ကောင်းကင်မှာတော့ ကြယ်တွေက တစ်စင်းပြီးတစ်စင်း အလုအယက် ခုန်ဆင်းပြီးကြွေနေလိုက်ကြတာ မှုန်ပြပြအလင်းတစ်စတောင် ကျန်ပါဦးမလား။
အဲဒီနေ့ ပေါ့
ရင်ဘတ်ထဲက ပေါက်ကွဲလုနီးပါး မီးတောင်ရှင်တစ်ခုအနီးကနေ သူကြောက်လန့် တကြားနဲ့  ပြေးထွက်ဖို့  ကြိုးစားနေခဲ့မိတယ်။ ဘ၀မှာ အရှုံးတွေ မကြာခဏ ကြုံဆုံဖူးပါရဲ့ ဒါပေမယ့် အောင်မြင်မှုကို ဆာလောင်နေတဲ့ မျှော်လင့်ခြင်းကို အိမ်မက်လုပ်ပြီး ခေါင်းအုံးအိပ်ခဲ့ရတဲ့သူ့ အတွက် ဒီတစ်ခါ အရှုံးကတော့ ခါးသီးလွန်းလိုက်တာ။ ခုလိုအချိန်မျိုးမှာ တကယ်လို့ သာ ............................................. သူ တစ်စုံတစ်ရာပေါင်းများစွာကို ပြင်းပြင်းပျပျ သတိရလာမိတယ်။ ခံစားချက်တွေ မျှဝေနားထောင်ပေးနေကြ နားတစ်စုံရယ်၊ အဆင်မပြေမှုတွေကြားမှာ ကူညီဖေးမပေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံရယ်၊ အားပေးစကားတွေ စီးမြောလာတတ်တဲ့ နှုတ်ခမ်းတစ်စုံရယ်၊ ဘ၀အမောတွေကို ခဏတာပြေပျောက်စေတဲ့ အပြုံးချိုချိုလေးရယ် ။ သူ တစ်ချက်ရယ်လိုက်မိတယ် ဝေးကွာခြင်းမြစ်ရဲ့ တစ်ဘက်ကမ်းကို မမြင်မစမ်းနဲ့  မျှော်မှန်းပြီး လှမ်းငေးမိတဲ့ သူ့ ကိုယ်သူပေါ့ ကိုယ့်ရီသံကိုယ်ပြန်ကြားမိတာတောင် လှောင်ရီသံလိုလို ထင်လို့ နေမိတယ်လေ။
အဲဒီနေ့ ပေါ့
ဘယ်နေရာရောက်ရောက် လမ်းပျောက်နေသူအဖို့ တော့ ခရီးအဆုံးဆိုတာ ဝေးလွန်းလှတဲ့ မှတ်တိုင်တစ်ခုပါပဲ။ မသိစိတ်ရဲ့ စေစားရာအောက် လျှောက်ပြီးရင်းလျှောက်လာခဲ့မိတာ သတိရလို့  သေသေချာချာ ကြည့်လိုက်မိတော့ ပတ်ဝန်းကျင်က ကိုယ်နဲ့  မစိမ်းလွန်းလှသလိုပဲ။ တစ်စုံတစ်ရာရဲ့ ညှို.ငင်မှုအောက်မှာ သူတစ်လှမ်းချင်းသွားနေမိတယ်လေ။ ခြေလှမ်းတွေရဲ့ ဦးတည်ရာကို လှမ်းငေးကြည့်မိတယ် ။ တကယ်တော့ သူမအံ့သြမိပါဘူး ပန်းခြံထဲက မြက်ခင်းစိမ်းစိမ်းဘေးမှာ အေးအေးချမ်းချမ်း လဲလျောင်းနေတဲ့ ခုံတန်းလေးတစ်ခု ရှင်းရှင်းပြောရရင် တစ်ခါက ပျော်ရွှင်ခြင်းစမ်းချောင်းလေး မြစ်ဖျားခံ စီးဆင်းတဲ့နေရာလေးလို့  နံမည်တပ်ခဲ့ဖူးတဲ့ သူတိတ်ဆိတ်ငြိမ်သက်စွာ အနားယူတတ်တဲ့ ခုံတန်းလေးတစ်ခုရှိတဲ့နေရာကိုပေါ့။
အဲဒီနေ့ ပေါ့
