Sunday, December 28, 2008

Crazy Frog

အဟဲ တက်ဂ်ထားတာလည်း ကြာလှပြီ။ ဒီလိုပဲ အပျင်းထူနေတာလည်း ကြာပြီဆိုပါတော့။ အမှန်တော့ အကြွေးတွေ ဆပ်ရမှာ ကြောက်တာလည်း ပါတာပေါ့လေ။ တက်ဂ်ကြွေးတွေက များလွန်းလို့  ဘာတွေမှန်းတောင် မသိတော့ဘူး။ သတိရတဲ့အကြွေးလေး အရင်ဆပ်ထားတာ။ ( တက်ဂ်တယ်လို့  ပြောတည်းက ကြိုပြောထားတယ်နော် လာမယ်ကြာမယ်လို့  ဟီးဟီး။ )

တခြားမဟုတ်ပါဘူး နှစ်သက်မိတဲ့ ကာတွန်းကားလေးဆိုပါတော့။ ဇင်ယော်က တခါတလေ စိတ်လစ်ရင် အင်တာနက်မှာ ကာတွန်းကားတွေ လိုက်ရှာပြီး ကြည့်နေကြဆိုတော့ အလွယ်လေးပါထင်လိုက်တာ။ တကယ်ရေးမယ်လည်းဆိုရော ကိုယ်ကြိုက်တဲ့ ကာတွန်းကားတွေက သူများတွေ အကုန်လုံး ရေးပြီသွားပြီဗျ။ တော်ပါသေးရဲ့ နောက်ဆုံးတစ်ခုတော့ ကျန်နေသေးလို့  ( ရေးပြီးသွားတဲ့သူရှိရင်လည်း တတ်နိုင်တော့ဘူးဗျာ အကြံကကုန်နေပြီ ချက်စရာ ဆားကလည်း သူများတွေ ချက်လွန်းလို့  ဈေးတွေကျကုန်လို့  ချက်တော့ဘူး။ )

ဇင်ယော်လေး ရဲ့ Favourite က Crazy Frog လေ။ အော်ချင်တာအော် လုပ်ချင်တာလုပ် ဇင်ယော်လေးလိုပဲ။ ဟီး ဒါကြောင့် သိပ်ကြိုက်၊ ကဲကြည့်လိုက်ပါဦး။ အရင်ဆုံး ခါတော်မှီလေးနဲ့  စလိုက်ရအောင် ( အမှန်တော့ နောက်ကျနေပြီ ခရစ်စမတ်က လွန်သွားပြီလေ )။ ဒါပေမယ့် ကြည့်လို့ လည်းကောင်း သီချင်းလေးကလည်း မြူးဆိုတော့ ပြန်ပြီး မျှဝေလိုက်ပါတယ်။



DJ Frog လေ။ New Year Count Down မှာ သူက DJ လုပ်မှာ အဟေး အားပေးလိုက်ပါဦး။


သူက ဘောလုံးမှာလည်း ချန်ပီယံဗျ။

Crazy Frog - The funniest home videos are here


ကဲ နောက်ဆုံး ကျနော့်ဇာတ်လိုက် Crazy Frog ပါတဲ့ MTV လေး အားပေးသွားပါဦးဗျာ။


ကဲ တက်ဂ်ထားကြတဲ့ သူတွေကိုတော့ အတိအကျ မမှတ်မိဘူးဗျ။ မှတ်မိသလောက် ခပ်ပိန်းပိန်းကောင်လေးမောင်ဂျဲဂျယ် ( အမှန်တော့ မပိန်းဘူး ပိန်းချင်ယောင်ဆောင်နေတာ နာတိတယ်ကွ :D )၊ နောက်ပြီး ညီမအလွမ်းပြေ ( အမှန်က သူဘလော့ရေးဖို့ မလိုဘူး အက်ရှင်ကားတွေထဲကလို အကြွေးလိုက်တောင်းတဲ့ လူမိုက်လုပ်ရမှာ :P )၊ နောက်တစ်ယောက်ကတော့ ညီမငှက်ပိစိ ( ဟီးသူကတော့ အကြွေးတောင်းမရမှန်းသိတော့ လက်မြှောက်သွားလေရဲ့ ) တို့ ရေ အကြွေးဆပ်လိုက်ပြီနော်။

Wednesday, December 10, 2008

နှလုံးသားရပ်ဝန်းကို အခြေတည်၍

ဘာရယ်တော့မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ တစ်ခုခုကို သိနေခဲ့သလိုပဲ။ မသိစိတ်က ပတ်ဝန်း ကျင်မှာ တစိမ်း တစ်ယောက် ရှိနေတယ်တဲ့။ သတိရလို့  ဧည့်ခန်းလေးထဲ လှမ်းကြည့်မိလိုက်တော့ လားလား ဧည့်သည် တစ်ယောက် ရောက်နေပါလား။ သော့ခတ်မထားပဲ စေ့ရုံလေးစေ့ထားတဲ့ တံခါးလေးကို ၀င်ခွင့်မတောင်းပဲ တွန်းဖွင့်လို့  ၀င်လာခဲ့တဲ့ ဧည့်သည် တစ်ယောက်ပေါ့လေ။ ဘယ်အချိန်တည်းက ၀င်လာခဲ့မှန်းတောင် သတိမထားမိလိုက်ပါဘူး။ သိလိုက်တဲ့အချိန်ကျတော့ သူက ဧည့်ခန်းမှာ အခန့် သားထိုင်လို့ ။

သူကကိုယ့်ကို လှမ်းကြည့်ပြီး ပြုံးပြခဲ့တယ်။ သူ ရဲ့အပြုံး အင်း အရှင်းဆုံးပြောရရင် တစ်ခါတွေ.ဖူးရင် နောက်ဘယ်တော့မှ မမေ့ တော့မယ့်အပြုံး။ မဖိတ်ခေါ်ပဲနဲ့  ရောက်လာခဲ့တဲ့ ဧည့်သည်အပြုံးပေါ့လေ။ ဧည့်သည်လက်မခံပါဘူးဆိုပြီး ဆိုင်းဘုတ်ချိတ်ထားကာမှ ရောက်လာပြန်ပါရောလား။ အားနာတတ်တဲ့ ကိုယ့်အတွက်တော့ နှင်ထုတ်ရမှာလည်းခက်၊ အောင့်သက်သက်နဲ့  လက်ခံထားရမှာ လည်းခက် ဘာလုပ်ရမှန်း မသိအောင် ဝေခွဲရခက်လို့ နေလေရဲ့။ ကိုင်းဘယ်လိုလုပ်ရပါ့။ သူကတော့ ပြောရှာတယ် ။ အိမ်ရှင်နဲ့  တည့်အောင်ပေါင်းပြီး ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်နဲ့  အကြာကြီးနေမှာတဲ့။ သူ့ ဆီမှာ မမြင်နိုင်တဲ့ စွမ်းအင်တချို.ရှိထားပုံ ရတယ်။ ကျနော် ဘာပြန်ပြောရမှန်း မသိအောင်ပါပဲ ဆွံ.အနေမိတော့တယ်။ အော် သူ့ နံမည်လား သူ့ ကိုယ်သူ မိတ်ဆက်ပြီး ပြောလိုက်တာက သူ့  ကိုလူအများက အချစ် လို့  ခေါ်ပါတယ်တဲ့။


လက်နဲ့ မရေး
အသက်နဲ့ ရေးသတဲ့ .....
ဆေးနဲ့ မခြယ်
သွေးနဲ့ ခြယ်သတဲ့ ....
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
"အချစ်" မြင်လား
ပန်းချီကား
နှလုံးသားရဲ့ နံရံမှာ ..... ။
( မောင်စိန်ဝင်း - ပုတီးကုန်း )


အချစ်ဆိုသည်မှာ ဆိုတဲ့ တက်ဂ်ပို့ စ်လေးရေးကာနီး စိတ်ကူးထဲမှာ ပေါ်လာတဲ့ အတွေးစလေးကို အရင်ဆုံး ချရေးကြည့်လိုက်တာပါ။ တချို.တချို.သောသူတွေမှာ အချစ်ဆိုတာကို တကယ်တမ်း သေသေချာချာ မသိလိုက်ပဲ ချစ်မိပြီဆိုမှ အော် ဒါအချစ်ပါလားလို့  ကိုယ်တိုင် သိလိုက်ရတယ်လေ။ ဟိုးနှစ်ပေါင်းများစွာကနေ ခုချိန်ထိ လူတွေက အချစ်ကို အဓိပ္ပါယ်မျိုးစုံ ဖွင့်ဆိုနေကြတုန်းပဲ။ ပြီးပြည့်စုံပြီလား ဆိုတော့လည်း ဟင့်အင်းတဲ့။ ရှုထောင့်မျိုးစုံ နေရာမျိုးစုံကကြည့်ပြီး အမျိုးမျိုး ဖွင့်ဆိုလိုက်ကြတာ 3 ဖြစ်လိုက် က ဖြစ်လိုက် ဖြစ်လိုက် င် ဖြစ်လိုက်နဲ့ ။

ဆော့ပ်ဟိုဆဲလ် က လူသားတွေအတွက် ဘ၀ရဲ့ နာကျင်မှုနဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်စရာ စကားလုံးတစ်ခုရှိတယ်တဲ့ အဲဒါ အချစ် ပဲတဲ့။ ဒေါ်ရော်သီပါကားဆိုသူကတော့ အချစ်ဆိုတာ လက်ဖ၀ါးပေါ် တင်ထားတဲ့ ပြဒါး လိုပဲတဲ့။ လက်ဖ၀ါးကို အသာလေးဖွင့်ပြီး ဒီအတိုင်း ထားရင် လက်ထဲမှာ ရှိနေပေမယ့် သေသေချာချာ ဆုပ်ကိုင်ဖို့ ကြိုးစားရင်တော့ လက်ချောင်းတွေကြားကနေ ယိုစိမ့်ပြီး ပျောက်ကွယ် သွားလိမ့်မယ်တဲ့။

ဇင်ယော်လေးရဲ့ အမြင်လား ကိုယ်တိုင်လည်း သေသေချာချာတော့ အဓိပ္ပါယ် မဖွင့်ဆိုတတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပဲပေါ့။ အချစ်ဆိုတာ ဘာလဲလို့  သိပြီးမှ အချစ်ကို ကြုံကြတာ မဟုတ်ပါဘူး။ အချစ်ကို ကြုံခဲ့ရပြီးမှ အချစ်ဆိုတာကို သိမြင်လာခဲ့ကြတာပါ။ ဇင်ယော်လေးရဲ့ တစ်ပုဒ်တည်းသော ၀တ္တုလေး ( အမြဲထာဝရ ရှိနေမယ့် အိမ်ကလေး ) မှာတော့ ရေးခဲ့ဖူးပါတယ်။ "အချစ်ဆိုတာ တခါတလေတော့ လည်း ရယူ ပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို
တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ
"
။ ဆရာမ ဂျူးရဲ့ ဆောင်းပါးမှာ ရေးထားတာလေး ဖတ်ဖူးတယ်။ "အချစ်ကို ဘယ်လိုသိနိုင်မလဲ။ ဒီမေးခွန်းရဲ့အဖြေက မေးသူထံမှာပဲ ရှိပါတယ်။ အချစ်ကိုသိချင်ရင် အချစ်ကို ကြုံတွေ.တဲ့အခါမှာ စိတ်ပါလက်ပါနဲ့  ခြေစုံပစ်ဝင်လိုက်ရုံပါပဲတဲ့။ ဒါကြောင့်လည်း အင်္ဂလိပ်၊ အမေရိကန် စကားမှာ falling in love လို့ သုံးကြတာ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အချစ်ကို ထဲထဲဝင်ဝင် သိနိုင်မှာပေါ့လေ" ။

အချစ်မှာ Impersonal love လို့ ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့  Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Impersonal love က ဥပမာပေးရရင် တိုင်းပြည်ကို ချစ်တာ၊ စာပေယဉ်ကျေးမှုကိုချစ်တာ၊ ရည်မှန်းချက်ကိုချစ်တာ နောက်တစ်မျိုးပြောရရင် မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး စိတ်ထဲက စူးစူးနစ်နစ် ယုံကြည်သက်ဝင်တဲ့ အရာတွေကို ချစ်တာကို Impersonal love လို့  ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့ တင်စားကြတာပဲ။ ဒါ့အပြင် လူတွေက အရာဝတ္တုတွေ၊ တိရိစ္ဆာန်တွေ၊ ပြုမူလှုပ်ရှားမှု တွေရဲ့ သံယောဇဉ်တွေထဲမှာ ကိုယ့်ကိုကိုယ် မြှုတ်နှံထားလိုက်ပြီဆိုရင် အဲဒါတွေကို ချစ်တာလည်း Impersonal love ပါပဲတဲ့။ Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ကတော့ ရှင်းရှင်းလေးပါ။ လူသားတစ်ဦးနဲ့ တစ်ဦးကြားမှာ သာမန်ရှိတဲ့ ဆက်နွယ်မှုတဲ့ ပိုပြီးအင်အားကြီးတဲ့ တန်ခိုးသြဇာ ရှိတဲ့ ဆက်နွယ်ပတ်သက်မှုမျိုးပါ။ မိဘသားချင်း ညီအစ်ကိုမောင်နှမ အချင်းချင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ ချစ်သူမောင်မယ်တွေ အချင်းချင်း ချစ်တဲ့ အချစ်မျိုးပေါ့လေ။

တကယ်တမ်းပြောရရင် အပင်မှန်ရင် အမြစ်နဲ့ မကင်းသလို လူမှန်ရင်လည်း အချစ်နဲ့ မကင်းကြပါဘူး။ တခြား မကြည့်ပါနဲ့  မွေးကင်းစ ကလေးငယ်ဘ၀မှာကိုက အချစ်နဲ့ စတင်ဆုံတွေ.ခဲ့ကြရတာပါ။ မွေးကင်းစကလေးငယ် တစ်ယောက်ဟာ မိခင်ရဲ့ရင်ခွင်ထဲမှာပဲ အချစ်ကို ရှင်းရှင်းပြောရရင် မိခင်ဖခင်တို့ ရဲ့ အချစ်ကိုစပြီး လေ့လာ သင်ယူခဲ့ကြတာပါ။ မိခင်ရဲ့အချစ်က ကလေးကို နွေးထွေးလုံခြုံစေခဲ့သလို ဖခင်ရဲ့အချစ်ကလည်း လောကထဲကို ၀င်ရောက်ကြီးပြင်းရှင်သန်တတ်ဖို့  သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ အချစ်ကို နောက်ထပ် အမျိုးအစားတွေ အများကြီး ခွဲခြားထားပါသေးတယ်။ ဆရာမ ဂျူးရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားတာပဲကို ပြန်ပြီး ညွှန်းဆိုပြရရင်
- မြန်မာဗုဒ္ဓဘာသာအဆိုအရ ၅၂၈ဆိုတဲ့မေတ္တာဘက်နွယ်တဲ့အချစ်၊ ၁၅၀၀ဆိုတဲ့ ကိလေသာဘက်နွယ်တဲ့အချစ်။
- Motherly Love / Tender Love လို့ ခေါ်တဲ့ မိခင်မေတ္တာနဲ့ တူသောအချစ်၊ ကြင်နာသော အချစ်။
- Self - Love လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် ချစ်တဲ့အချစ်။
- Love of Life လို့ ခေါ်တဲ့ ဘ၀ကို ချစ်သောအချစ်။
- Love of God လို့ ခေါ်တဲ့ ဘုရားသခင်ကို ကြည်ညိုလေးစားမြတ်နိုးသောအချစ်။
- Brotherly Love လို့ ခေါ်တဲ့ ညီအစ်ကိုစိတ်၊ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သောအချစ်။
- Passionate Love လို့ ခေါ်တဲ့ ကိလေသာအချစ် သို့ မဟုတ် ပေါင်းစပ်သောအချစ်။ ကိလေသာလို့  ဆိုလိုက် တော့ ညစ်ညမ်းတဲ့ လိင်ကိစ္စနဲ့ ရောထွေးစဉ်းစားမိမှာကိုတော့ စိုးရိမ်စရာ ရှိပါတယ်။ ကိလေသာ ဆယ်ပါးနဲ့ မလွတ်ကင်းတဲ့ အချစ်မှန်ပေမယ့် သိမ်မွေ. နူးညံ့လှတဲ့အချစ်ပါပဲလေ။ ဆန့် ကျင်လက်လိင်(opposite sex)ကို ချစ်မိတဲ့ သဘာဝတွေအကြောင်းပေါ့။ အဲဒီအချစ်မှာမှ
- Love at first sight လို့ ခေါ်တဲ့ မြင်မြင်ချင်း ချစ်မိတဲ့အချစ်။
- အုံ့ ပုန်းအချစ်။
- Jealous Love လို့ ခေါ်တဲ့ မနာလိုတဲ့အချစ်
- Anguish Love လို့ ခေါ်တဲ့ သောကအချစ်
စသဖြင့် အမျိုးမျိုးပေါ့လေ။ အသေးစိတ် သိချင်ရင်ဖြင့် ဆရာမဂျူးရဲ့ "လကိုဖမ်းဖို့ပိုက်ကွန် ရက်ရအောင်"ဆောင်းပါးကိုသာ ရှာဖတ်ကြပေတော့။

အချစ်ကို သေသေချာချာ အဓိပ္ပါယ် မဖွင့်တတ်ပေမယ့် အချစ်မှာ ထူးခြားတဲ့ စွမ်းအင်တွေရှိမှန်းတော့ သတိထားမိပါတယ်။ သူ့ မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ရှိသလို မသုံးတတ်ရင် အဖျက်သဘော ဘက်ရောက်သွားတတ်တဲ့ စွမ်းအင်တွေလည်း ရှိပါတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင်တော့ ဘေးဖြစ်စေ မယ်လေ။ စဉ်းစားကြည့်ပါလေ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရတဲ့အရသာဟာ လောကကြီးမှာ နှစ်သက် ကြည်နူးတိမ်းမူးစရာ ကောင်းတဲ့အရသာတစ်ခုပါပဲ။ ချစ်မြတ်နိုးစိတ်နဲ့  လှမ်းကြည့်လိုက်စမ်းပါ။ မိုးပေါ်ကို
မော့ကြည့်လိုက်ရင် ပြာလဲ့လဲ့ကောင်းကင်ကြီးက တိမ်စတွေနဲ့  လွင့်မြောလှပနေလိုက်တာ၊ မြေပြင်ပေါ် လှမ်းကြည့်လိုက်တော့ မြက်ခင်း စိမ်းစိမ်းပေါ်မှာ ပန်းတွေက ရောင်စုံဖူးပွင့်လို့  လေပြည်အဝေ့မှာ အလှချင်း ပြိုင်နေကြလေရဲ့။ တိရိစ္ဆာန်လေးတွေက တစ်ကောင်နဲ့  တစ်ကောင် စနောက်ရင်းဆော့ကစားလို့  ငှက်ကလေး တွေကလည်း လေထဲမှာ ၀ဲပျံရင်း ကကြိုးအသစ်ကို လှလှပပ ကပြအသုံး တော်ခံနေကြသလိုပါပဲ။ ကြည့်လိုက် မိသမျှ တောင်တန်းနဲ့ တောအုပ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေ၊ လူတွေ သက်ရှိသက်မဲ့ အရာအားလုံးက လှပနေလေတော့ ဒါဟာလည်း သူ့ ရဲ့စွမ်းအင်တစ်ခုပါလားလို့  သိသိသာသာကို လက်ခံထားမိတာလေ။ ဒီလို အစစ အရာရာ လှပသာယာတာပဲ တွေ.မြင်ခံစားမိနေတဲ့ လူတစ်ယောက်မှာ အကောင်းမြင်စိတ်လေးတော့ ရှိမှာပါပဲ။ ဒီအကောင်းမြင်စိတ်လေး အခြေခံထားပြီး သူပြုမူပြောဆိုဆောင်ရွက်သမျှ အရာအားလုံးဟာ ၁၀၀% မဟုတ်တောင်မှ % တစ်ခုခုတော့ အကောင်းဘက်မှာ ရှိမှာသေချာသလို၊ သူလုပ်သမျှတွေကလည်း အပြု သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ဖို့ များပါတယ်။

အဲ အချစ်ရဲ့ဘေးထွက်ဆိုးကြိုးတွေလား။ အများကြီးပါပဲ။ အချစ်ကြောင့် ဘ၀ပျက်သွားရသူတွေ အများကြီး ရှိသလို ရည်မှန်းချက် ပန်းတိုင်တွေ၊ မျှော်လင့်ချက် လှေကားထစ်တွေ တစစီကြေမွပြိုပျက်သွားရသူတွေက ဒုနဲ့  ဒေးလေ။ အင်္ဂလန်ဘုရင် အက်ဒွတ်(၈) ဆိုရင် အမေရိကန်သူ မစ္စက်ဆင်မဆင်ကို စွဲစွဲလန်းလန်း ချစ်ခဲ့မိလို့  ထီးနန်းကို စွန့် ခဲ့ရဖူးပါတယ်။ ဂရိမင်းသမီး ဟယ်လင်ကို စူးစူနစ်နစ် ချစ်ခဲ့မိကြလို့  ကမ္ဘာကျော်ထရိုဂျန်စစ်ပွဲကြီး ဖြစ်ပွားခဲ့တာ ဘယ်သူငြင်းနိုင်မှာလဲ။ ကျန်စစ်သားဟာ မချစ်သင့်ခဲ့တဲ့ ဥသာမင်းသမီးခင်ဦးကို သွားချစ်မိခဲ့လို့  အနော်ရထာမင်းကြီးရဲ့ ရာဇမာန်ရှတာ ခံရပြီး တနယ်တကျေးကို ပြေးလွှားခိုလှုံခဲ့ရဖူးပါတယ်။ အဲဒါတွေအားလုံး ဟာလည်း အချစ်ကြောင့်ဖြစ်ခဲ့ရတာပါဆိုရင် ဘယ်သူငြင်းဦးမှာလဲ။

ဒီလိုဆို အချစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါရဲ့လား။ သေချာတာ တစ်ခုကတော့ ထမင်းနပ်မှန်ဖို့ အတွက် အချစ်မလိုပါဘူး။ ၀ယ်စားနိုင်ဖို့  ပိုက်ဆံပဲလိုအပ်တာပါ။ အလင်းရောင်ရဖို့  အချစ်လိုအပ်ပါသလား။ ကျောခင်းစရာ တစ်နေရာရဖို့  အချစ်လိုအပ်ပါသား။ လျှပ်စစ်စွမ်းအင် တွေအတွက်ရော အချစ်လိုအပ်ပါသလား။ မကျန်းမာလို့  ဆေးကုသဖို့ ရော အချစ်လိုအပ်ပါသလား။ သောမတ်စ်အက်ဒီဆင်က လျှပ်စစ်ကို တီထွင်ခဲ့တာ အချစ်အတွက်လား။ ဂရေဟမ်ဘဲလ်က တယ်လီဖုန်းဆိုတာ အချစ်အတွက်သီးသန့် ဆိုပြီး မတီထွင်ခဲ့တာတော့ သေချာတယ်။ အလောင်းမင်းတရားက အချစ်အတွက် မြန်မာနိုင်ငံကို စုစည်းတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ လင်ကွန်းက အချစ်အတွက် ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တာ မဟုတ်ပါဘူး။

ဒါဆိုရင် လူတွေက အချစ်ကို ဘာ့ကြောင့် တန်ဖိုးထားမြတ်နိုးနေကြတာလဲ။ ဘာ့ကြောင့် ရေးကြီးခွင်ကျယ် တခမ်းတနား ဖွဲ.နွဲ.ညွှန်းဆို နေရတာလဲ။ တကယ်တော့ "အချစ်ဆိုတာ လူတွေကို ယဉ်ကျေးသိမ်မွေ.အောင် ပြုပြင်ပေးနေတဲ့ မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုပါ" လို့  ဆရာမဂျူးက ဆိုထားပါတယ်။ ဆက်ပြီးပြောရရင် "အချစ်ရဲ့ အသုံးဝင်ပုံတွေဟာ ရုပ်ဝတ္တုပစ္စည်း အသုံးဝင်ပုံတွေလို ရုတ်တရက် မြင်သာထင်သာတာမျိုး မဟုတ်ပါဘူးတဲ့။ အချစ်ရဲ့စွမ်းအင်ဟာ အလွန်နက်နဲသိမ်မွေ.စွာ အရေးပါနေပါတယ်တဲ့။ ဒါ့ကြောင့်လည်း သုံးမိသူဟာ သုံးမှန်း မသိဖြစ်ရ၊ အကျိုးပြုခံရသူကလည်း အကျိုးပြုခံရမှန်းမသိ ဖြစ်နေတတ်ပါတယ်" တဲ့။

ဇင်ယော်လေးအမြင်ပြောရရင် အချစ်ဆိုတာ သေသေချာချာ တိတိကျကျ သိစရာ မလိုအပ်ပါဘူး။ ချစ်ချင် စိတ်ရှိဖို့ နဲ့  ချစ်တတ်ဖို့ ပဲ လိုအပ်တာပါ။ အချစ်အကြောင်းသိချင်ရင် အချစ်နဲ့ တွေ.တဲ့အခါကျတော့ ခြေစုံပစ်ပြီးဝင်လိုက်ပေတော့။ အတိအကျမဟုတ်တောင် အချစ်နဲ့  ပတ်သက်တဲ့ ဒသနတစ်ခုတော့ ကိုယ်တိုင်ကောက်ချက် ဆွဲပြီး ရေးဖွဲ.လာတတ်လိမ့်မယ်။ ဒီနေ့ ကမ္ဘာလောကကြီးကို ကြည့်လိုက်စမ်းပါ။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေး မျိုးဖြုတ်သတ်ဖြတ်မှုတွေ၊ သဘာဝကပ်ဘေးအန္တရာယ်တွေ၊ ငတ်မွတ် ခေါင်းပါးမှုတွေ၊ ...... နေရာတကာမှာ စိတ်ဆင်းရဲစရာတွေက ပိုပြီးများပြားလာသလိုပဲ။ ဒီလိုအချိန်မှာ စွမ်းအင်ကြီးမားလှတဲ့ အချစ်ဆိုတာကို ကောင်းကောင်းအသုံးချတတ်ဖို့  လိုအပ်ပါလိမ့်မယ်။

ဟိုမှာကြည့်လိုက်စမ်းပါ မိဘမဲ့ကလေးငယ်တွေက ရင်ထဲက တောင့်တနေတဲ့ အရာတစ်ခု.....အချစ်တဲ့။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အချစ်ဆိုတာ နွေးထွေးတဲ့ အားကိုးရာတစ်ခုတဲ့။ သဘာဝဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် အချစ်နဲ့ ကမ်းတဲ့ လက်တစ်စုံဟာ သဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဆိုရင် မမှားလောက်ပါဘူး။ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူ တွေအတွက် အချစ်နဲ့  ထုပ်ပိုးထားတဲ့ စားနပ်ရိက္ခာထုပ်တွေ ကမ္ဘာပေါ်မှာ အရေးတကြီးလိုအပ်နေပါတယ်။ စစ်မျက်နှာနှစ်ဘက်မှာ ထိပ်တိုက်ရင်ဆိုင်နေတဲ့ သေနတ်ပြောင်းဝတွေအတွက် အချစ်ကို ငြိမ်းချမ်းရေး ဂျိုးဖြူစေတမန်အဖြစ် စေလွှတ်ကြရအောင်။ လူမျိုးရေးအဓိကရုဏ်းတွေ၊ ဆန့် ကျင်ဆန္ဒပြမှုတွေအတွက် အချစ်နဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုရှာဖွေကြည့်ကြရအောင်။

ကဲ မိတ်ဆွေ ..... တွေဝေငေးမော စဉ်းစားမနေနဲ့ ။ နှလုံးသားရပ်ဝန်းကို အခြေတည်လို့  အချစ်ပင်တွေပျိုး အချစ်မိုးတွေရွာပြီး ငြိမ်းချမ်း သာယာတဲ့ ကမ္ဘာသစ်တစ်ခုကို အချစ်တွေနဲ့  အားလုံးဝိုင်းဝန်း တည်ဆောက်ကြရအောင် ။ ။ ။ ။

( ကဲ ကိုကြီးအောင်သာငယ် နဲ့  တူမတော် Dream တို့ ရေ ..... နောက်အကျဆုံး တက်ဂ်ကြွေးလေးကို မျက်နှာပူပူနဲ့  ပြန်ဆပ်လိုက်တာပါ။ အရမ်းကို ကြာသွားတဲ့အတွက် တောင်းပန်တဲ့အနေနဲ့  ရင်ထဲက ဆန္ဒတွေကိုပါ ထည့်သွင်းလို့  ပို့ စ်အရှည်ကြီး ရေးတင်လိုက်ပြီဗျာ။ ကျေနပ်နိုင်ကြပါစေလို့  ........................ ခင်မင်လေးစားလျှက် ဇင်ယော် )

Sunday, December 7, 2008

..................................

အဟဲ ညီအစ်ကိုမောင်နှစ်မတွေအားလုံး မင်္ဂလာပါဗျာ။ မောင်ဇင်ယော်တစ်ယောက် ခွင့်တိုင်ပြီး လစ်သွားတာ ပေါ်မလာ ဇာတ်ကားရိုက်နေတယ်လို့  ထင်နေတော့မှာပဲ။ အဟီး တချို.ကလည်း ကောလဟာလ သတင်းတွေကြားပြီး ဇင်ယော်တစ်ယောက် ဟောလီးဝုဒ်က သတင်းကြီးတဲ့မင်းသမီးလေးနဲ့  စုံတွဲခုတ်ပြီး မီယာမီကမ်းခြေမှာ အပန်းဖြေနေတယ်တဲ့။ ဟေဟေ. အမှန်ကတော့ ရုံးက သင်တန်းတစ်ခု အရေးပေါ်တက်ခိုင်းလို့  အပြေးအလွှား သွားတက်ရတာပါ။ သင်တန်းလည်းပြီးရော မပြန်ခိုင်းသေးပဲ လေ့လာရေးခရီး ထပ်လိုက်သွားရလို့  ခုလို ဇင်ယော်တစ်ယောက် ပျောက်ချက်သားကောင်းနေရတာပါ။ အီး ရွှတ် ခု ပြန်ရောက်လို့ မှ မနားရသေး နှုတ်ဖြေစာမေးပွဲဖြေဖို့  ရက်ချိန်းစာရွက်က စာတိုက်ပုံးထဲမှာ အခန့် သား ပြုံးဖြဲဖြဲနဲ့  မောင်ဇင်ယော်ကို ဆီးလို့ ကြိုနေတော့တာပဲ။ တေချင်တယ် တကယ်ပဲ။ ခုလာမယ့် ၂၆တဲ့။ တေပါပြီ။ ခုမှ ကြုံးရုန်းပြီး စာဖတ်ရတော့မှာပဲ။ သူများတွေ ခရစ်စမတ် ပျော်နေချိန်မှာ မောင်ဇင်ယော်တစ်ယောက်ကတော့ စာအုပ်တွေနဲ့  နပန်းလုံးနေရတော့မှာပဲ။ အိမ်တွေလည်း နောက်နေ့ မှ အေးအေးဆေးဆေး လိုက်လည်တော့မယ်ဗျာ။ တက်ဂ်ကြွေးတွေကတော့ အေးဆေးပေါ့နော်။ အကြွေးနဲ့ မကင်းတဲ့ လောကကြီးမှာ ဇင်ယော်လည်း လူရာဝင်အောင် အကြွေးထားလိုက်တာ။ အဟဲ နောက်ပြီး ဇင်ယော်က ဦးနှောက်သိပ်မကောင်းဘူးဗျ။ မေ့တတ်တယ် အဟဲ ကိုယ်ကပေးရမယ့် အကြွေးဆို သာဆိုးသေး။ ဒါကြောင့် မောင်ဇင်ယော် လောလောဆယ် စိတ်ရှိလက်ရှိ အနားယူပါဦးမယ်။ အဆင်ပြေရင် တက်ကြွေးတွေ ဆပ်မှာပါ။ တော်ကြာ ကြွေးရှင်တွေ ဆိပ်ကမ်းလေးရှေ.မှာ လာတန်းစီပြီး စောင့်နေမှ ဒုက္ခ။ ဟီးဟီး ပုဆိုးခေါင်းမြီးခြုံပြီး လုံအောင်ပုန်းနေတော့မယ် ဟေဟေ.။

Wednesday, November 12, 2008

ခွင့်စာ

အဟဲ ခွင့်စာဆိုလို့  ဇင်ယော်တစ်ယောက် ခွင့်ယူပြီး ဘာတွေ လျှောက်ရှုတ်ဦးမလို့ လဲ ထင်နေကြဦးမယ်။ တခြားမဟုတ်ပါဘူး စာမေးပွဲနတ်က မျက်လုံးကြီးပြူး လျှာကြီးထုတ်၊ လက်ထဲမှာလည်း နောက်တစ်ခေါက်ဆိုတဲ့ တင်းပုတ်ကြီးကိုင်လို့  လာပြီးခြောက်ပြနေလို့  တားတားလေး မောင်ဇင်ယော် ကြောက်လန့် ပြီး စာတွေကျက်ရပါတော့မယ်ခင်ဗျာ။ ဘလော့ရပ်ရွာထဲကို ခုရက်ပိုင်းအတွင်း အရင်လို လျှောက်ပြီးလမ်းမသလားနိုင်တော့တဲ့အကြောင်း၊ ပြီးတော့ အများသူငါ လူထုကို ဒုက္ခပေးတဲ့ ( လာဖတ်ရင် အချိန်ကုန်ပြီးမျက်လုံးညောင်းတာက လွဲလို့ ဘာမှကို အရည်လည်းမရ၊ အဖတ်လည်းမရ ဆရာဦးသုမောင်လေသံနဲ့ ပြောရရင် ကွမ်းစကားပေါ့ဗျာ ) ပို့ စ်လေးတွေလည်း လောလောဆယ် မတင်နိုင်သေးတဲ့အကြောင်း အများသူငါ ညီအစ်ကိုမောင်နှမတွေကို အကြောင်းကြားခွင့်တိုင်ပါတယ်ခင်ဗျ။

Saturday, November 8, 2008

ဘလော့ရပ်ရွာ သတင်းအဖြာဖြာ (၂)

HI EVERYBODY! SUCH A LOVELY & COLOURFUL DAY, I JUST WANNA ANNOUNCE THE BLOGGER'S RUMOURS OF THE DAY ( OPPS! ) SORRY ... DAILY NEWS OF THE BLOGGER SOCIETY. OK! LET'S START THE SHOW ..... AHHH ..SORRY AGAIN...CONFUSE WITH THE I.C SHOW. NOW LET'S START THE NEWS PROGRAM ...... OK!
( အဟဲ အင်တာနေရှင်နယ် သတင်းဌာနမှန်း သိအောင်လို့  ဘိုလိုနှုတ်ဆက်လိုက်တာ။ တစ်ကိုယ်တော် အင်တာတိန်းမန့်  ကထုတ်လွှင့်တဲ့ သတင်းအစီအစဉ်ကလည်း စီအန်အန်တို့ ၊ ဘီဘီစီတို့ လို ကမ္ဘာကျော်ဆိုတော့ ဂလိုနှုတ်ဆက်မှ တော်ကာ ကျတော့သကိုးဗျ။ )

ယမန်နေ့ က ပြတ်တောက်သွားခဲ့တဲ့ သတင်းအစီအစဉ်များကို ခပ်တည်တည်နဲ့  ဆက်လက်ထုတ်လွှင့် နေပါတယ်။ နားဆင် အဲ မှားလို့  ဖတ်ရှုတော်မူနိုင်ကြပါပြီခင်ဗျာ။...................................................................................................