မထင်မှတ်ထားတဲ့ နေရာမှာ မထင်မှတ်တဲ့ အရာတစ်ခုကို တွေ.မြင်လိုက်ရတဲ့ တဒင်္ဂလေးက သူ့ စိတ်အစဉ်ကို အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်မယ်လို့  လုံးဝမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ ရင်ထဲမှာတော့ မှန်မှန်နဲ့ မြန်မြန် တီးခတ်လိုက်တဲ့ယဇ်ပူဇော်ပွဲက ဗုံသံတွေလိုပဲ ရင်ခုန်သံတွေက ဆူညံလို့ နေလေရဲ့။ ခုံတန်းလေးပေါ်မှာ ...................... စက္ကူငှက်လေးတစ်ကောင် ....... တိတိကျကျပြောရရင် စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ခေါက်ချိုးပြီးပြုလုပ်ထားတဲ့ ပိုင်ရှင်မဲ့နေတဲ့ ......... ဒီကမ္ဘာပေါ်မှာ သူနောက်ဆုံးထွက်သက်အထိ မှတ်မိနေဦးမယ့် စက္ကူငှက်လေးတစ်ကောင် ။ သူအသာလေး ကောက်ယူလိုက်ရင်းက သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိတယ်။
အတိတ်ရထားတစ်စင်းက ဥသြသံရှည်ခပ်ပြင်းပြင်းဆွဲပြီး သူ့ အနားကနေ ဘယ်ကိုမှန်းမသိနိုင်တဲ့တစ်နေရာကို ပြေးထွက်သွားလေရဲ့။ ဟိုးအဝေးဆီကနေ စကားသံတချို. လွင့်မြောလို့  လာနေသလိုလိုပဲ သူ့ အာရုံထဲမှာ မပီပြင်ဝိုးတ၀ါးနဲ့  ပုံရိပ်တချို.က ရုပ်ရှင်ပြနေသလို အစီအရီ ပေါ်လာတယ်လေ။ " ဟိုးအပြောကျယ်တဲ့ မိုးကောင်းကင်ပေါ်က ငှက်လေးတွေကို အားကျမိတယ် အတိုင်းမဆမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့  ပျံဝဲ နေလိုက်ကြတာ ဘယ်လောက် ပေါ့ပါးငြိမ်းချမ်းလိုက်မလဲနော် သူတို့ စိတ်ထဲမှာရှိသလောက် ဟိုးကောင်းကင်ထက်ကို မြင့်နိုင်သလောက် မြင့်မြင့် ပျံဝဲချင်တိုင်းပျံလို့ ရသလို နားခိုဖို့  နေရာတွေကလည်း ဒီကမ္ဘာမြေပြင်ပေါ်မှာ အများသားနော်။ ပျံသန်းခြင်းနဲ့ ကောင်းကင်ယံဆိုတာ သူတို့ တွေအတွက် ဘုရားပေးတဲ့ ဆုတစ်ခုလိုပဲ။ သူတို့ လေးတွေလိုပဲ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်ခွင့်ရချင်လိုက်တာ " စက္ကူငှက်လေးတစ်ကောင်ကို စိတ်ပါလက်ပါ ခေါက်ချိုးရင်း ပြောနေတဲ့ သူမရဲ့ ပုံရိပ်တချို.က အတွေးအာရုံထဲကို တံခါးမခေါက်ပဲ ၀င်လာကြလေရဲ့။ ............... နောက်ပြီး ............. နောက်ပြီး ............. သူမနဲ့  ဆက်စပ်ပတ်သက်သမျှ အရာတွေအားလုံးက သူ့ ရဲ့အသိဥာဏ်တွေကို
လုံး၀၀ါးမြိုသွားခဲ့တာပါ။
အတိတ်ပြတင်းတစ်ချပ်ကို
တခဏချင်းလှပ်ပြီး
ကြည့်မိကြတယ်
ဒဏ်ရာတွေနဲ့ ကြေမွလို့ 
မြေခနေတဲ့ အုတ်ပုံတစ်ခုလား
တသသဆန်းပြားလို့ 
လှပခမ်းနားခဲ့တဲ့ နန်းတော်ရာတစ်ခုလေပဲလား
မြင်ရတဲ့ မြင်ကွင်း
ထင်လင်းပြီး ကွဲပြားနေလိမ့်မယ်
သေချာစွာနဲ့  အဖြေရှာကြည့်တော့