သေနတ်ပြ၍ ခြိမ်းခြောက် အကြွေးတောင်းသွားခြင်း
ယမန်နေ့ က ဘီလျံနာ သူဌေးကြီးဦးဇင်ယော်အား သူ၏အကြွေးရှင်တစ်ဦးမှ ( သူဌေးလည်း ခေတ်မှီအောင်နေရတာပါ့။ ခေတ်မှီသူတိုင်း အကြွေးနှင့်မကင်းကြပါ။ မယုံလျှင် အကြွေးဝယ်ခွင့်ကတ်ပြားများ ဖောင်းပွနေသည်ကိုရှုလော့။ ) သေနတ်ကြီးပြ၍ ခြိမ်းခြောက် အကြွေး တောင်းသွားကြောင်း သိရပါတယ်။ အဆိုပါ အကြွေးရှင်မှာ ခပ်ဖြောင့်ဖြောင့် ကမ္ဘာကျော်ဟောလီးဝုဒ် မင်းသားကြီှးနှင့်ခပ်ဆင်ဆင်တူသူ ကိုကြီးအောင်ဆိုသူ ဖြစ်ကြောင်းသိရပါတယ်။ ( ဖားထားမှ မလွယ်ဘူး။ တက်ကြွေးလေးလည်း ရေးပါ့မယ်ဗျ ဒါပြီးရင် ခဏလေးတော့ စောင့်လက်စနဲ့  စောင့်လိုက်ပါနော် )။ သူ၏အေကေသေနတ်ကြီးကို တပြပြလုပ်ကာ လာဆော်လို့  ဆိပ်ကမ်းမှာ လိပ်မဖမ်းလိုက်ရပဲ ဖြစ်နေမယ်ဟု ခြိမ်းခြောက်သွားကြောင်း သိရပါတယ်။ ( ဘလော့ဂါ မောင်နှမအပေါင်းတို့  ကယ်တော်မူကြပါဗျို. )။ ယခုအချိန်တွင် အကြွေးမရ၍ ကြံရာမရဖြစ်ကာ လေးထောင့်တုံးများဖြင့် ဆလင်ဒါများ၊သက်တန့် များကို ရသေ့စိတ်ဖြေ၊ဖိုးသူတော်ကစား၊ မယ်သီလဆန်ရွေး ( ဟီး ဖောတာမျာသွားပြီ ) ဖန်တီးနေပါကြောင်း သတင်းရရှိပါသည်။

ကြေငြာ။ ။ကြက်ဥတစ်လုံး မျိုးစုံ အသုံးချနည်း
ယခုလို ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတဲ့ ခေတ်ကြီးထဲမှာ စားရေးသောက်ရေး အခက်မပွေးရလေအောင် ကြက်ဥတစ်လုံး မျိုးစုံ အသုံးချနည်းစာအုပ်ကို ဂျပန်နိုင်ငံမှ ဂျေကေရိုးလင်းကဲ့သို့  နံမည်ကြီးလှသော စာရေးဆရာမ MES ဘွဲ.ရ မယ်ဂုမိ ( Master of Egg Research ) မှ ရေးသားထုတ်ဝေလိုက်ပါတယ်။ သူမကိုယ်တိုင် လေ့လာထားသော အထူးပြုလုပ်ချက်များကို စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး ကံစမ်းမဲအဖြစ် သူမအင်မတန် ကြိုက်လှစွာသော ရေတစ်ပုလင်းနှင့်တကွ သူမနှင့်အတူ Tokyo Dome မှာ ရိုလာကိုစတာ စီးခွင့်ရရှိမှာ ဖြစ်ပါတယ်။ ( ဟေဟေ. မစီးဘူးငြင်းရင် အတင်းချုပ်ပြီး အပေါ်သာတင်ပေးလိုက်၊ ကိုယ်တိုင်လိုက်မစီးရင် နေပါစေ၊ မယ်ဂုစီးရင်ပြီးရော ဟီး )။

မီလျံနာကို အရှင်လတ်လတ် အမွေတောင်းကြသူများ
ဂျပန်နှိင်ငံမှ မီလျံနာသူဌေးကြီး ဒေါ်ဝါ၀ါခိုင်မင်းအား အလှူလုပ်သည့်သတင်းကို ကြားသိကာ သူမ၏ မောင်ဆိုးလေး ၃ယောက်မှ အရှင်လတ်လတ်ကြီး ရှိစဉ်မှာပင် အမွေလာတောင်းနေကြကြောင်း သိရှိရပါတယ်။ ကျွန်ုပ်တို့ ၏ အဝေးရောက် သတင်းထောက်ပေးပို့ သော သတင်းများအရ ထိုသူ ၃ ဦးမှာ ---- အမှတ်(၁) ဦးချင်တေ့အမည်ရ ဦးသီဟညိမ်း ( ချစ်သူကို လွမ်းလွန်း၍ ကြံရာမရ ဖြစ်ကာ သေချင်သေပါစေတော့ဟု ဓါတ်ဆီကို ဆားခတ်သောက်ရင်း အကြိုက်တွေ.သွားကြောင်း၊ ထို့ ကြောင့်ကမ္ဘာ.တလွှား ဆီဈေးနှုန်းများ တက်သည်မှာ ဒင်းလက်ချက်ဖြစ်ပါကြောင်း၊ အချစ်ကို ထိပ်ပေါ်တင်၍ ကိုးကွယ်ရုံအားမရပဲ ယခုအခါ သစ်ပင်ပေါ်သို့ တက်ချိတ်ရန် အကြံရှိကြောင်း )၊ အမှတ်(၂) ဦးအလှတရား ( ဘူတာရုံမှာ ဟိုကျဒီကျနဲ့ လူမကျတာ ကံကောင်းတဲ့သူ၊ မိုးထဲရေထဲ အတွဲချောင်းဖို့  သစ်ပင်နားမှာ ထိုင်ခုံဦးထားသူ၊ သူ၏အိမ်သို့ အလည်လာသူများအား မိုးမမိ မိစေရန်ကြံစည်၍ နေမကောင်းဖြစ်ပါက မိုးရေထိုးပေးရန် ကြံစည်နေကြောင်း သိရှိရ )( မှတ်ထား ကိုလူဝတဲ့ကွနော် )၊ အမှတ်(၃)ဦးလမင်း ( ဂျီးဒေါ်ညခင်း မနိုင်၍လက်မြှောက်ထားရသူ၊ ပေါ့ကျနှင့်ဂိတ်ဆုံးကို စိတ်နာနာနဲ့ လမ်းခွဲကာ နောက်ဆုံးတွင် အာလူးဗူးနဲ့ ဖြစ်သလို ညားရလေသူ ကိုလူပျင်း ငှင်းငှင်း ) တို့ ၃ဦးဖြစ်ကြောင်း ကြားသိရပါတယ်။ ထို့ ကြောင့် ဒေါ်ဝါ၀ါမှ ထိုသူ၃ဦးအား အမွေဖြတ်ရန် ရှေ.နေရှေ.ရပ်များနှင့်တိုင်ပင်နေပြီး ချမ်းသာသမျှ အားလုံးကို မောင်ငယ်ဖြစ်သူ ဦးဇင်ယော်အား လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ်။

ဘလော့ရပ်ရွာအတွင်း အချစ်အကြောင်းများ ဖောင်းပွနေမှု
ဘလော့ရပ်ရွာအတွင်းမှာ အချစ်အကြောင်းများ ဖောင်းပွနေမှုကြောင့် အရွယ်ဟုတ်တိပတ်တိ မရောက်သေးသူများပင် အချစ် အကြောင်းကို လက်တည့်စမ်းချင်နေကြောင်း ကြားသိရပါတယ်။ သတင်းအစုံအလင်မှာ ပျော်ရွှင်စရာ မိသားစုလေးမှ ( ဟုတ်ကဲ့ ယခင်က လက်ဝှေ.ပွဲ နပန်းပွဲများ ကြည့်ရှုလိုပါက အဲဒီအိမ်ကို ကျနော်သွားလည်ပြီး အတို့ အထောင်လုပ်ပေးတတ်ပါကြောင်း ) ကလေးလေး တစ်ယောက်လည်း အချစ်အကြောင်းကို သူမသိသလောက် ဟိုဟိုဒီဒီလျှောက်ခြစ်သွားသောကြောင့် အုပ်ထိမ်းသူများပူပန်နေရကြောင်း သိရှိရပါတယ်။ ဦးလေးဖြစ်သူ ကိုရင်နော်မှာ ဘီအီးသောက်ပြီး ဘီအမ်ဒဘလူ မောင်းကာ အိမ်စရိတ်ရှာနေရသလို မေမေခင်မှာလည်း
ကျူရှင်လခ၊အာစရိယပူဇော်ပွဲ၊တီချယ့်မွေးနေ့၊တယ်ရင်းမွေးနေ့၊လွယ်အိပ်အသစ်ဖိုးတို့ အတွက် ရှာဖွေနေရမှုတို့ ကြောင့် ဆုံးမချိန်မရ ဖြစ်နေရမှုတို့ ကြောင့် ယခုလို ဂျစ်ရခြင်း ဖြစ်ကြောင်း ၊ ယခုအခါ အားရပါးရ ဆိုဆုံးမရန် တုတ်ကောက်ခိုင်းသောအခါ ကလေးလေးမှာ တောင်ကြီးမီးပုံးပျံပွဲ သွားလည်နေသောကြောင့် လက်မှိုင်ကျ၍ ထိုင်နေရကြောင်း ကြားသိရပါတယ်။

ပင်လယ်၏ အညှို.ခံရမှုကြောင့် ကောင်မလေးတစ်ယောက် နှင်းဆီဖြူပန်၍ ထကနေခြင်း
ရူးပေါဂိုဏ်း၏ အသင်းသားချုပ်ဖြစ်သူ ခေါင်ခေါင်ဆိုသူ ကောင်မလေးတစ်ဦးမှာ ညနေခင်းမှာ ပင်လယ်ကမ်းစပ်သို့ သွားရင်း လမင်းကို ငေးကြည့်မိရာမှ သွက်သွက်ခါအောင် ဘာဖြစ်မှန်းမသိ ဖြစ်သွားရကြောင်းကြားသိရပါတယ်။ ယခုအခါ ဆေးဆရာ စနေသားမှ ပင်လယ် ကမ်းစပ်နှင့် ဝေးရာသို့  ရှောင်ရှားခိုင်းထားပြီး နှင်းဆီဖြူတစ်ပွင့် ဆေးဖော်ရန်ပေးထားရာ ဘာလုပ်ရမှန်းမသိဖြစ်နေသဖြင့် ခေါင်းမှာပန်၍ ကွေးနေအောင် ထကနေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

လက်ရှိ၂၁ရာစုသမိုင်းပညာရှင်တစ်ဦး ရုပ်ရှင်ရိုက်ကူးတော့မည်
၂၁ရာစု သမိုင်းပညာရှင် ကိုဖားကြီး ( သရေခေတ္တရာမြို.ဟောင်းအား အထူးတွေ.ရှိချက်ဖြင့် ကမ္ဘာကျော်လာသူ ) ဆိုသူမှာ ဟောလီးဝုဒ်မှ ဒါရိုက်တာကြီး စတီဗင်စပီးဘတ်ခ်ရိုက်ကူးမည့် ပုဂံခေတ်မှ အိုဂွက်ထော် ရုပ်ရှင်ဇာတ်ကားကြီးတွင် အရည်းကြီးနေရာမှ ပါဝင် သရုပ်ဆောင်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။ အဆိုပါ ကိုဖားကြီးဆိုသူသည် Suicide လုပ်ခြင်း တည်းဟူသော လေ့လာတွေ.ရှိချက်အသစ်ကို စာတမ်းတင်၍ ရေးသားပြီးသကာလ ဘုရင်အလက်ဇန္ဒား၏ ဂေးတစ်ယောက်ရဲ့ချစ်ခြင်းအကြောင်းကို ဆက်လက်၍ သုတေသနပြုလုပ်ရန်ရှိကြောင်း၊ ထိုသို့ သော အကြောင်းခြင်းရာများကြောင့် သူ၏ယောက္ခမမှ သူ၏ဓါတ်ပုံအား သားရေကွင်းဒိုးကြီးဖြင့် အညှိုးတကြီး ဆော်ပလော်တီးနေကြောင်းများလည်း ကြားသိခဲ့ရပါသည်။

ကြော်ငြာ။ ။Deramအထွေထွေအကျိုးဆောင်လုပ်ငန်း
ဟောဒီမှာ ဆူပူလွန်းတဲ့ အလုပ်ရှင်သူဌေးကြောင့် စိတ်ဆင်းရဲနေပါသလား။ အဆင်ပြေရုံမက အလုပ်ပါပြုတ်စေရမယ်။ ကိုယ်ချင်းမစာ တတ်တဲ့ အိမ်ထောင်ရှင်ယောက်ျားကြောင့် စိတ်ညစ်နေရပါသလား။ အကြံဥာဏ်ကောင်းများပေး၍ အမျိုးသားအား ကိုယ်ဝန်ဆောင်ခိုင်း ပါစေ့မယ်။ သင့်ကံကြမ္မာကို သိရှိလိုပါသလား ကိန်းဂဏန်းများသုံးကာ ဖောရွှီးပညာဖြင့် အတတ်ဟောပေးပါမယ်။ ဟောဒီက ရှာရာပိုဗါ ဒရင်း ရဲ့ အထွေထွေအကျိုးဆောင်လုပ်ငန်းမှ ကူညီပါရစေ။ (မှတ်ချက် ခမည်းခမက်တော်ချင်သူများ စိတ်ဝင်စားပါက ချက်ချင်း ဆက်သွယ်နိုင်ပါသည်။ ) ( ဦးရီးတော်ကို ဦးဂျင်ရော်ခေါ်လိုက်၊ လူဂျိုဂျီးဆိုပြီးလာစလိုက်၊ ဂေါ်လီရော်ခိုင်းလိုက်နဲ့  ဟေဟေ. မှတ်ပြီလား )

ဘီဘီဆိုသည်မှာ အရက်မဟုတ်ပါကြောင်း ကြားသိရ။
ကြုံရာဆုံရာတွင် အဆင်ပြေသလို မချောနှစ်ယောက်ကိုယ်တစ်ယောက် တွဲခုတ်တတ်သော ကိုမိုးသောက်ဆိုသူ စာရေးဆရာ ( သူ့ ရဲ့ ပန်းချစ်သူ ဇာတ်လမ်းက အတော်ပေါက်တယ်ဆိုပဲ ဆေးလိပ်မီးတဖွားဖွားနဲ့ လေ ) ဆိုသူတစ်ဦးမှာ ကိုးနတ်ရှင်ကို အကြောင်းပြကာ ခွင့်တင်၍ လစ်ချင်တိုင်းလျှောက်လစ်ပြီး၍ ကြုံရာသောက်မိကာမှ လူမိသွားလေသောကြောင့် ဘီဘီဆိုသည်မှာ ကြက်ကင်နဲ့ တွဲသောက်တဲ့ အချိုရည်တစ်မျိုး ဖြစ်ကြောင်း၊ နည်းနည်းလေး ဝေတေတေ ဖြစ်တာပဲရှိကြောင်း အတင်းကာရော ဖြေရှင်းချက် ထုတ်ပြန်နေရကြောင်း ကြားသိရပါသည်။ ( မသိတဲ့လူတွေပဲ ရောချပါ ကိုရင်ရယ် နာတိတယ်ကွ )။

မွေးနေ့ ပွဲတွင် လာသူများ အထိတ်တလန့် ဖြစ်ရခြင်း
အသက်၂၄နှစ်ပြည့် မွေးနေ့ ပွဲတွင် ကြံကြံဖန်ဖန် တောက်တဲ့ကင်၊ ကင်းမြီးကောက်နဲ့မိကျောင်းတို့ ကို အကောင်လိုက် တည်ခင်းဧည့်ခံ ခဲ့သော မီးလေးဇာဆိုသူ ( လင်ဗန်းပေါ်မတင်တော့ပဲ online တင်၍ one get one free စနစ်ဖြင့် ရောင်းချတော့မည် ကြိုတင်စာရင်း ပေးရန် ဦးဇင်ယော်ထံတွင် ဖောင်များကို တစ်စောင် 10$ ဖြင့် အကန့် အသတ်မရှိ ၀ယ်ယူနိုင်ပါကြောင်း ) ၏ စတန့် ထွင်မှုကြောင့် မွေးနေ့ ပွဲလာသူများ အထိတ်ထိတ်အလန့် လန့် ဖြစ်ရကြောင်း၊ သို့ ရာတွင် မွေးနေ့ လက်ဆောင်များ အဆမတန်ရရှိမှုကြောင့် ပျော်မဆုံး တပြုံးပြုံးဖြစ်နေကြောင်း ကြားသိရပါသည်။

( အင်း နာလည်း မြန်မာလို၊ တရုတ်လို၊ ဘိုလို၊ ကုလားလို၊ ကမ္ဘာပေါ်ရှိရှိသမျှ ပြက္ခဒိန်တွေထဲက တရက်ရက်နဲ့ ကိုက်တဲ့ မွေးနေ့ ပွဲတော့ လုပ်ဦးမှပါ အများအမြင်မှာ ခေတ်မှီအောင်ပေါ့ အမှန်တော့ လက်ဆောင်တွေ လိုချင်တာပါ ခုချိန်ထိ ဘယ်သူကမှ အလိုက်တသိ လက်ဆောင် မပေးကြသေးဘူး ငိုချင်လာပြီ အီး ရွှတ် )

ကဗျာဆရာတစ်ဦး ဒုက္ခရောက်ပုံ
ကဗျာအရေးကောင်းသူ ကဗျာဆရာ ပဲခပ်များများ မောင်ခင်လေးခေါ်ပလုတ်တုတ်တစ်ယောက် စာအပုံကြီးပိနေသည့်အတွက် ကရိန်းကား ငှား၍မနည်းဆွဲထုတ်ရကြောင်း၊ ထိုသို့ သော အကြောင်းများကြောင့် နဲနဲထိသွားသည်ဟုထင်မိပါကြောင်း၊ ယခုအခါ
အလွမ်းရဲ့ရေယဉ်ကြောမှာ ဒီကောင်ပျော်မောနေတတ်ပြီဟူသော ကဗျာတစ်ပုဒ်ကို တေးလုပ်၍ သီဆိုကခုန်နေသည်ဟု ကြားသိရပါသည်။

AD2500 မှ တွေးခေါ်ပညာရှင်တစ်ဦး၏ ခေါင်းခြောက်နေခြင်း
ဘလော့ရပ်ရွာနေရာတကာတွင် နံမည်ကြီးသော တွေးခေါ်ပညာရှင် ခေတ်သစ်မင်းနန္ဒာခေါ် မောင်မောင်အိမ်မက်မဲ တစ်ယောက် ဈေးကွက်စီးပွားရေးကို အမှန်အကန်လုပ်ဆောင်နေရာ ယခုအခါ ဒုက္ခရောက်နေကြောင်းကြားသိရပါသည်။ အကြောင်းမှာ သူ၏ စီးပွားရေးလုပ်ငန်းမှ ထုတ်လုပ်သော ပစ္စည်းအချို့ ကို ရှောင်တခင် စစ်ဆေးကြည့်ရာ ဈေးကွက်တွင်းမှ လေသန့် ဘူးများတွင် လေညှိတစ်ချို့ ပါဝင်နေသည်ကို တွေ.ရှိရခြင်း၊ အပိုဦးနှောက်များအတွင်း၌ အရည်အသွေး မပြည့်မှီသော ဦးနှောက်များကို ထည့်သွင်း ရောင်းချနေခြင်း၊ ကမ္ဘာ.ရွာကြီးအား ကမ္ဘာ.အိမ်သာကြီး ( ယင်း၏အဆိုအမိန့် အရ အချစ်ဆိုသည်မှာ ယင်လုံအိမ်သာ တစ်ခုသာ ဖြစ်ကြောင်း၊ ထို့ ကြောင့် ကမ္ဘာတစ်ခုလုံး အချစ်များဖြင့် ဖုံးလွှမ်းစေရန် ကြံစည်ရခြင်းဖြစ်ကြောင်း ကြားသိရပါသည် ) အဖြစ်ပြောင်းလဲရန် ၎င်း၏စီမံချက်မှာ ယခုအခါတွင် ဘတ်ဂျက်ပြတ်လတ်နေခြင်းကြောင့် ရပ်နားထားလိုက်ရခြင်း စသည်တို့ ကြောင့် မောင်မောင် အိမ်မက်မဲတစ်ယောက် ခေါင်းခြောက်နေကြောင်း ကြားသိရပါသည်။ နောက်ဆုံးသတင်းအရ ယခုအခါ ကွက်လပ်ဖြည့်ပါဆိုသော ခေါင်းစဉ်အောက်မှ အပေါက်ပေါင်းများစွာ ပါဝင်သော ဘ၀ဆိုသည့် မေးခွန်းတစ်ပုဒ်အား ဖြေဆိုရန် ကြိုးပမ်းနေရင်း ပေါက်မြောက် သွားကြောင်း သတင်းရရှိပါသည်။