အချိန်တွေမတူသလို ကြည့်မိတဲ့ angle တွေက တူမှမတူခဲ့ကြတာကိုး။
သူသတိထားလိုက်မိတော့ ညနက်သန်းကောင်တောင် ရောက်တော့မယ်လေ။ ဟောင်းနွမ်းနေတဲ့နေ့ တစ်နေ့  ကို ထားရစ်လို့  လောကကြီးက နေ့ သစ်တစ်နေ့ ကို ကြိုဆိုဖို့ ပြင်ဆင်နေပါပြီ။ သူ့ ကိုယ်တိုင်ကတော့ လည်ပြန်အကြည့်တစ်ချက်အောက်မှာ အသိသက်သက် ပါသွားခဲ့တာပါ။ နောက်နေ့ သစ်တစ်ခုကို အဓိပ္ပါယ်ရှိရှိရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့  ခွန်အားသစ်တွေ ပြန်လည်မွေးဖွားဖို့  သူလည်းအိမ်ပြန်သင့်ပြီလေ။ စက္ကူငှက်လေးကို ခုံတန်းလေးပေါ် အသာအယာ ပြန်ချလို့  နှလုံးသားထဲက အလင်းတိုင်လေးကို သူကိုယ်တိုင်မီးညှိပြီးဆုတောင်းပေးလိုက်ပါတယ်။ စက္ကူငှက်လေးနဲ့  သူရဲ့ ဖန်ဆင်းရှင်တစ်ယောက်အတွက်ပါ။ ဟိုးကောင်းကင်ယံအမြင့်က ငှက်လေးတွေလိုပဲ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာ ကောင်းတဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ နောက်ပြီး သူတို့ လိုပဲ ညအခါကာလ အေးမြတဲ့လရောင်အောက်မှာ ငြိမ်းချမ်းစွာနဲ့  အိပ်စက်နိုင်ပါစေ နံနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ အတူ နေ့ သစ်တစ်နေ့ ကို ပျော်ရွှင်စွာနဲ့  နှုတ်ခွန်းဆက်လို့  ရွှင်လန်းစွာ နိုးထနိုင်ပါစေလို့  ......။ ။ ။


21 comments:
အင်းငှက်ခတ်သမားနဲ့ မတွေ့ပါစေနဲ့ဗျာ
ဖတ်ပြီး သက်ပြင်းတောင်ချမိတယ်.....
ဘာပဲဖြစ်ဖြစ် ပြန်ပေါ်လာတဲ့အတွက် တော်တော် ၀မ်းသာတယ် ကိုဇင်ယော်ရေ့.....။
သြော်... ဇင်ယော်... သိင်္ဂါရမှော်တွေ... ပေါက်နေပါရော့လား... ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ၃ ကြိမ် အော်သွားတယ်...း)
အင်း ဘယ်သူ့ ကိုရည်ရွှန်းတာပါလိမ့် .. စက္ကူငှက်က တော့ အထီး အမ မကွဲခြားပေးမယ့် ၊ ဖန်ဆင်းရှင်က စာအရ မိန်းကလေး ဖြစ်ဖို့များမယ် ၊၊ စဉ်းစားစရာပဲ ၊၊ :)
နေ့သစ်တွေမှာ ပျော်ရွှင်နိုင်ပါစေ..။ လောကကြီးမှာ နေကွယ်ရင် လထွက်လာတတ်သလို လကွယ်ရင် နေထွက်တတ်ပါတယ်..။ တစ်ခါတစ်ရံမှာ ကြုံရတဲ့ လကွယ်ညတွေအတွက် အားတင်းပြီး ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..။ fighting !!! :)
ရေးမဲ့ရေးတော့လည်း အမိုက်စားပါလာ?? တစ်ပုဒ်ဆို ဆိုသလောက် ကောင်းတယ်ဗျာ.. များများရေးပါ.. စောင့်ဖတ်နေရတာ မောတယ်..