ကြော်ငြာ။ ။ကိုယ်ဟန်ပြမောင်တစ်ဦးအလိုရှိသည်
ဓါတ်ပုံအရိုက်ကောင်းသူ Apprenticeship ( ဂရိနှင့်အမေရိကန်တို့ ၏ ခေါင်းညိမ့်ခြင်းနှင့်ခေါင်းခါခြင်းမတူညီရပုံကို ကိုယ်တိုင်သုတေသန
ပြုလုပ်နေသူ ) မှ သက်မဲ့ရှုခင်းများ သစ်ရွက်များအစား သက်ရှိများဖြင့် အသက်ဝင်အောင် ( အသက်မ၀င်ရင်လည်း ငှဲငှဲ ရေခဲတိုက်ထဲပဲ သွားရိုက်ရမလိုလို ) ရိုက်ကူးလိုသောကြောင့် ဓါတ်ပုံအရိုက်ခံရန် ကိုယ်ဟန်ပြမောင်တစ်ဦးအလိုရှိပါသည်။ အရည်အချင်းသတ်မှတ်ချက် = ရုပ်ရည်း တစ်ခါတွေ.ဖူးလျှင် တစ်သက်လုံး သရဲမကြောက်တော့အောင် ချောမောသူ၊ အရပ်း တခြားသူများ မော်မကြည့်ဝံ့သူ၊ အသက်း နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ သတ်မှတ်ချက်အတိုင်း၊ ကိုယ်ခန္ဓာအချိုးအစားး အီသီယိုးပီးယားနှင့်ဆူဒန်တို့ မှ မောင်ဘွဲ.ရသူနီးနီး နံရိုးကိုင်းကန်နေသူဖြစ်လျှင် ပို၍ဦးစားပေးမည်။ ( လျှောက်လွှာများကို တကိုယ်တော်အင်တာတိန်းမန့် ဂရုပ်တွင် လာရောက်ဝယ်ယူနိုင်ပါသည် တစ်စောင် 10$ )

ကောင်လေးများ ကြောက်ကြတဲ့ အပျိုကြီးတစ်ယောက်အကြောင်း
ဘလော့ရပ်ရွာထဲက စာရေးအရမ်းကောင်းတယ်လို့  နံမည်ကြီးနေတဲ့ ( ကောင်းမကောင်းတော့ သိဘူး။ သူမရဲ့ ပို့ စ်တွေကတော့ သူမ မသိပဲ အကူးခံရလိုက်၊ ဖော်ဝဒ်မေးတွေထဲမှာ ရေးသူအမည်မပါပဲ ပလူပျံနေလိုက်နဲ့  ) ရွှေပြည်သူ ဆိုတဲ့ အစ်မကြီးတစ်ယောက် လက်ရှိဘ၀ကို ပြောင်းလဲဖို့  မလွယ်ကူတော့ကြောင်း ကြားသိရပါတယ်။ သူမဟာ သိုးတစ်ကောင်ရဲ့ နှလုံးသားကို ဖြစ်သလို ချက်စားလိုက် တာကြောင့် ကောင်လေးများက သူတို့ ၏ သိုးကဲ့သို့ နူးညံ့သိမ်မွေ.လှသော နှလုံးသားကို ဖြစ်သလို ချက်စားမည်ကို စိုးရိမ်သော ကြောင့်၎င်း၊ ထို့ အပြင် သူမတွေ.ရှိခဲ့သော လျှို.၀ှက်ချက်တစ်ခုအရ ယခုအခါ ခြောက်လုံးပြူးသေနတ်ကို ခါးချိတ်၍ ဒါပထမဆုံး အကြိမ်နော်ဟု မကြာခဏပြောတတ်သောကြောင့်၎င်း ပို၍ပို၍ကြောက်နေကြပါကြောင်း သတင်းရရှိပါသည်။

ဘလော့ဂါများ အတွက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်
ရူးပေါဂိုဏ်းမှ အကောင်ကြီးကြီးရာထူးတစ်ခု ရထားသူ ခပ်ပိန်းပိန်းကောင်လေး မောင်ဂျဲဂျယ်၏ Western Hub ဆိုင်တွင် ( လိပ်စာ အတိအကျ မပြောတော့ဘူး။ တော်ကြာ ကိုဇင်ယော် အချွန်နဲ့ မတယ် ဖြစ်မှာစိုးလို့  ) ဘလော့ဂါ ဖြစ်ကြောင်း သက်သေအထောက်အထား အတိအကျ ပြသနိုင်ပါက ၀ယ်ယူထားသော ပစ္စည်းများကို သူများထက်ထူး၍ အထူးဈေးနှုန်းနှစ်ဆဖြင့် ( ရူးပေါဂိုဏ်းဝင်များကို ၃ဆမှ ၅ဆအထိ ) ရောင်းချပေးမည်ဟု ကြားသိရပါသည်။ လက်ရှိကြားသိရသော သတင်းများအရ ယင်းကဲ့သို့  ရောင်းချရခြင်းမှာ နောက်ဘ၀တွင်သုံးရန် စုဆောင်းနေခြင်းဖြစ်ကြောင်း၊ နတ်ဆိုးတစ်ကောင်၏ ကျီစယ်မှုကြောင့် ယခုအခါ လူမှန်းသူမှန်း မသိအောင် အားရပါးရ ပျော်နေပါကြောင်း၊ လောလောဆယ်တွင် ကောင်မလေးနှစ်ယောက်ကြား ဗျာများနေပြီး ဘယ်သူ့ ကို လက်တွဲရမှန်း မသိနိုင် လောက်အောင် အလုပ်ရှုတ်နေပါကြောင်း ( အခုမှ တကယ်မတာ အဟဲ ခက်ရင်းခွနဲ့  ) အဝေးရောက် သတင်းထောက်ထံမှ ကြားသိ ရပါသည်။

ဖလပ်.....ရွှီ
( မီးပြတ်သွားပါပြီ။ ဘယ်အချိန် ပြန်လာမယ် မသိရသေးပါ။ လာရင်လာသည်ဟု မှတ်ပြီး မလာသေးပါကလည်း မလာပါဟု မှတ်ပါလေ။ )

( အဟဲ နံမည်တွေ ခွင့်မတောင်းပဲ ယူသုံးမိတဲ့၊ ပျော်ရွှင်စွာ စနောက်ခံခဲ့ကြရတဲ့ ချစ်ခင်ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်ဗျာ။ အားလုံးပျော်ရွှင်စေလိုသော ဆန္ဒမှတပါး တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေလိုသော စိတ်ကူး လုံးဝလုံးဝ မပါရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျား။ ညီအစ်ကိုမောင်နှမအားလုံး ပြုံးပျော်ရယ်မောနိုင်ကြပါစေ :P )

Tuesday, November 4, 2008

ဘလော့ရပ်ရွာ သတင်းအဖြာဖြာ

ကျန်းခံသာလို့  မာတော်မူပါစခင်ဗျာ။ ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၀ တန်ဆောင်မုန်းလဆန်း ၇ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၈ နိုဝင်ဘာလ ၄ရက် ဘလော့ရပ်ရွာ အတင်းအဖြာဖြာ အဲ မှားလို့  သတင်းအဖြာဖြာများကို စတင်ကြေငြာပါတော့မယ်။ ကျနော်များ သတင်းအစီအစဉ်ကို ရေဒီယို အထူးလှိုင်းတို ၀၅(ည) လှိုင်းလတ် ၃၉၂ လှိုင်းရှည် ၄၂၀ တို့ မှ ဖမ်းယူနားဆင်နိုင်ပါတယ်။ ဆက်သွယ်မှုဧရိယာ ပြင်ပဖြစ်သော မီးဖိုချောင်တွင်းမှ၎င်း၊ အိမ်သာတွင်းမှ၎င်း၊ ရေချိုးခန်းတွင်းမှ၎င်း ဖမ်းယူနားဆင်၍ မရနိုင်ပါ။ ဒါ့အပြင် ဆက်သွယ်ရေး ဂြိုဟ်တု ဘာညာဘာညာစတား ၀၀ - ဖင်ခေါင်းစတား ၀၁၊ သုည၀လုံးဘဲဥ ဒီဂရီ အ၀ီစိဘက်ခြမ်း ၊ ညွှန်းရပ် horizontal လိုလို vertical လိုလို ခပ်စောင်းစောင်း၊ ၁၀၉၊၁၁၀ မီဂါဟတ်ဇ်၊ တို့ မှ ၂၄နာရီလုံးလုံး ( ပြတ်ချင်လည်းပြတ်မည်၊ ကောင်းချင်လည်းကောင်းမည် ) ဖမ်းယူကြည့်ရှုပါတယ်ခင်ဗျာ။ သေချာပေါက်ရရှိနိုင်သော Receiver များအဖြစ် IE ကို အသုံးပြု၍၄င်း၊ FireFox ကို အသုံးပြု၍၄င်း တကိုယ်တော် အင်တာတိန်းမန့် ဂရုပ်၏ ရုပ်မမြင်သံမကြားအစီအစဉ်များကို အစီအစဉ်များကို ဖမ်းယူ ကြည့်ရှုနိုင်ကြပါတယ်။

သတင်းအစုံအလင်မှာ...................................................................................................................

အများပိုင်ကုမ္ပဏ္ဏီတစ်ခု ဖွဲ.စည်းတည်ထောင်ခြင်း
ယနေ့ နောက်ဆုံးရ သတင်းများအရ ဇင်ယော် အထွေထွေလုပ်ငန်းစု ရောင်းဝယ်ချေးငှားရေး ကုမ္ပဏ္ဏီလိမီတက်ကို ဖွဲ.စည်းတည်ထောင် လိုက်သည်ဟု ကြားသိရပါသည်။ အဆိုပါ ကုမ္ပဏ္ဏီသည် မူလက ဘီလျံနာကြီး ဦးဇင်ယော်ပိုင်ဆိုင်ပြီး ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အခြားစီးပွားရေးလုပ်ငန်းများ တိုးချဲ.နေသောကြောင့် သူ၏မိတ်ဆွေအပေါင်းအသင်း ညီအစ်ကိုမောင်နှစ်မများလည်း စီးပွားဖြစ်စေချင်းငှာ အများပိုင်ကုမ္ပဏ္ဏီအဖြစ် ပြောင်းလဲဖွဲ.စည်းခဲ့ကြောင်း၊ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် စိတ်ပါဝင်စားသူအပေါင်းအား လက်ခံကြိုဆို ပါကြောင်း၊ စိတ်ပါဝင်စားလျှင် သူ၏ဘဏ့်အကောင့်သို့  ချက်ချင်းခဏမဆိုင်းတွပဲ ရှယ်ယာများထည့်ဝင်ကြစေလိုကြောင်း၊ ယခုအခါ အာရှစတော့ရှယ်ယာ ဈေးကွက်တွင် ၄င်း၏ရှယ်ယာများမှာ ထိပ်ဆုံးသို့  ရှောက်ရှိနေသဖြင့် သိကြားမင်းဦးမာဃပင် သူနေထိုင်ရာ
မြကျောက်ဖြာကြီးနှင့် မလွတ်မည်စိုးသဖြင့် နေရာပြောင်းတော့မည်ဟု ကြားသိရကြောင်း ကျွန်ုပ်တို့ ၏ အဝေးရောက် သတင်းထောက် ထံမှ ကြားသိရပါသည်။

ကိုရွာသားခရီးသွားနေသည် ဒီဗီဒီခွေ ဖြန့် ချီတော့မည်
အကယ်ဒမီလွင်မိုးကဲ့သို့  ခပ်ချောချော ရုပ်ဖြောင့်ဖြောင့် ( ထင်ရတာပဲ ) ကိုရွာသားလေး( ဒေါ်ရင်ဝိုင်းမူကြို ) ဆိုသော ခရီးသွားရင်း မှတ်တမ်းတင်ဝါသနာပါသူတစ်ဦး၏ ကိုရွာသားခရီးသွားနေသည် ဒီဗီဒီခွေများကို KOM ရုပ်ရှင်ဗီဒီယိုဖြန့် ချီရေးမှ ထုတ်လုပ်ဖြန့် ချီ တော့မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။ သူ၏ဒေါ်လေးဖြစ်သူ ဥရောပမှာ နေထိုင်သော စေတနာကောင်း၍ စားစရာတွေ အများကြီး ချက်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ အုပ်ထားတတ်တဲ့ ဒေါ်လေးအယ်ဇီကို ဂျီကျလို့  ဟိုကရှိစုမဲ့စုလေးများရောင်းကာ ငွေရင်းစိုက်ထုတ်၍ ရိုက်ပေးလိုက်ရကြောင်းသိရပါသည်။ ယင်းဒီဗီဒီအခွေများကို ၃ခွေနှင့်အထက်မှာယူပါက ဖြန့် ချီရေးပိုင်ရှင် မခင်ဦးမေကိုယ်တိုင် သူ၏သီတင်းကျွတ်ကန်တော့ခံရထားသော ကားသစ်ကြီးကို မောင်းကာ ( ဃ လိုင်စင်ရှိ၍ အချဉ်မဟုတ်ပါ ) အိမ်တိုင်ရာရောက် လိုက်လံပို့ ဆောင်မည်ဟု သိရှိရပါသည်။ ထို့ အပြင် ရိုက်ချက်များကို ဆန်းသစ်စေရန် အထူးအောင်မြင်နေသော စူပါ ဒါရိုက်တာမောင်မျိုး ( ရေတွင်းပျက် ) မှ အထူးရိုက်ကူးကာ ဇတ်လမ်းအကြံပေးမှာ အတွေးအခေါ်ကောင်းများဖြင့် နံမည်ကြီးပြီးရင်းကြီးနေသော သရုပ်ပြ အမွှန်းတင် ကိုလစ်ကြီးဖြစ်ကြောင်း သိရှိရပါသည်။ ( ပရိုမိုးရှင်းကို ယခုလာမည့် ရာဟုနေ့ တွင် အော်ချဒ်ရှိ စတားဘတ် ကော်ဖီဆိုင်၌ ပြုလုပ်မည် ဖြစ်ပြီး ကိုရွာသားကိုယ်တိုင် လက်မှတ်ထိုးပေးမည်ဟု သိရှိရပါသည်။ ) ရုပ်မမြင်သံမကြားအစီအစဉ်တွင် ထုတ်လွှင့်ရန် ကြေငြာများကို ဒါရိုက်တာ မောင်မျိုးမှ ၎င်းကိုယ်တိုင် ဒေါ်ဂွက်ထော်၊ ဂွမ်းပုံ၊ ဂွက်၂၊ ပွင့် စသည့် သရုပ်ဆောင်များနှင့်အတူ ကိုလစ်ကြီးနှင့်တကွ ပါဝင်ရိုက်ကူး သရုပ်ဆောင်ထားကြောင်း သိရှိရပါသည်။

အဟမ်း ကြုံတုန်းကြေငြာဝင်ပါပြီ။ ( မြ၀တီတို့  ၅မူဗီတို့ လိုပေါ့ဗျာ ) အိမ်ထောင်မရှိသေးသူ အပျိုကြီးများ ၀မ်းမြောက်ဖွယ် သတင်းကောင်း............... ( ကိုရွာသားလေး လက်မလည်အောင် လက်မှတ်ထိုး ပေးနေရချိန်တွင် လက်ထပ်စာချုပ်တစ်ခု အမြန်ဆုံးဝယ်ယူကာ ရောရောင်၍ လက်မှတ်ထိုးခိုင်းပါလေ။ သေချာမကြည့်ပဲ လက်မှတ်ထိုး လိုက်ပါက ပွပြီဟု သဘောထားပါ။ ဒန်တန်တန့်  )

ဂျပန်နိုင်ငံတွင် ပြုလုပ်မည့်လေလံပွဲ
ဂျပန်နိုင်ငံတွင် နေထိုင်သော အင်မတန် လူချစ်လူခင်ပေါများသော မ၀ါဝါခိုင်မင်း ဆိုသူ မီလျံနာကြီးတစ်ဦးမှ သူမ၏မွေးနေ့ ပွဲတွင်ရရှိထားသည့် အလွန်တရာမှ များပြားလှစွာသော လက်ဆောင်ပစ္စည်းများကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် အလို့ ငှာလေလံတင် ရောင်းချ၍ ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပမည်ဟု သိရှိရပါသည်။ ထို့ အပြင် နောင်တွင်လည်း မင်္ဂလာရွှေ၊ငွေ၊စိန်ရတုပွဲများ ကျင်းပ၍ ထပ်မံပြီး ရန်ပုံငွေ ရှာဖွေပေးမည်ဟု သိရှိရကြောင်း၊ ထို့ အပြင် သူ၏မောင်ငယ်ဖြစ်သူ ဦးဇင်ယော် ကန်တော့ထားသော ကားသစ်ကြီးကိုလည်း လှူဒါန်းတော့မည် ဖြစ်ကြောင်း၊ ထို့ အတွက်ကြောင့် လူမှုရေးလုပ်ငန်းများအတွက် စေတနာထား ဝေမျှတတ်သူ ကိုအောင်ဦး နှင့် စင်ကာပူနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်ရင်း မကြာမီကမှ ရာထူးတက်သွားခဲ့သူ ကိုဂျူလိုင် ( ဘာမှလည်း မစားရသေးပါ ခင်ဗျား ) တို့ မှ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

မော်လီးဝုဒ်မှ နံမည်ကြီး ဒါရိုက်တာတစ်ဦး အော်တယ်ဗျာ ( အော်စကာ မဟုတ် ) ကြေးကမ္ဘာလုံးဆုကြီး ရရှိသွားခြင်း
မော်လီးဝုဒ်မှ နံမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်သူ မောင်ခန့် ( စင်ကာပူရ ) သည် သူ၏ နှင်းဆီရင်ခုန်သံ ဇာတ်လမ်းတွဲ ရုပ်ရှင်ကားဖြင့် အော်တယ်ဗျာ ကြေးကမ္ဘာလုံးဆုကြီးကို ( ရွှေဈေးတက်နေလို့  ကြေးပဲပေးရတာပါ ) ဆွတ်ခူးရရှိသွားပါသည်။ အဆိုပါ ရုပ်ရှင်ကား များတွင် သူကိုယ်တိုင်လည်း ပုံမကျပန်းမကျ ပါဝင်သရုပ်ဆောင်ထားကြောင်း၊ အခြား နံမည်ကြီး သရုပ်ဆောင်များကိုလည်း ထည့်သွင်းရီုက်ကူးထားသည်ဟု သိရှိရပါသည်။ (သို့ သော် ယခုချိန်ထိ သရုပ်ဆောင်ခများ မပေးနိုင်သေးကြောင်းလည်း သီရှိရပါသည်)သတင်းအရ ပါဝင်သရုပ်ဆောင်ထားသူများမှာ နံမည်ကြီး ( ကိုကြီးပန် ) အမည်ရ ပေါင်မုန့် ဆိုင်ပိုင်ရှင် ဓါတ်ရှင်မင်းသမီးချော ရွှန်းမီမီ ( စိတ်မဆိုးနဲ့  ညီမရေ ခေတ်မှီအောင် တစ်လုံးတိုးပေးထားတာဗျ )၊ KOM ရုပ်ရှင်ဗီဒီယိုဖြန့် ချီရေးပိုင်ရှင် ဓါတ်ရှင်မင်းသမီး အကယ်ဒမီ အထပ်များစွာကွမ်း အမ်းမား ( မသိရင် ကိုရီးယားမင်းသမီးလိုလိုပဲ )၊ ဂျပန်စကားကို ထမင်းစားရေသောက်မက အချိုတည်းလက်ဖက်စား အထိ တံတွေးစင်အောင် ကျွမ်းကျင်စွာ ပြောတတ်သော မင်းသမီးချော အပျိုကြီး သက်တန့် ရောင်စဉ် ( ဟဲဟဲ မသိရင်တော့ နန္ဒာလှိုင်နဲ့  ဆင်သလိုလိုပဲ သိရင်တော့ လုံးဝမတူပါကြောင်း )၊ ပါးစပ်က ညလေးကို တပြားမှမချပဲ လာသမျှ လဒမလေးများအား အပြတ်ငမ်းကာ ကြွက်ကပ်ဆေးကြေငြာဖြင့် နံမည်ကြီးနေသော စူပါမင်းသားချောလေး မောင်မောင်ပိကျိ၊ ၁၀၁ကြိမ်မြောက် လူထုအား ဒုက္ခပေးခြင်း ဇာတ်ကားဖြင့် နံမည်တအားကြီးလှသော ပရိတ်သတ်အပေါင်းက လွန်စွာချစ်ခင်ကြသဖြင့် ပျောက်နေချိန်တွင်ပင် တသသ တမ်းတနေ ကြရသော စူပါ့စူပါ မင်းသမီးချောလေး 6060 အဲမှားလို့  ဝေေ၀လေး၊ တရုတ်သိုင်းကားများမှ မင်းသမီးကဲသို့  လေပေါ်ဝဲကာ ခုန်ပျံပြီး နံရံပေါ်ခြေရာထင်အောင် ကန်ကျောက်တတ်သူ အမုန်းဆိုတာ ကစားနည်းတမျိုးလား ဇာတ်ကားဖြင့် နံမည်ရလာသူ မင်းသမီးချော ပန်းခင်းလေးတို့ ပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် အဲဒီဇာတ်ကားမှာ ဘီလျံနာကြီး ဦးဇင်ယော်နဲ့  သူ၏ဘော်ဒီဂတ်ဖြစ်သူ ဂျက်ကီမျိုးတို့ အကြောင်းကိုလည်း ဇာတ်ဝင်ခန်းအဖြစ် ထည့်သွင်းရိုက်ကူးထားကြောင်းလည်း သိရှိရပါတယ်။

( ကြုံတုန်းကြေငြာ ၀င်ပါဦးမယ်။ ဘီလျံနာကြီး ဦးဇင်ယော်ရဲ့ အောင်မြင်မှုကို မလိုတမာသူတွေက သူ၏ဆီပုံးတွင် ပေါက်ကရများ လာရောက်ရေးသားခြင်းဖြင့် နှောက်ယှက်လျှက်ရှိကြရာ သူ၏ဘော်ဒီဂတ် ဂျက်ကီမျိုးနှင့် ညီအစ်ကိုမောင်နှမများမှ ၀ိုင်းဝန်းကာကွယ် ပေးကြသည့်အပြင် Reader's Digest ( ဘလော့တွေဖတ်လွန်းလို့  ဒီဘွဲ.ရသွားတာ ဖြစ်ပါကြောင်း ) ဘွဲ.ရ ( ၀င်းဒိုး၂ခုတပြိုင်တည်း ဖွင့်ကာ ခပ်တည်တည်မှင်သေသေဖြင့် read တတ်သော ) စင်ဒန်းလားဆိုသည့် ခပ်ချောချောအစ်မကြီးဦးစီးသည့် Security Company မှ မေတ္တာစေတနာဖြင့် အခကြေးငွေ တစ်ပြားမှမယူပဲ စောင့်ရှောက်ပေးလျှက်ရှိပါကြောင်း၊ အကူအညီလိုသည့်သူများ ငှားရမ်းပါကလည်း အထူးလေ့ကျင့်ထားသော Security Officer များမှ လိုက်လံစောင့်ရှောက်ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်ခင်ဗျား။)

တရားမ၀င် ဆက်တယ်လိုက်များမှလာသော တီဗီအစီအစဉ်များ နှိပ်စက်မှု
တရားမ၀င် ဆက်တယ်လိုက်များမှလာသော တီဗီအစီအစဉ်များသည် လူထုကို ကောင်းကျိုးမပြုပဲ ဒုက္ခပေးလျှက်ရှိကြောင်းသိရှိရပါသည်။ ယနေ့ ရရှိသော သတင်းများအရ မြန်မာနိုင်ငံမှ ဥယျာဉ်စိုက်စားသူ ဥယျာဉ်မှူးတစ်ဦးသည် နောင်နှစ်တွင် မင်္ဂလာဆောင်ရန် စုဆောင်းထားသည့် ငွေများကို ဆက်တယ်လိုက်မှလာသော ဘောလုံးပွဲများကို ကြည့်၍လောင်းကစား လိုက်သောကြောင့် တက်တက်ပြောင်သွားပြီဟု သတင်းရရှိပါသည်။ ထို့ ကြောင့် မဟေသီဒေ၀ီထိပ်ထား အလောင်းအလျာမှ မသေမချင်း သားရေကွင်းဖြင့် ပစ်သတ်စေရန် အမိန့် တော်ချမှတ်လိုက်ကြောင်း ကြားသိရပါသည်။
ထို့ အပြင် ကိုရီးယားဇာတ်ကားများကို ကြည့်ရှုပြီး အားကျမိသူ မိန်းကလေးတစ်ဦးမှာ ( အလွမ်းပြေလို့  ခင်တဲ့သူတွေက ခေါ်လေ့ ရှိပါတယ် ) ၎င်း၏ချစ်သူအား ကိုရီးယားကားထဲကအတိုင်း ခြေထောက်နာတာကို အကြောင်းပြုပြီး ကုန်းပိုးခိုင်းခဲ့မိသည့်အတွက် ချစ်သူမောင်မှာ အလွမ်းမပြေပဲ အမောဆို့ သွားကြောင်း၊ ယခုအခါ ချစ်သူမောင်တစ်ယောက် နောက်ထပ်ကုန်းပိုးရမည့်အရေး တွေးကြောက်မိစွာဖြင့်  ပြန်ပြေးပြီဖြစ်သဖြင့် နှပ်တွေထွက်ပြီး တရှုံ.ရှုံ.ဖြင့် ငိုကြွေးကာ စာတမ်းအကြောင်းကို အင်တာနက်ထဲမှ ရှာရင်း ကိုရီးယားကားများကို ဆက်လက်အားပေးနေသည်ဟု သိရှိရပါသည်။

..............တွီတွီ.....ဂျစ်ဂျစ်ဂျစ်.................ရှဲရှဲရှဲ.......................ရှူး..............ဖောက်................

( လျှပ်စစ်ဓါတ်အား ၀ုန်းကနဲ ပြုတ်ကျသွားပါသဖြင့် အစီအစဉ်များ ခေတ္တ - မည်မျှကြာမည်မသိ ပြတ်တောက်သွားခြင်းကို သည်းခံကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်ခင်ဗျား ).............................................................................

( ဟဲဟဲ ခင်မင်တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို ပျော်ရွှင်စွာ စနောက်ချင်လို့  နံမည်တွေ ခွင့်မတောင်းပဲ ယူသုံးမိတာ ခွင့်လွှတ်ကြပါခင်ဗျား။ နောက်ထပ်မပါသေးသူများလည်း မျက်ခုံးလှုတ်၍ ဘုရားစာရွတ်ပြီး နေတော်မူကြပါရန် ကြိုတင်အကြောင်းကြားအပ်ပါသည်။ :P )

Saturday, November 1, 2008

လွမ်းမိတဲ့ အဖြစ်လေးတွေ

အဟဲ ခုတလော အလုပ်တွေ တော်တော်လေး ရှုတ်နေလို့  ဘယ်ကိုမှ မရောက်ဖြစ်ဘူး။ ရိုးရိုးသားသား ၀န်ခံရရင် ကိုယ့်ဆိပ်ကမ်း လေးကိုတောင် တစ်နေ့ တစ်ခေါက် ရောက်နိုင်ဖို့  တော်တော် အားထုတ်နေရလို့ ပါ။ ဒီနေ့  အားရက်လေးတော့ အားရပါးရ နားပြီပေါ့ဗျာ။ လာလည်ခဲ့ကြတဲ့ ၊ နားလညးပေးခဲ့ကြတဲ့ ၊ စာနာစွာနဲ့  ကူညီအားပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ မိတ်ဆွေသူငယ်ချင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ ခုတော့ သိပ်ခေါင်းစားမခံချင်သေးတာနဲ့  ဆားကောက်ချက်လိုက်တာ ဟဲဟဲ လွမ်းမိတဲ့ အဖြစ်လေးတွေ ဆိုတာ ဖတ်ပြီး ဇင်ယော်လေးတော့ မျက်ရည်နဲ့ မျက်ခွက် ဒူးနဲ့ သာမက ခြေသလုံးနဲ့ ပါ အားရပါးရ သုတ်နေရပြီလို့  ထင်တော့မှာပဲ။ တကယ်ပါ ဇင်ယော်လေး အားရပါးရကို လွမ်းနေတာပါ။ ဘယ်သူ့ ကို လွမ်းလည်းဆိုရင်တော့ အောက်မှာသာ ကြည့်ပေတော့။ ဇင်ယော်လေးက စွဲလမ်းရတဲ့သူများတော့ လွမ်းလိုက်ရတာ ရင်ကွဲမတတ်ပဲ။ တချို.တွေကတော့ တခါတလေ လမ်းကြုံရင် တွေ.ဖြစ်သေးတယ်။ တချို.ကတော့ မတွေ.ရတာ အတော်ကြာလို့  တွေ.ချင်လိုက်တာ လွန်ပါလေရော။ ဘာပဲဖြစ်ဖြစ် ဇင်ယော်လေးရဲ့ လွမ်းရတဲ့ သူလေးတွေကို ကြည့်ကြပါဦးဗျာ။






















အလွမ်းဆုံး ချစ်သူလေးကတော့ သူပဲဗျို.။ ခုနေ တွေ.များတွေ.လိုက်လို့ ကတော့ဗျာ ဘာပြောကောင်းမလဲ။ ဟင်း တခါတည်း အားရပါးရ ။


Thursday, October 23, 2008

ဗရုတ်သုတ်ခ ခပ်ကျကျနေ့ လေးတစ်နေ့ 

စာမေးပွဲပြီးလို့  အားရပါးရ နားမယ်မှ မကြံသေး။ အကြွေးလာတောင်းတယ်ဗျ (တက်ဂ်ကြွေးလေ)။ ဘယ်သူ ရှိမလဲ အနိုင်ကျင့်နေကျ ကျနော့်အစ်မကြီးလေ။ နောက်ပြီး ခြိမ်းခြောက်ထားသေးတယ်။ နောက်ဆုံးကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ ဟွန်း ကိုယ့်အစ်မကြီးမို့  ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေရလို့  ရေးပေးတာနော်။ ခြိမ်းခြောက်ထားတာ ကြောက်လို့ တော့ ဟုတ်ဘူး။ ဒီမှာ သီတင်းကျွတ်အမှီဆိုပြီး ဇင်ယော်လေး ဆီမှာ နိုင်ငံပေါင်းစုံက ကောင်မလေးတွေ လျှောက်လွှာလာတင်နေကြတာ မနည်းမနော။ လာလျှောက်သူတွေ များလွန်းလို့  လှမ်းကြည့်လိုက်ရင် မျက်စိတစ်ဆုံးပဲ။ ဒါတောင် တစ်ယောက်တန်း ဟုတ်ဘူး။ လေးယောက်တန်း စီခိုင်းထားတာ။ ဟာဟ ဒါပေမယ့် ဇင်ယော်လေးက စိတ်မကူးပါဘူး။ တင်းခံနေတာ။ အန်နာ အီဗန်နိုဗစ်ဆိုတဲ့ တင်းနစ်ရိုက်တဲ့ ကျနော့် ချစ်ချစ်လေး မလာမချင်းကို စောင့်နေဦးမှာ ဟဲဟဲ။

အဲ...အင်ထရိုဝင်တာ များပြီးဘေးချော်ကုန်ပြီဗျ။ ဘာတဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တစ်နေ့ ဆိုလားပဲ။ ဇင်ယော်ဆိုတဲ့ကောင်က ဗရုတ် မကျရရင် ထမင်းစားမ၀င်လို့  ဘယ်နေ့ ကိုရေးရကောင်းမလဲ စဉ်းစားနေတာ။ ထူးတော့ဘူး မနေ့ တနေ့ က အကြောင်းပဲ ရေးလိုက် တော့မယ်။ အင်း တနေ့ က ဇင်ယော်လေးတို့ အဖို့  အင်မတန် နတ်ကြီးတဲ့  စာမေးပွဲ တစ်ခုဖြေရတဲ့နေ့ ပေါ့။ မနက်စောစောသွားခါနီး တစ်ဘက်ခန်းက အတူ တူဖြေမယ့် အစ်ကိုက လာချောင်းတော့ ဇင်ယော်လေးက ဒီမှာ youtube ကြည့်နေတာလည်း မြင်ရော ဆဲပါ လေရော။ အဟဲ ဒီမှာက ကိုယ့်အကြောင်းနဲ့ ကိုယ်လေ။ စာမေးပွဲဖြေရင် ရှပ်လက်ရှည်ကို နက်တိုင်စည်းပြီး ဖြေရတာ။ ခုမှ နက်တိုင်က မစီးတာ ကြာလို့  ပုံမကျပန်းမကျ ဒုက္ခ။ ဒါနဲ့ youtube ထဲမှာ စီးပုံစီးနည်း လက်ချာ ကြည့်နေတာကို စာနွှေးရမယ့်အချိန် အင်တာနက် ကြည့်နေလို့ တဲ့ လာဆဲသွားပါလေရော။ မသိရင်တော့ တော်ပြီးသား တတ်ပြီးသားလိုလို ဟီဟိ။

ကားငှားတော့ အများရုံးစသွားချိန်မို့  ထင်ပါရဲ့။ တစ်စီးမှ မရဘူး။ ဒုက္ခပဲ အဲ ခပ်လှမ်းလှမ်းမှာ တက်စီတစ်စီး ခရီးသည် ချနေပါရောလား။ အမ် အဲဒီဘက်လမ်းဘေးမှာ မရွှေချောနှစ်ယောက် အိုက်တင်ခပ်များများနဲ့ ရပ်နေလေရဲ့ ၊ သူတို့ လည်း ကားငှားမလို့  စောင့်နေတာပဲ။ ကြံစမ်း ဘယ်လိုလုပ်ရပါ့။ အဟဲ လေချွန်ပြီး လမ်းလျှောက်ရင်း၊ သူတို့ ကို ရေရေလည်လည် ငမ်းပေးလိုက်တယ်။ မမတွေက အချင်းချင်း တွတ်ထိုးလိုက် ပဲကြွေးလိုက်နဲ့  အလုပ်ရှုတ်နေတဲ့အချိန် သူငယ်ချင်းက တက်စီဆီ အပြေးသွားပြီး လက်တားငှားလိုက် ပါလေရော။ ဟေဟေ. မမတွေ စူပုတ်ပြီး ပွစိပွစိနဲ့  မျက်စောင်းနဲ့  လှမ်းထိုးပြီးကျန်ခဲ့တယ်။ ဟီး ကမ္ဘာပေါ်မှာ ရှိတဲ့ မိန်းကလေးတော်တော်များများဟာ မဆိုစလောက်လေးစိတ်ဆိုးကြရင် တော်တော်လေး ကြည့်ကောင်းကြတာပဲနော်။

ရောက်လို့ မှမကြာသေးလူစုံမစုံ စစ်ပြီး familiarisation လုပ်ဖို့  simulator ခန်းထဲထည့်၊ ဖြေဖို့ နံမည် စာရင်းလည်း အော်ရော ဇင်ယော် က ၈ယောက်မှာ နံပါတ် ၇ တဲ့။ သေပါပြီ စောင့်ပေတော့ တစ်နေ့ လုံး။ ဖြေပြီးသမျှ ထွက်လာတဲ့သူတွေ ဘယ်လိုမေးတယ်၊ ဘယ်လို ဖြေတာ ဘယ်လိုဂိန်တယ၊် ဘယ်လိုအောင် သွားတယ် ဆိုတဲ့ စကားတွေနဲ့  pressure တက်ဖို့ သာပြင်ပေတော့။ နေ့ ခင်းထမင်းစား ပြီးတော့ ဘယ်လိုမှ မဟန်နိုင်တော့ဘူး။ ထိုင်ခုံလေး အခန်းထောင့်ဆွဲပြီး အဲယားကွန်းအေးအေးလေးနဲ့  အပြီယူတော့တာပဲ။ ကိုယ့် အလှည့်နီးလို့  examiner လာခေါ်မှပဲ နိုးတော့တယ်။ အဟီး ကောင်လေးအတော် ကြိုးစားတာပဲလို့ တော့ ထင်တော့မှာပဲ။