ကိုဇင်ယော်ကြီးက ဒါမျိုးလဲ ရတယ်ပေါ့လေ
ကောင်း၏ ဖတ်သါားပါတယ်ဗျာ ဆက်ရေးဗျို့
မိုက်တယ်
သူဆိုတဲ့ ကောင်လေးကလေ
““ခံစားချက်တွေ မျှဝေနားထောင်ပေးနေကြ နားတစ်စုံရယ်၊ အဆင်မပြေမှုတွေကြားမှာ ကူညီဖေးမပေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံရယ်၊ အားပေးစကားတွေ စီးမြောလာတတ်တဲ့ နှုတ်ခမ်းတစ်စုံရယ်၊ ဘ၀အမောတွေကို ခဏတာပြေပျောက်စေတဲ့ အပြုံးချိုချိုလေးရယ် ။”” ကို တမ်းတနေတာကိုး =) ပန်းတိုင်ကတော့ ရှိမှာပါ အစ်ကိုရာ ချောက်ထဲမှာဆို ခုန်ချရမယ် ရေထဲမှာဆို ဆင်းငုပ်ရမယ် အဲ့ဒီပန်းတိုင်ဆိုတာကလည်း ဘယ်တော့မှ မပြီးဆုံးမယ့် မာရသွန်ပြေးပွဲတစ်ခုပါပဲ တစ်ခါခါတော့ ပြေးလမ်းကြောင်းပေါ်ကနေ ထွက်ပြေချင်းစိတ်တော့ ပေါက်မိကော သို့သော်လည်း အမေမွေးလိုက်တည်းက ခြေတောက်ပါလာတာကိုးနော့် ဆက်သာပြေး နဖူးပဲကွဲကွဲ ဒူးပဲပြဲပြဲ
Cheer ဘရားသားကြီးး
အဲ့ဒီနေ့ပေါ့ ကျွန်တော့် စိတ်ကိုအာဟာရဖြည့်ပေးတဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်ရတယ်...။
ကောင်းလိုက်တာဗျာ... ကျွန်တော်တို့ ကိုကြီးဇင်ယော်က ဒီလိုအလွမ်းအဆွေး စာညွန့်လေးတွေလည်း ပိုင်တယ်ဗျာ..။
ကဗျာ ဒုတိယတစ်ပိုဒ်ကို ကြိုက်တယ် အစ်ကိုရာ...
"အတိတ်ပြတင်းတစ်ချပ်ကို
တခဏချင်းလှပ်ပြီး
ကြည့်မိကြတယ်
ဒဏ်ရာတွေနဲ့ ကြေမွလို့ 
မြေခနေတဲ့ အုတ်ပုံတစ်ခုလား
တသသဆန်းပြားလို့ 
လှပခမ်းနားခဲ့တဲ့ နန်းတော်ရာတစ်ခုလေပဲလား
မြင်ရတဲ့ မြင်ကွင်း
ထင်လင်းပြီး ကွဲပြားနေလိမ့်မယ်
သေချာစွာနဲ့  အဖြေရှာကြည့်တော့
အချိန်တွေမတူသလို ကြည့်မိတဲ့ angle တွေက တူမှမတူခဲ့ကြတာကိုး။"
ဟုတ်ပါ့ အစ်ကိုရေ... အဲ့ဒီနေ့က
မြင်ကွင်းတွေက အခုတော့ ဝေေ၀၀ါးဝါး .......
အတိတ်ပြတင်းတစ်ချပ်ကို
တခဏချင်းလှပ်ပြီး
ကြည့်မိကြတယ်
ဒဏ်ရာတွေနဲ့ ကြေမွလို့ 
မြေခနေတဲ့ အုတ်ပုံတစ်ခုလား
တသသဆန်းပြားလို့ 
လှပခမ်းနားခဲ့တဲ့ နန်းတော်ရာတစ်ခုလေပဲလား
မြင်ရတဲ့ မြင်ကွင်း
ထင်လင်းပြီး ကွဲပြားနေလိမ့်မယ်
သေချာစွာနဲ့  အဖြေရှာကြည့်တော့
အချိန်တွေမတူသလို ကြည့်မိတဲ့ angle တွေက တူမှမတူခဲ့ကြတာကိုး။
ကောင်းတာတော့ အရမ်းကောင်းပါတယ်..
ဘာကိုဘယ်လိုနားလည်ရမှာလဲ မသိတော့ဘူး။။ :D
အဆင်ပြေပါစေ မောင်ငယ်ရေ။
အစ်မ၀ါ
ကောင်းလိုက်တာဗျာ ...