စစ်မယ့်ဆရာက Control room ထဲခေါ်ပြီး ဘယ်ကနေဘယ်ကိုမောင်း၊ ဒါမင်းမောင်းရမယ့်ကောင်ရဲ့ data တွေဆိုပြီး ချပေးလိုက်တယ်။ မတိုက်မိစေနဲ့ ၊ ပေးထားတဲ့ လမ်းကြောင်းအပြင်ကို မရောက်စေနဲ့ ၊ ပေါက်တတ်ကရ လျှောက်မလုပ်နဲ့ တဲ့။ အဲဒီပေါက်ကရတွေကို ဆရာက control room ထဲကထိုင်ပြီး လမ်းတလျှောက်လုံး မိုးပေါ်က ကျလာသလို လျှောက်ထည့်တော့မှာလေ။ ဟဲဟဲ သိနေတယ်။ အခန်းထဲပြန်ပြီး တွက်ချက်ရင်းက ဘယ်နေရာရောက်ရင်တော့ ဘယ်လိုလုပ်ရပါ့ဆိုပြီး အစီအစဉ်ဆွဲနေတော့တာပေါ့။

Simulator ခန်းထဲလည်းရောက်ရော အရေးထဲ ဖိနပ်ကြိုးက ပြည်သွားလို့ မမြင်မစမ်းနဲ့  ကုန်းချည်နေတာကို ဆရာက အင်တာကွန်း ကနေ ဘာလုပ်နေတာလဲ setting တွေချိန်ပြီးအဆင်သင့်လုပ်တော့လေတဲ့။ ဟဲဟဲ ဟုတ်သားပဲ သူကကိုယ့်ကို လေးဘက်လေးတန် ကင်မရာတွေချိန်ပြီး ထိုင်ကြည့်နေတဲ့ဟာ။ ဟီး မိုက်ခရိုဖုန်းတွေကလည်း တခန်းလုံး နေရာအနှံ့ မှာ မြှုပ်ထားသေး။ ဘာပြောပြော ကြားရအောင်လေ။ ဟီး စိတ်ထဲကတော့ ထင်မိသား ဇင်ယောက်လေးလည်း ခုမှ စတူဒီယိုထဲ ရောက်နေသလိုလို။ စတာနဲ့  သူကကိုယ့်ကို မှတ်တမ်းတင်ထားတော့မှာဗျ။ ဇင်ယော်မင်းသား မင်းသားဇင်ယော်ပေါ့ ဟေဟေ.။

စတာနဲ့  အချိန်၄၅မိနစ်အတွင်းရောက်အောင်မောင်းတဲ့။ ဒီလောက်တော့ ရပါတယ် ဇင်ယော်ပဲဟာ။ တွေ့ သမျှကောင်ကျော်တက်၊ ကြုံရင်ကြုံသလို ဖြတ်ချ ဒလဟော သွန်တော့တာပဲ။ အမယ် ဆရာက လမ်းကြောင်းထိမ်းသိမ်းရေးလည်းသူ၊ ကိုယ့်လက်အောက် ကလည်းသူ၊ ကိုယ့်အထက်ကဆိုလည်းသူ တစ်ခါခေါ်ရင် လေသံတစ်မျိုးနဲ့  ဘီအီဒီအောင်သိုက်ကျနေတာပဲ။ ဒီလိုနဲ့  အချိန်တ၀က် လောက်ကျော်လာတော့ နဲနဲသတိထားနေရပြီ။ လာတော့မယ်လေ emergency situation တစ်ခု။ စာမေးပွဲရဲ့ အဓိကအသက်ပဲဆိုပါတော့။ အရေးပေါ်အခြေအနေနဲ့  ကြုံလာရင် အချိန်တိုအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ လုပ်နည်းလုပ်ဟန်တွေ မှန်ကန်ရဲ့လား။ အန္တရာယ်ကို ရှောင်လွှဲနိုင်ရဲ့လား ဆိုတာကြည့်တာလေ။

အဟဲ ဆရာက ပြသနာမပေးခင် ဇင်ယော်က ဦးအောင်အရင်ပေးလိုက်ပါရောလား။ control room နဲ့  Simulator ဆက်သွယ်တဲ့ အင်တာကွန်းကို အားရပါးရဖိပြီး ပြောလိုက်တာ ခလုပ်အထဲကျွံဝင်သွားလို့  တွီဆိုပြီး အသံရှည်ကြီး မြည်နေတာ မရပ်တော့ဘူး။ ဟီး simulation ကိုခဏရပ်ပြီး လာပြင်ရပါလေရော။ ပြီးတော့မှ ဆက်ဖြေတော့ ပြီးခါနီးလေးမှာ တိုက်မိတော့မလို့  နဲနဲလေးပဲလိုတော့တယ်။ သွားပြီမှတ်တာ တော်သေး။

အားလုံးလည်းပြီးရော ဆရာက အခန်းထဲခေါ်ပြီး debriefing ပေးပါလေရော။ အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ။ အမေးသုခမိန် အဖြေ ပညာရှိပေါ့ဗျာ ဟဲဟဲ။ အခန်းထဲ ရောက်တာနဲ့  ဆဲတော့တာပဲ မင်းတွေ.သမျှ အကုန်ကျော်တက်၊ ဟိုကဒီက ဖြတ်ချနဲ့  safety နဲ့ environment ကို ခေါင်းထဲရှိသေးရဲ့လားတဲ့။ ပြီးခါနီး တိုက်မိတော့မလို့  နဲနဲပဲလိုတော့တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ဘယ်ရမလဲ ကျက်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကိုးကားပြီး ကိုယ့်ဘာသာကိုယ် ရှေ.နေငှားပြီး အလွတ်ရုန်းရတော့ တာပေါ့။

နောက်ဆုံးတော့ လူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မင်းလုပ်တာတွေ သိပ်ပြီးဟီးရိုးဆန်တယ်။ ငါတို့  ထရိန်နင်ပေးတာ ဟီးရိုးဖြစ်ဖို့ မဟုတ်ဘူး။ အန္တရာယ်ကင်းအောင် လုပ်တတ်ဖို့ ကွဆိုပြီး ထပ်ဆဲသေးတယ်။ တခါတည်း traffic control လှမ်းလှမ်းခေါ်ပြီး တခြား ကောင်တွေ လမ်းဖယ်ခိုင်းလိုက်၊ နောက်ကသွားခိုင်းလိုက်၊ အတင်းကျော်တက်လိုက်နဲ့ မင်းကိုယ်မင်း မင်းတို့ တိုင်းပြည်က ဗိုလ်ချုပ် များမှတ်နေလားတဲ့။ ဟီး အစ်မ မစန္ဒာပြောသလို သွား၃၂ချောင်းအကုန်ပေါ်အောင် ထုတ်ရှိုးထားရတယ်။ ပြီးတော့မှ ဥပဒေတွေ သုံးသွားတာရော၊ လုပ်ကိုင်ပုံ မှန်ကန်တဲ့အတွက် မတိုက်မိတာရော၊ တခြားဟာတွေ အားလုံးပေါင်းပြီး overall အားလုံးကောင်းတဲ့ အတွက် မင်းကို အအောင်ပေးလိုက်မယ်၊ အပြင်မှာ အဲဒီအတိုင်း သောက်ရမ်းလျှောက်မလုပ်နဲ့ ၊ လာမယ့်နှုတ်ဖြေကျရင် သတိထား သွားတော့ဆိုပြီး ပြောတော့ အောင်မလေး ပျော်လိုက်တာ ထခုန်မိမတတ်ပါပဲဗျာ။ ဒီလိုနဲ့  ဇင်ယော်လေးလည်း ဗရုတ်သုတ်ခ ခပ်ကျကျနဲ့  စာမေးပွဲတစ်ခု ပြီးမြောက် အောင်မြင်ခဲ့တာပေါ့ဗျာ။

( အဲဒီည အောင်ပွဲခံတော့ နောက်ထပ်ဗရုတ်သုတ်ခ ကျခဲ့တဲ့အကြောင်းလေးတွေ နောက်မှ ပို့ စ်တစ်ပုဒ် ရေးတင်ဦးမယ်။ ခုတော့ အစ်မ၀ါ ရေ ကျေနပ်ပေတော့ဗျာ။ အဆင်ပြေအောင် ကြည့်ကျက်ရေးလွှတ်လိုက်ပြီဗျို.။ နောက်ထပ် တက်ဂ်ကြွေးများလည်း ဖြေးဖြေးချင်း ဆပ် သွားမည် ဖြစ်ပါကြောင်း အကြွေးရှင်များအား အကြောင်းကြားအပ်ပါသည်ခင်ဗျား။ ) :P

Wednesday, October 22, 2008

Why women hate soccer

ဆိုရိုးတစ်ခု ရှိတယ်လေ။ အစားကောင်း အသောက်ကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်တယ်တဲ့။ ဇင်ယော်လေးလည်း ဒီလိုပါပဲ။ ရယ်စရာ ဟာသလေးတွေ တွေ.တော့လည်း ညီအစ်ကို မောင်နှစ်မ သူငယ်ချင်းတွေကို မျှဝေချင်တာပေါ့နော်။ ( အဟဲ ဆားချက်တယ်ဆိုလည်း လက်ခံပါတယ် )။ စာမေးပွဲ တစ်ခုပြီးလို့  ခဏနားရမယ်မှတ်တယ် ရုံးက အားနေမှန်းသိလို့ ထင်ပါ့။ ခဏလာပါဦးဆိုပြီး ဆွဲစားနေလို့  နည်းနည်းအလုပ်ရှုတ်နေလေရဲ့။ အားလုံးပြီးရင် ရုံးပေါ်ရောက်သွားမလား မသိဘူး။ အဲဒါဆိုရင်တော့ ဒုက္ခ။ မနက်သွား ညနေမိုးချုပ်မှပြန် တစ်နေ့ ကို အီးမေးလ်အစောင် ၃၀၀ လောက်ဖတ်ရတဲ့ အလုပ်တော့ လုံးဝ(လုံးဝ)ကို အာရုံခံလို့ မရဘူး။ ဇင်ယော်လေးက လတ်လျားလတ်လျားနဲ့  လျှောက်သွားနေရတာကိုပဲ သဘောကျတာ။ ဟီး ခြေထောက်ဗွေပေါက်နေတယ် ဆိုပါတော့။ ဟီး ရန်ကုန်မှာဆိုလည်း အမေက ပြောယူရတယ်။ အိမ်စောင့်နတ်က နှင်ထားလို့ လားတဲ့။ ကြည့်ကျက်လုပ်တဲ့ ခုဆို အိမ်ဦးနတ်ကပါ သိပ်ကြည့်မရတော့ဘူးတဲ့။ အဟဲ ဒါတော့ ဖြစ်သေးဘူးလေ။ အိမ်ဦးနတ်နှင်လို့ ကတော့ နေစရာ ဘုံပျောက်ကိန်း မြင်တာမို့  ဒီကို ခဏလာပြီး စတေးရှောင်နေတာ။

အဲ လိုရင်းမရောက်ပဲ ချော်တောငေါ့ကုန်ပီဗျ။ အကြောင်းအရာကတော့ မိန်းကလေးတွေ ဘာကြောင့် ဘောလုံးကို မုန်းရပါသလဲတဲ့။ ကျနော့် ညီမလေးတစ်ယောက် ပို့ လိုက်တဲ့ မေးလ်ထဲက ဟာသဗီဒီယိုလေးတွေပါ။ ခုလိုပို့ ပေးတဲ့ ညီမလေးရည်မွန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲ ပြောနေကြာတယ် ခုပဲ ခံစားကြည့်လိုက်ကြပါစို့ ဗျာ။ ဒန် တန် တန့် ............................

အားပေးချက်ရယ်က ဒီလိုဒီလိုလေ။



အဟဲ အောင်ပွဲခံတာ လွန်သွားတယ်။





ကဲ အမောင်အမျိုးသားအပေါင်းတို့  မိမိတို့ ၏ အိမ်သူသက်ထား ဇနီးမယားတို့ အား ဘောလုံးပွဲ ၀ါသနာပါရန် အလို့ ငှာ စည်းရုံးကြကုန်လော့။ မယူသေးသောသူတို့ ကလည်း မိမိတို့ ၏ ချစ်သူရည်းစားများအား ဘောလုံးပွဲ အင်မတန် ကြိုက်ကြောင်း ကြိုတင်အသိပေးအပ်လော။ ဘာမှမရှိသူ လူပျိုကြီးအပေါင်းတို့ ကား လာသမျှဘောလုံးပွဲတို့ အား စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် အားပေးကြကုန်လတ္တံ့ ။ ဒူ ဝေ ဝေ ဝေ ဝေ :)

Saturday, October 11, 2008

ဖြစ်သလို ဆိုပါ့လား

အောက်အီးအီးအွတ်.... အင်း အိပ်ကောင်းတုန်းရှိသေး စောစောစီးစီး ဘယ်ကကြက် ၀ီရိယကောင်းပြီး တွန်နေလဲမသိ။ ဘကြီးသာဝ အိမ်ကလား၊ ဒါမှမဟုတ် အရီးလေးမြတို့ အိမ်ကလား။ ကိုယ့်အိမ်နွားတင်းကုပ်ထဲက အကောင်ပဲလားမသိ။ ဒီလောက် တောင်ရှိလှတာ နောက်နေ့  ကာလသားဟင်းအိုးထဲ အလည်ခေါ်သွားလိုက်မယ်။ ဇင်ယော်တစ်ယောက် အိပ်ရာထဲမှာ မျက်လုံးမဖွင့်နိုင်သေးပဲ အသာလေး ပြန်မှိန်းရင်း စဉ်းစားခန်းဝင်နေတာလေ။ ဟ ဒီကောင် တွန်နေတာ ခုထိမရပ်သေးပါလား။ လေးဂွနဲ့ တော့ တွေ.ပြီပေါ့ကွာ။ မျက်လုံးကို ပွတ်သပ်ပြီး လူးလဲထလိုက်တော့ အမ် ... ရွာမှာလည်း ဟုတ်ဘူးဟ။ဟိုက်ရော နှိုးစက် .. နှိုးစက် မြည်နေတာဟ။ ကျောင်းချိန်နီးနေပြီ။ ထုံးစံအတိုင်း အပြေးတပိုင်းနဲ့  ကြွချီတော်မူရတော့မယ်။

ကမန်းကတန်း ကိုယ်လက်သန့် စင်ရင်းက သွားသတိရမိတယ်။ ဟား ဒီနေ့ မနက် အရင်ဆုံးသင်မယ့် ဆရာကလည်း ၁၀မိနစ်ထက် ပိုနောက်ကျရင် ပျက်ကွက်စာရင်းသွင်းတဲ့ဆရာ။ ကျနော့်ဆို သူကပိုသတိထားမိသေး ( အဟဲ အတန်းထောင့်မှာ နံရံမှီပြီး အမြဲငိုက် နေတတ်တာကိုး )။ ဒုက္ခနဲ့ လှလှတော့ တွေ.ကြပြီနဲ့ တူပါတယ်။ မနက်စာကို ဘယ်လိုကြံဖန်ရပါ့။ ... ခေါက်ဆွဲပြုတ် ... ဟား အချိန်မရှိတော့ဘူ။ ညတရေးနိုး ဗိုက်ဆာရင် စားဖို့ ဝယ်ထားတဲ့  မုန့် ပဲ အားကိုးရတော့မှာပဲ။ ရေခဲသေတ္တာထဲ ရှားရှားပါးပါး ကျန်သေးတဲ့ ပေါင်မုန့် နှစ်လုံးနဲ့  tea ပုလင်း လက်ကဆွဲလို့  အခန်းထဲ ပြေးရတော့တာပဲ။ လာခဲ့စမ်း ရှိသမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။

အ၀တ်အစားလဲနေရင်းက မုန့် ကိုကောင်းကောင်းမ၀ါးပဲ စားလိုက်တာ နင်နေလို့  တီးနဲ့ ကမန်းကတန်း မြိုချရတယ်။ အချိန်က မရှိတော့ဘူး။ လမ်းရောက်မှ အင်္ကျီကြယ်သီးတတ်တော့မယ်။ ကျောပိုးအိပ်ကောက်လွယ်ပြီး ဆင်းပြေးရတော့တာပဲ။ အဟဲ လမ်းမှာ ကျန်တဲ့မုန်လေးကိုက်လိုက်၊ လက်ကျန်တီးလေးမော့လိုက်နဲ့  ဘူတာလည်းရောက် အားလုံးလည်းကုန် ကွက်တိ။ ခုမှ ဘူတာထဲကို ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်တဲ့ပုံမျိုး ခပ်တည်တည်နဲ့  အေးအေးဆေးဆေး ၀င်သွားတော့တာ။ အဟဲ ဒါမျိုးက တစ်ပတ်ကို လေးရက်လောက်တော့ ကြုံနေကျ။ ဖြစ်ကတတ်ဆန်း မနက်စာက ဇင်ယော်လေးအဖို့ တော့ မဆန်းတော့ သလိုပဲ။

အမှန်အတိုင်းပြောရရင် ဇင်ယော်က အစားအသောက်ဆို အင်မတန်ကို ခုံမင်တာပါ။ အဲလက်စ်ဆိုတဲ့ သီချင်းထဲကလိုပေါ့ဗျာ။ ဘာတဲ့ မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ ပါပဲ စားလွန်းလွန်းလို့  မင်းလေးကတောင် စိတ်ကုန်နေတယ်။ မိုးလင်းလို့  မျက်စိနှစ်လုံး ကောင်းကောင်းမပွင့်သေးဘူး။ ဒီမနက် ဘာစားရရင် ကောင်းမလဲ စဉ်းစားနေတဲ့ကောင်။ အစားအသောက်ကလည်း ဘာရွေးသလားတော့ မမေးနဲ့ ။ ဂျိုကာလေ ဘာလာလာ အကုန်ဒေါင်းတယ်။ ပြောပြီးပါပကော ခြေ၂ချောင်းဆိုလှေကား၊ ခြေ၄ချောင်းဆို စားပွဲ၊ အသီးထဲမှာ လက်သီးနဲ့ ဂေါက်သီး၊ ( အင်း ကြယ်သီးနဲ့ မီးသီးလည်းပါတယ်....တန့် တန့် လာပြောမှာစိုးလို့  )၊ အဲဒါတွေကလွဲလို့  ကျန်တာ ဘာလာလာပဲ။ အကြိုက်ဆုံးလား ၀က်လေ ၀က် ပါးစပ်ဟထား အကောင်လိုက်ကို မောင်းသွင်းချင်တာ။ အဲဒီလို အစားအသောက်ကို နှစ်သက်မြတ်နိုးလှတဲ့  ဇင်ယော်တစ်ယောက် ဒီရောက်တော့မှ ဒုက္ခကို လှလှရီ အဲမှားလို့  လှလှကြီး တွေ.တော့ တာပဲဗျာ။

နေ့ လည်စာလား။ ထုံးစံအတိုင်း ကန်တင်းပေါ့ဗျာ။ အတန်းနားက ကန်တင်းက lunch break ဆို လူပြည့်နေကျ။ ၀ီရိယကောင်းတဲ့ ဇင်ယော်ကတော့ ဆရာတစ်ယောက်နဲ့ တစ်ယောက် အကူးအပြောင်း ၁၅ မိနစ်လောက်ရတဲ့ အချိန်လေး သွားပြေးဆွဲတာပေါ့။ ၁၁နာရီလောက်ဆို ဗိုက်ကဆာလာတာနဲ့ အတော်ပဲ။ ကန်တင်းကိုပြေး၊ ဆိုင်ရှေ.က တန်းစီနေတဲ့ကောင်မလေးတွေကို လိုက်ငေး အဲမှားလို့  တန်းစီနေတဲ့ လူတန်းကို လိုက်ပြေးကြည့်။ လူအနည်းဆုံးဆိုင်မှာ ၀င်ပြီးစီလိုက်တာပဲ။ သိပ်ပြီး ထွေထွေထူးထူး မစဉ်းစားပါဘူး တရုတ်၊ကုလား၊မလေး၊ဘိုစာ ဘာလာလာ ဗိုက်ပြည့်ပြီးရော စားလိုက်တာပဲ။ အဲ မစားတာကတော့ ဟို အုန်းနို့ ခေါက်ဆွဲ၊ နောက်ပြီး အဲဒီလို အုန်းနို့ ပါတဲ့ ဟင်းတွေ။ အဲဒါတွေစားပြီးရင် နေ့ လည်စာသင်ချိန်ကျတော့ သင်တဲ့ဆရာကို ခေါင်းငြိမ့်ပြီး အပြည့်အ၀ထောက်ခံနေတော့တာ။ တခါများ ထောက်ခံတာ အရှိန်လွန်ပြီး စားပွဲနဲ့  နဖူး မိတ်ဆွေဖြစ်သွားပါရောလား။

lunch break ဆို ဇင်ယော်တို့ က အိနြေ္ဒရနေပြီ။ အေးဆေးပဲ သစ်သီးဖျော်ရည်လေး ဒါမှမဟုတ် ကော်ဖီလေးသောက်ပြီး အာထုရင်းနဲ့  တမနက်လုံး စာသင်ရလို့  ညောင်းညာနေတဲ့ မျက်လုံးကိုလည်း အမြင်လေးအေးအောင် အစာကြွေးရသေးတယ်။ ဒါမှမဟုတ် စာကြည့်တိုက်သွားပြီး စာအုပ်ဖတ်ရင်ဖတ်၊ ဘာမှမလုပ်ချင်ရင်တော့ အတန်းထဲပြန်ပြီး တရေးနှပ်လိုက်တာပေါ့ဗျာ။

ညနေကျောင်းကပြန်ရောက်တာနဲ့  အိမ်မှာ အစီအစဉ်ဆွဲရတော့တာပဲ။ ဒီနေ့ ဘယ်ဆိုင်သွားစားရကောင်းမလဲပေါ့။ အာရုံရရင်တော့ မြန်မာဆိုင် တကူးတက သွားစားတာပေါ့ဗျာ။ ပြန်ရင်တော့ ဖောင်းကားပြည့်တင်းနေတဲ့ ဗိုက်ကို သယ်ရတာမသက်သာလှဘူး။ အိမ်ရောက်တဲ့ အထိ ထိုင်မရ၊ လှဲမရနဲ့  ဦးချိန်တီလည်း မကယ်နိုင်ဘူး အတော့်ကို ဒုက္ခရောက်တာ။ များသောအားဖြင့်ကတော့ အနီးနားက ဈေးလေးမှာပဲ စားဖြစ်ပါတယ်။ ထမင်းနဲ့ ဟင်းဆို ၀က်သားသုံးထပ်သားကို တရုတ်လို အချိုချက်ထားတာက မပါမဖြစ်။ အဟဲ ဇင်ယော် သိပ်ကြိုက်တဲ့  ၀က်ခြေထောက်၊ ၀က်ကလီစာ၊ ၀က်နံရိုးစွပ်ပြုတ် ကတော့ ခဏခဏ စားဖြစ်တယ်။ ဒါမှမဟုတ် အရွက်တွေအများကြီးနဲ့  အသားကိုရေငုတ်ပြီး ရှာရတဲ့ခေါက်ဆွဲပြုတ်၊ နည်းနည်းလေးငံတဲ့ ငါးခြောက်ထမင်းကြော်၊ နာစီလာမလို့  ခေါ်တဲ့ မလေးထမင်း၊ ဘုရားစူး ဒံပေါက်၊ အသားဖတ်လေးတွေ အပေါ်ကတင်ပြီး သခွားသီးနှစ်ဖတ်လောက် ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်း ကြုံရင်ကြုံသလိုပါပဲ။ ပြီးရင် အစာပိတ်အနေနဲ့  ကြံရည်၊ဖျော်ရည်တစ်မျိုးမျိုးသောက်ရင်သောက်၊ ဒါမှမဟုတ် အသီးတွေထည့်ထားတဲ့ ရေခဲသုပ်လိုဟာမျိုး စားပြီး ပိတ်လိုက်တာပဲဗျာ။ ။ ။

( ကဲ အစ်မ၀ါ နဲ့  ကိုနေလင်းရေ ..... ဖြစ်သလို စားတဲ့ အကြောင်းလေးရေးပေးပါဆိုလို့  ရေးလိုက်ပြီဗျ။ အဟဲ စားတာကိုတော့ ဖြစ်သလို စားပေမယ့် သောက်တာကိုတော့ တကူးတက သောက်တတ်ပါတယ်။ နည်းနည်းကြာသွားတာတော့ ခွင့်လွှတ်ပါဗျာ။ ကျနော့် ကွန်ပြူတာလေး အကောင်ကိုက်သွားလို့  နှစ်ရက်လောက် ဒုက္ခရောက်သွားတယ်ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေဆီကိုလည်း လိုက်မလည်ဖြစ်တာ၊ စီဗုံးမှာ လာမအော်ဖြစ်တာ နားလည်ပေးကြပါလို။ ဘလော့ကို လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ တွေလည်း ကျနော် မောင်ဇင်ယော်လေး ဖြစ်သလို စားနေရတာ မကြည့်ရက်လို့  ကျွေးမွေးချင်သပဆို ဇင်ယော်လေးက အားနာပါးနာနဲ့  လာအားပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ :P )

Saturday, October 4, 2008

ဘုံဘ၀မှာဖြင့် ကြုံခဲ့ရတာတွေ

( ပျင်းပျင်းရှိတာနဲ့  ဟိုလှည့်ဒီလှည့် လုပ်နေတာ။ စာမရေးဖြစ်တာလည်း နည်းနည်းကြာပြီဗျ။ အရင် ရေးထားတဲ့  အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ မပြုံးရပဲ စိတ်ညစ်စရာတွေလို့  ထင်မိရင်တော့ တောင်းပန်ပါတယ်။ သည်းခံပြီး ဖတ်ရှုပေးကြပါလို့ ။ )

ခရီးသွားရတာ တခါတလေမှာ ပျော်စရာကောင်းပေမယ့် တခါတလေကျတော့ သေချင်စော်နံလောက်အောင်ကို စိတ်ညစ်ရပါတယ်။ အဆင်မပြေတာတွေ တန်းစီပြီးတွေ.ရင်ပိုဆိုးတာပေါ့။ တခါတုန်းကပေါ့ စပိန်က အယ်ဂျီးစီးရပ်စ်ဆိုတဲ့ ဂျီဘရော်လ်တာ ရေလက်ကြားအ၀က မြို.လေးကို သွားရဖို့  အကြောင်းဖန်လာတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့  စိတ်တော့ဝင်စားသား။ ဒါနဲ့  သွားဆိုတော့လည်း သွားရတာပေါ့ဗျာ။ Transit စီးတဲ့ နေရာက အရင်တစ်ခါ လွဲခဲ့ ဖူးတဲ့  ကျနော်ချစ်တဲ့  ပဲရစ်လေ။ ဒီတခါတော့ မလွဲရလေအောင် သေသေချာချာ ဂရုတစိုက်နဲ့  မေးမြန်းပြီး သွားလို့ လေယဉ်ပေါ်တော့ တည့်တည့်ရောက်တယ်ဗျို.။ ဟဲ အဲဒီမှာ စတာပါပဲ။

လေကြောင်းလိုင်းက အဲယားဖရန့် စ်က ဘတ်ဂျက်ဆွဲတဲ့ လေယဉ်ဗျ။ ခပ်သေးသေးရယ်။ ခရီးသည်က အများဆုံးမှ အယောက် ၂၀ လောက်ပဲရှိတယ်။ စထွက်ပြီးသိပ်မကြာပါဘူး။ သူတို့ တိုက်တဲ့  အအေးလေး သောက်ကာစရှိသေးတယ်။ ခါးပတ်တွေ ပြန်ပတ် ထားကြပါတဲ့ ။ ရှေ.မှ ရာသီဥတုဆိုးလို့ တဲ့ ။ ခါးပတ်ပတ်ပြီးလို့ မှ မကြာသေးဘူး။ ၀ုန်းဒိုင်းကြဲတော့တာပဲဗျို.။ အောက်ကိုကျသွားလိုက်၊ မြောက်တက်သွားလိုက်၊ ဘေးကိုစောင်းပြီးဆင်းသွားလိုက်နဲ့  စကောထဲ ဆီးဖြူသီးထည့်လှိမ့် နေသလားမှတ်ရတယ်။ စီးဖူးသမျှ လေယဉ်တွေထဲမှာ အဲဒီတစ်ခါ အကြမ်းဆုံးပဲဆိုပါတော့။

ဇင်ယော်လည်း ပုထုဇဉ်ပဲ၊ ကြောက်တာပေါ့ဗျ။ ရွတ်လိုက်ရတဲ့  ဘုရားစာတွေ။ သံဗုဒ္ဓေဆိုတာ အစကနေကို မတက်တော့ဘူး။ ရှေ.မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့  လေယဉ်မယ်လေး လှမ်းကြည့်လိုက်တော့ သူလေးလည်း မျက်နှာက ဇီးရွက်သာသာရယ်။ အားပေးတဲ့ အနေနဲ့  လှမ်းပြီးတော့ ပြုံးပြရှာသား။ ဒါပေမယ့် ဆားမပါတဲ့ ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်ကြီး။ ဟီး ကြံကြံဖန်ဖန်လည်း တွေးမိသေး။ အခုနေသာ ပျက်ကျလို့ ကတော့ သေချာပေါက် မာလကီးယားမှာပဲ။ မသေခင် ကုသိုလ်ယူစရာကလည်း လောလောဆယ်မတွေ.မိဘူး။ ထူးပါဘူး သူလေးကိုပဲ ရင်ခွင်ထဲထည့်လို့  မကြောက်နဲ့ နော် ခဏလေးပါ တို့ လည်းရှိတာပဲဆိုပြီး အားပေးရ ကောင်းမလားလို့ ။ သူတပါး
စိတ်ချမ်းသာအောင် အားပေးတာလည်း ကုသိုလ်ရတာပဲဟာ ဟုတ်တယ်ဟုတ်။ တကယ်တမ်းစီးရတာက တစ်နာရီသာသာ လောက်စီးရတာ။ ဒါပေမယ့် တစ်ကမ္ဘာလောက်ထင်ရတယ်။ ကွင်းဆင်းခါနီးအထိ ဆော်လို့ ကောင်းတုန်း။ မြေကြီးပေါ် ဘီးချတော့မှပဲ သက်ပြင်းကြီး ဟီးကနဲ ချနိုင်တော့တယ်။

လေယဉ်ကွင်းထဲရောက်လို့  လမ်းလျှောက်တော့ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ မထင်မိဘူး။ မသောက်ရပဲနဲ့  ကောင်းနေ တာလေ။ ၀ီစကီတစ်ပုလင်း တစ်ယောက်တည်း ဖြိုထားရသလိုပဲ။ လူကနောက်ကျိပြီး နားတွေကလည်းအူလို့ ။ ဒီလိုနေလို့ တော့ ဖြစ်သေးဘူးဆိုပြီး အိမ်သာကို အမြန်ပြေးလို့  ထိုးအန်လိုက်မှပဲ ပေါ့သွားတော့တယ်။ ပြီးတာနဲ့  အထုပ်ရွေးတဲ့ နေရာကို ပြေးရတာပဲ။ ဒီလေဆိပ်ရှိတဲ့  မာလဂါဆိုတဲ့ မြို.လေးက တောမြို.လေးမို့ ထင်ပါရဲ့။ လ၀ကလည်း မရှိ၊ အကောက်ခွန်လည်းမရှိ အထုပ်ဆွဲပြီး တန်းထွက်ရုံပဲဗျ။ စောင့်နေရင်းက ကိုယ်နဲ့ တူတူလာတဲ့ သူတွေသာ တစ်ယောက်ပြီးတစ်ယောက် ဆွဲယူသွားကြတယ်။ ဇင်ယော်လေးအထုပ်ကတော့ ပေါ်မလာဇာတ်ကား ရိုက်နေလေရဲ့။ ဟ ဘယ်လိုဖြစ်တာတုန်း။ ဘာလုပ်ရမှန်းမသိ ဒါနဲ့  Baggage claim ကောင်တာကို သွားပြောတာပေါ့။ ဟိုရောက်တော့ ဒီလိုဒီလိုပဲ ဆိုတော့ အဲဒီက မရွှေချောကပြောတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်တဲ့ ။ စိတ်မပူနဲ့  နောက်နေ့ လေယဉ်နဲ့ ပါလာမှာပါတဲ့။ မပါလာရင်တော့ ဘုရားသခင်မှပဲ သိလိမ့်မယ်တဲ့ ။ ဒါပေမယ့် ငွေကြေး ပြန်လျော် ပေးမှာပါတဲ့ ။ ဒေါသက ထွက်လိုက်တာ ဘေးနားကတွေ.တဲ့ တိုင်နဲ့  မရွှေချောခေါင်းကို တိန်ကနဲနေအောင် ကောက်ထုပစ်ချင်တယ်။
သူပြောမှလား မပါလာရင်တော့ ဆုံးပြီပေါ့။ ဒါများ ကြီးကြီးကျယ်ကျယ် ဘုရားသခင်ကို ဆွဲထည့်လိုက်သေးတယ်။ ကိုယ်နဲ့ မကွာပါတာ ဆိုလို့  အရေးကြီးစာရွက်စာတမ်းတချို.နဲ့  ကွန်ပြူတာလေးတစ်လုံးပဲပါတယ်။ ကျန်တဲ့ အ၀တ်အစား၊ အသုံးအဆောင် လိုမယ်ထင်သမျှ ဒီအထုပ်ထဲ ကောက်ထည့်လာတာ သူလျော်ပေးလည်း ဒါတွေအကုန် ဒီမှာဝယ်လို့ မှမရပဲ။ စိတ်တော်တော်ညစ်သွားတယ်။ မတတ်နိုင်ဘူး တည်းမယ့်ဟိုတယ် လိပ်စာပေးပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့  ဇင်ယော်တစ်ကောင် ယော်တောင်တောင်နဲ့  လိမ့်ရတော့တာပေါ့။ တွေးကြည့်မိတယ် ခုမှငါ့အဖြစ်က သောင်ပြင်မှာ လွှတ်လိုက်တဲ့  ရွှေဟင်္သာလေးလိုလို။ ဟီး ဖြေတွေးလေးတွေးရတာပါ့။

ကားကိုနှစ်နာရီသာသာ စီးလိုက်ရပြီး ညနေစောင်းတော့မှပဲ ဟိုတယ်ကိုရောက်တော့တယ်။ ဟိုတယ်အသေးစားလေးပေမယ့် မဆိုးပါဘူး။ အခန်းက ကျယ်ကျယ်ဝန်းဝန်းနဲ့  တော်တော် သပ်သပ်ရပ်ရပ် ရှိတယ်။ လေ့လာရေး အကြာကြီး မလုပ်အားပါဘူး။ ချက်ချင်းရေမိုးချိုးပြီး အောက်ထပ်က စားသောက်ဆိုင်ကို တန်းပြေးရတော့တာပဲ။ မပြေးလို့ လည်း မရတော့ဘူး။ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်က အစွမ်းကုန် ထကြွသောင်းကျန်းနေပြီဗျ။ ကျနော့်ညီမတစ်ယောက် ဘလော့မှာ ရေးထားတာ တွေ့ ဖူးတယ်။ တရားနဲ့ ဖြေသော်လည်း မပြေနိုင်တဲ့ အရာတွေထဲမှာ ဗိုက်ဆာတာလည်း ပါတယ်တဲ့ လေ။ မှန်လိုက်တာ အပြည့်အ၀ကို ထောက်ခံတယ်ဗျ။ ကိုယ်တိုင်ဆာလောင် မွတ်သိပ်နေလို့ ကတော့ ဘာလာလာ ဂေါ်ဇီလာ အကောင်လိုက် လာချပေးတောင် စားမိမှာပဲ။ အဲ လိုရင်းမရောက်ပဲ ဘေးချော်ကုန်ပြီဗျ။