WHAT A BRILLIANT ESSAYYYY!!!! SO AMAZING!!! COME ON...! YOU HAVE BRILLIANT SKILL OF WRITING!!! PLEASE LET YOUR INSPIRATION FLY !!! I AM HERE TO SHARE THE "HEART-MADE" POSTS!!!!
လေပြည်အ၀င့်မှာ ကြွေလွင့်လာလို့ 
ပေရှပြီး မြေမခရအောင်
မြတ်နိုးခြင်းလက်အစုံနဲ့ 
ရင်အုံမှာ ပွေ.ပိုက်မိပါရဲ့
နတ်ဆိုးတွေရဲ့ ကြိမ်စာတစ်ပိုဒ်တဲ့
မိုးတွေပြိုလို့ အမှောင်ဖုံး
ငါ့ကမ္ဘာတစ်ခုလုံး ထစ်ချုန်းနေတော့တယ်။
(ဇင်ယော်)
စ၀င်ကတည်းကကို ရင်ထဲထိတယ်ဗျာ...။
အော်.. အဲဒီနေ့က အကြောင့်တော့ ကျေကွဲဖွယ်ရာပဲလား... အတောင်ပံသစ်တွေ နဲ့အမြဲပြန်နိုင်ပါစေ သူငယ်ချင်း :D :)
-သူမနဲ့  ဆက်စပ်ပတ်သက်သမျှ အရာတွေအားလုံးက သူ့ ရဲ့အသိဥာဏ်တွေကို
လုံး၀၀ါးမြိုသွားခဲ့တာပါ- ဒီစာသားလေးက တော်တော်ကိုထိတာ
ကိုဇင်ယော်ရေးထားတာ ခံစားထားတာကတော့ ဂွတ်ပဲ ရှယ်တော်တယ်
ဖတ်ရင်းနဲ့ကို မျောသွားတာ နားမလည်တာတွေလည်း ရှိတော့ရှိတာပေါ့နော် :P
ဘယ်လိုပဲဖြစ်ဖြစ် အားပေးပါတယ် :)
ခံစားချက်တွေ မျှဝေနားထောင်ပေးနေကြ နားတစ်စုံရယ်၊ အဆင်မပြေမှုတွေကြားမှာ ကူညီဖေးမပေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံရယ်၊ အားပေးစကားတွေ စီးမြောလာတတ်တဲ့ နှုတ်ခမ်းတစ်စုံရယ်၊ ဘ၀အမောတွေကို ခဏတာပြေပျောက်စေတဲ့ အပြုံးချိုချိုလေးရယ် ။
မကြာခဏ တောင့်တ တတ်လွန်းလို့ ချိုးနှိမ်ထားရတယ်ဗျာ ...
သနပ်ခါး မွှေးပျံ့ပျံ့လေးတွေလည်း ပါတာပေါ့ဗျာ အဟဲ ..
ကျနော်လည်း စာမေးပွဲတွေနဲ့ လုံးပမ်းနေရလို့ မရောက်ဖြစ်ဘူးဗျို့ အခုမှပဲ ရောက်ဖြစ်တော့တယ် ပျော်ရွှင်စေကြောင်း ချီးယား ဗျာ :D
ဖွဲ့နွဲ့တတ်လိုက်တာ..
အက်ဆေးအရေးကောင်းတယ်ဗျို့... ရသမြောက်ပါပေတယ် နောင်ကြီးရေ.. ဖတ်ရတာတန်တယ်..။
ကိုဇင်ယော်ကြီးရေ ခံစားချက်အပြည့်ပါပဲ ဖတ်ရတာတော့ကောင်းပါရဲ့ ပြီးတော့တစ်ခုခုကိုခံစားလိုက်ရသလိုပဲ ဘာတွေဖြစ်မဆုံတာလည်းကြာပေါ့ မမြင်တာလည်းကြာပေါ့
အားလုံးပဲအဆင်ပြေပါစေ ကောင်းသောနေ့ကိုဇင်ယော်ကြီး :)
စာသားတွေက နစ်နေတာပဲ...လာအားပေးသွားတယ်
အရေးအသားတွေက ဆွဲချက်ပြင်းစေတယ် ..။
kom: နှစ်သစ်မှာ ပျော်ရွင်ပါစေ။
Post a Comment