ဟိုရောက်တော့ စောသေးလို့ ထင်ပါရဲ့။ လာစားတဲ့ သူ တစ်ယောက်မှကို မရှိဘူးဗျ။ နောက်ပိုင်းဇင်ယော်လေးရောက်ပြီးမှ သုံးလေးဝိုင်း လောက် ရောက်လာတာ။ အင်း အကဲခတ်ကြည့်ရတာတော့ အပြင်အဆင်လေးက မိုက်တယ်။ သီချင်းသံအေးအေးလေးကို တိုးတိုးလေးဖွင့်လို့ ။ အလယ်လောက်မှာလည်း ရေတံခွန်အသေးစားလေးနဲ့  တော်တော်လေး သားနားတယ်ဗျ။ ဟိုက် လာထိုင်တာ ငါးမိနစ်လောက်ရှိပြီ။ ၀ိတ်တာတစ်ယောက်မှ ပေါ်မလာသေးဘူး။ ဖြစ်သေးပါဘူး။ ထပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်တော့မှ ဘေးနားက အခန်းလေးတစ်ခုမှာ မန်နေဂျာက အားလုံးကိုစုပြီး မှာတမ်းခြွေနေလေရဲ့။ ( နောက်မှသိရတာက ဒီနေရာမှာ ညစာလာစားကြရင် ညရှစ်နာရီလောက်မှ လာကြတာတဲ့ ။ သိဘူးလေ ဗိုက်ဆာနေမှတော့ ဒါတွေလည်း နားမလည်ပါဘူး။ )

ဇင်ယော်လေးလာချောင်းတာတွေ.တော့မှ ၀ိတ်တာတစ်ယောက် ကမန်းကတန်း ရောက်လာပြီး Menu စာရွက်လာချပေးသွားတယ်။ ဖွင့်ကြည့်လိုက်တော့ ဟိုက်ရော ခုမှခက်ပြီ။ ဘိုလိုလည်း ဟုတ်ဘူးဗျ။ သူတို့ စပိန်လိုကြီးရေးထားတာ။ ခုနဆရာသမားကို လှမ်းခေါ်ပြီး အနော် စပိန်လိုနားမလည်ဘူး။ ဘိုလိုရေးထားမရှိဘူးလား မေးကာမှ ပိုဆိုးသေး။ သူလည်း ဘိုလိုမမှုတ်တတ်ဘူး ဖြစ်နေတယ်။ ဇင်ယော်ကလည်း စပိန်လို ပြောတတ်တာ ဆိုလို့  ဒီမလာခင်ကသူများ သင်ပေးလိုက်တဲ့  မင်းသိပ်လှတာပဲဆိုတာရယ် ဟီးဟီး ပြီးတော့ မင်းကိုချစ်တယ်ဆိုတာရယ် ရှားရှားပါးပါး စပိန်စကားကြီးနှစ်ခွန်းပဲ ပြောတတ်တာ။ ခုတော့ ဒုက္ခက မဖိတ်ခေါ်ပဲ ညစာစားပွဲမှာ ခပ်တည်တည်နဲ့  ဧည့်သည်လာလုပ်နေတယ်။ သေပြီဆရာ တတ်နိုင်ဘူးဗျာ မီးစင်ကြည့်ကရတော့မှာပဲ။

အရင်ဆုံး စာမျက်နှာမှာတွေ.တာ ခေါင်းစဉ်က sopa တဲ့ ။ အဟဲ သေချာတယ် ဒါတော့ စွပ်ပြုတ်ပဲနေမှာ။ ခက်တာက အောက်က ရေးထားတာတွေ တစ်လုံးမှ နားမလည်ဘူး။ ဒီလိုနဲ့  အင်တာနေရှင်နယ် ဘာသာစကားသုံးပြီး ကိုယ့်ဆရာကို မေးရတော့တာပေါ့။ ဘာကောင်းလဲဆိုပြီး။ သူက တစ်ခုကို လက်ညှိုးထိုးပြတယ်။ အားကြီးကောင်းဆိုပဲ ဘာလို့ လဲဆိုတော့ လက်မကို တစ်ချောင်းဟုတ်ဘူး
နှစ်ချောင်းတောင်ထောင်ပြပြီး အပြည့်အ၀ အာမခံချက်ပေးတာ။ လုပ်လိုက်ကွ သူကကောင်းတယ်ဆိုတော့လည်း အင်းကောင်းတယ်ပေါ့။ တခြားဟာတွေလည်း ထိုနည်းလည်းကောင်းရယ်။ ဘာဘာ ဘာမှမသိဘူး သူကောင်းသမျှ ဇင်ယော်ပါ ခပ်တည်တည်နဲ့  လိုက်ကောင်း နေရတော့တာပဲ။ ဒင်းကတော့ ထင်မှာပဲ ဘယ်ကတောသား ဒီလာပြီး ၀ါးတီးဆွဲပါလိမ့်ဆိုပြီး။

လိုအပ်သည်များကို မှာကြားပြီးသကာလ ( အဟဲ သတင်းစာ ဖတ်တာများသွားလို့ အဲဒီထဲက အတိုင်းရေးလိုက်မိတာ၊ စိတ်မရှိနဲ့ ) ဆရာသမား လာချပေးထားတဲ့  ရေတစ်ဖန်ခွက်ကို အဖော်လုပ်နေရတာ ကြာပေါ့။ စားစရာက တော်တော်နဲ့ မရောက်သေးဘူး။ ဗိုက်ဆာပါတယ်ဆိုမှနော် အလိပ်လိပ်ထွက်လာတဲ့ ဒေါသကိုပဲ ၀ါးတီးအမှတ်နဲ့  ပြန်မြိုချနေရတယ်။ အတော်လေးကြာမှ ရောက်လာ ပါပြီဗျား သူကောင်းတယ်လို့  ညွှန်းတဲ့ မဟာစွပ်ပြုတ်တော်ကြီး။ ဘယ်လိုဟာပါလိမ့်ဆိုပြီ့း သေသေချာချာကြည့်လိုက်တော့ အမ် အထဲမှာ ပုဇွန်ကောင်လေးတွေနဲ့ ၊ ပြီတော့ ဘာမှန်းမသိတဲ့ အရွက်စိမ်းစိမ်းတချို.ရယ် ဟဒါပဲလား ဆိုပြီးမေးလိုက်တော့ နောက်ထပ်လက်မ ထပ်ထောင်ပြလို့  ကမန်းကတန်း လက်ကာပြလိုက်ရသေး။ မတော်လို့  အဲဒီလက်မကြီး စွပ်ပြုတ်ပန်းကန်ထဲ ရောက်လာမှ ဒုက္ခနော်။

ထူးပါဘူး ဗိုက်ဆာဆာနဲ့  အားပါးတရ ခပ်သောက်လိုက်တော့ ဟိုက်ရှားဘား ခေါင်းပေါ်က ရှိသမျှဆံပင်တွေ အကုန်ထောင်ကုန် ပါရောလား။ ပူချက်ဗျာ စွပ်ပြုတ်ပူပူမှာ ငရုတ်ကောင်းမှုန့် နိုင်ချင်းခတ်ထားတာ ပါးစပ်ထဲ ပင်နာတူဘိုမီးတောင် ပေါက်နေသလား မှတ်ရတယ်။ သေပြီဟ ဒီစွပ်ပြုတ်သာ အကုန်ဆက်သောက်လို့ ကတော့ သေချာတယ် ဒီည အိမ်သာထဲမှာပဲ အိပ်ယာလုပ်အိပ်ရမှာ။ နောက်ဘာလာဦးမလဲ မျှော်နေတုန်း လာချတာက စပါဂတီလိုလို ခေါက်ဆွဲကြော်လိုလိုတစ်ပွဲနဲ့  သိုးသားကြော်ချက်တစ်ပွဲ၊ ဆလပ်တစ်ပွဲရယ် ဒါပဲ။ ဇင်ယော်ကလည်း ခေါက်ဆွဲကြော်ဆို ဘယ်လိုမှ ခံတွင်းတွေ.တဲ့ ကောင်မဟုတ်ဘူး။ ခုတော့ ဒါကိုပဲ အဟုတ်ကြီးလုပ်ပြီး စားရတော့မယ်။ မှတ်ပြီလား ကိုလက်မကြီးရေ။ ထောင်ပြစမ်းပါဦး နောက်ထပ်မဟုတ်တရုပ်တွေ။ စိတ်ထဲကနေ ခုန ၀ိတ်တာကို ရေရေလည်လည်ကို ကြိမ်ဆဲနေတော့တာ။

စိတ်တိုတိုနဲ့  ခေါက်ဆွဲကို စားပွဲပေါ် တွေ.ရာ ဆော့စ်ဆမ်းပြီး တီးရတော့တာပေါ့။ အမ် ဒင်းကလည်း စပ်တယ်ဗျ။ ခေါက်ဆွဲက စပ်ရတဲ့ ကြားထဲ ဆမ်းမိတဲ့  ဆော့စ်က လူဝီစီယားနားငရုတ်သီးဆော့စ် ပုလင်းအကြီးပါလားဗျာ။ တကယ်ပြောတာ ထိုင်ငိုချင်စိတ် ပေါက်သွားတယ်။ ဒီညတော့ ငါ့ဘ၀ ငရုတ်သီးခွက်ထဲ ပက်လက်မျောရတော့မယ် ထင်ပါရဲ့ဆိုပြီးတော့လေ။ စိတ်ကလည်းတို ဒေါသကလှိမ့်ပြီးတော့ထွက် ငရုတ်သီးစပ်တာပါ ပေါင်းပြီး လူကတရှုးရှုးရှဲရှဲနဲ့ ။ ပြီးမှ ဖြစ်သေးပါဘူး တော်ကြာငါ့ကို နွားသိုးကြီး နှာမှုတ်နေတယ်ထင်ပြီး သူတို့ ဆီက နွားရိုင်းသတ်ပွဲပို့ လိုက်မှဖြင့် ဒုက္ခဆိုပြီး အသာလေးကြိတ်မှိတ်ပြီး မြိုချနေရတာပေါ့။

ကြာတော့ ဗိုက်ကဆာနေပေမယ့် ပါးစပ်က မခံနိုင်တော့ဘူး။ စပ်လွန်းလို့  ချွေးတွေလည်းထွက်၊ လျှာကလည်း အပြင်တစ်တောင် လောက်ရောက်၊ မျက်လုံးကြီးပြူးပြီး ဇင်ယော်ကနေ ဇီးကွက်ဖြစ်တော့မယ်။ ရေတစ်ဖန်ခွက်ကလည်း ခုနတည်းက ကုန်ပြီ။ ဟိုပြေးဒီပြေးနဲ့  အလုပ်များနေတဲ့  ကိုယ်တော်ချောကို လှမ်းခေါ်ရတော့တာပေါ့။ ဆရာသမားက ခဏလေးပါတဲ့  ပြေးရင်းလွှားရင် လက်ကလေးထောင်ပြတယ်။ ၀ါးတားမြန်မြန်ယူခဲ့ လို့ အော်ပြီး ဖန်ခွက်ကို လက်ညှိုးထိုးပြတော့ နားမလည်တဲ့ ပုံလေးနဲ့  အဝေးက မျက်လုံးကြီးပြူးပြတယ်။ ဇင်ယော်ဒေါသက မထိမ်းနိုင်တော့ဘူး။ ၀ါးတားဆိုတာ ဟောဟို ရေတံခွန်ပေါ်က စီးကျနေတဲ့  နင့်အမေလင် ရေတွေပဲကွဆိုပြီး ရေတံခွန်ကို လက်ညှိုးထိုးလို့  ဗမာလို အော်ဆဲမိတော့တာပဲ။ အဲဒီတော့မှ ခပ်ကုပ်ကုပ်လေးပြေးတော့တာ။ ရေယူလာမလားအောက်မေ့လို့  စောင့်နေမိပါတယ်။ ကိုယ်တော်ချောက ရေတံခွန်လေးနားမှာ တစ်ယောက်ထိုင်စာ ခုံလေးသွားခင်းပြီး ဇင်ယော်လေးစားနေတဲ့  စားပွဲပေါ်က ပန်းကန်တွေယူပြီး အဲဒီစားပွဲလေးပေါ် ပြေးပြီးတင်တော့တာပဲဗျာ။

ဒင်းဘာသာပြန်လိုက်တာက ရေတံခွန်နားမှာ စားချင်လို့  နေရာပြောင်းခိုင်းတယ် ထင်သွားတယ်လေ။ အောင်မလေးဗျာ လွဲချက်က တော်တော်ရင်နာဖို့ ကောင်းတယ်။ ဇင်ယော် ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ စိတ်တိုဒေါသထွက်တာရော စိတ်ညစ်တာရော ပူစပ်နေတာရော အာလုံးပေါင်းပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟပြီး ဒင်းကို ထိုင်ကြည့်နေမိတယ်။ ဇင်ယော်လေးအဖြစ်ကို မြင်မိတဲ့  မလှမ်းမကမ်းက ၀ိုင်းကလူတစ်ယောက်က ထလာပြီး သူဘာများကူညီပေးရမလဲတဲ့  ဘိုလိုလာမေးရှာတယ်။ အောင်မလေး ကျေးဇူးရှင်ရယ် ခုနတည်းက ပေါ်လာပါတော့လား။ ဇင်ယော်လေးလည်း ဖြစ်သမျှအကြောင်း နတ်သံနှောလို့  ဇာတ်စုံခင်းရတာပါ့။ အဲဒီတော့မှ အကြာင်းစုံသိရတဲ့  ဆရာသမားလည်း ရေသန့် အေးအေးတစ်ဗူး အမြန်ပြေးယူပြီး ဇင်ယော်လေးကို တောင်းပန်တော့တယ်။ ဘေးဝိုင်းကလူက ဘာသာပြန်ပေးတော့လည်း သူမသိလို့ ပါလားဆိုပြီး ကျေနပ်ရတော့တာပေါ့။ အားလုံးပြီးလို့  ပြန်မယ်လုပ်တော့ ခုန၀ိုင်းကို သွားပြီး ကျေးဇူးတင်စကားပြောရတာပေါ့။ သူတို့ က တခွိခွိနဲ့  အကြောင်းစုံသိလိုက်ရတာကိုး။ ၀ိတ်တာ ဆရာသမားကတော့
မျက်နှာလေး မချိုမချဉ်နဲ့  ဘလာဘလာ လာပြောနေသေးတယ်။ အသာလေးလက်ကာပြပြီး ရပါတယ်၊ နားလည်ပါတယ်ဆိုပြီး ပြန်လာရတယ်။ အော် ဘာသာပြန်လွဲချက်ကတော့ တစ်သက်မှာတစ်ကိုယ် မှတ်သားလောက်ပေတယ်ဗျာ။ ။ ။

Wednesday, October 1, 2008

ကျနော်နှင့်ပထမဆုံးများ

ဟဲဟဲ လာပြန်ပြီ နောက်တက်ဂ်တစ်ခု။ တက်ဂ်ဆိုရင် အခုနည်းနည်း သွေးလန့် နေတယ်။ ခဲမှန်ဖူးတဲ့  စာသူငယ်လို လေးညှို.သံကြားရင် နေစရာမရှိ ဖြစ်နေလားမသိဘူး။ အဟီး မောင်နှမတွေကို ခင်လို့ စတာပါဗျာ။ စိတ်မဆိုးကြပါနဲ့ ။ တက်ဂ်ထားတာတော့ ကြာပါပြီ။ ရေးဖို့ ပြင်ရင်းနဲ့ ပဲ အကြောင်းကြောင်းတွေကြောင့် တော်တော်နဲ့  မရေးဖြစ်တာဗျ။ တက်ဂ်ထားတဲ့သူကတော့ ကျနော် ဘလော့ရေးခါစတည်းက ခင်မင်ရတဲ့ အစ်ကိုကြီးပါ။ သူ့ ဘလော့မှာ ကဗျာလေးတစ်ပုဒ်တွေ့ မိလို့  ကျနော်လည်း အားကျပြီး လင်္ကာလေးတစ်ပုဒ် လိုက်ရေးမိတာ နည်းတောင်နည်းသေးတယ်ဆိုပြီး အားပေးခဲ့တဲ့ ကျနော်ရဲ့ ချစ်လှစွာသော အစ်ကိုကြီး ကိုအောင်သာငယ်ပါဗျာ။ အဟီး မရေးလို့ လည်း မရတော့ဘူး။ တော်တော်များများက ရေးပြီးနေပြီ။ တော်ကြာ ပထမဆုံးများကို နောက်ဆုံးမှရေးသူဆု ရနေရင် ဒုက္ခ။ နောက်ပြီး အိမ်ရှေ.ကနေ ဇင်ယော်ကြီးညာတယ် ဆိုပြီး ဘကြီးအောင် အဲဗျ မှားလို့  ကိုကြီးအောင်က သီချင်းလုပ်ဆိုနေမှာလည်း ကြောက်ရသေး။ နောက်ဆုံးတော့ 256 Mb ပဲရှိတဲ့  ဦးနှောက်ကို ဖွင့်ပြီး အသည်းအသန် ရှာဖွေရေးလုပ်ကာ ပထမဆုံးများကို ချရေးလိုက်ပြီဗျို.။ ( ကိုကြီးအောင် ရေးသလို လိုက်ရေးထားတာပါ။ အစီအစဉ် ကျချင်မှ ကျပါလိမ့်မည်။ သည်းခံ၍ ဖတ်ရှုတော်မူကြပါကုန်။ )


ပထမဆုံးတက်ရသည့် ကျောင်း - သင်္ဃန်းကျွန်း ဆရာအတတ်သင် လေ့ကျင့်ရေးမူလတန်းကျောင်း။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်းပေါ့ဗျာ ( ဟီး တစ်ခန်းပဲရှိတာဗျ )

ပထမဆုံး အတန်းပိုင်ဆရာမ - အဟဲ နံမည်တော့ မမှတ်မိတော့ဘူး။ မှတ်မိတာက ခေါင်းခေါက်တာတော့ ထူပူနေအောင် ခေါက်တာဗျ။ ( ဆရာမက လက်ရေးလှရေးရင် ပုလဲလုံး၊ ရွဲလုံးလေးတွေလိုရေးတဲ့ ။ မြင်မှမမြင်ဖူးပဲဟာ။ မြင်ဖူးတဲ့  ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီထားသလို ရေးလိုက်တာ ဒေါက်ဒေါက်နဲ့  ခေါင်းကို တေဇောဘမ်းလိမ်းထားသလား အောက်မေ့ရတယ်။ )

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မိုးသူအောင် ( ကျနော့်အစား သူပဲလက်ရေးလှရေးပြီး ခဏခဏ ခေါင်းခေါက် မခံ ရအောင် ကူညီရှာတဲ့ သူငယ်ချင်းပါ )

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သဲသဲအေး ( ကျနော်ကတော့ အဲဒီအချိန်တည်းက သူ့ ကို သဲလေးလို့ ခေါ်တယ်ဗျ။ ခုတော့ ဘယ်ရောက်နေမှန်း မသိ။ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ )

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဗုဒ္ဓ၀င် ပုံပြစာအုပ် ( အဟဲ အဓိကကတော့ ပုံတွေလိုက် ကြည့်တာ။ ပြန်ပြောပြရင် အဖိုးက မုန့် ကျွေးတယ် )

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မမ ၀၀ ထထက ။ အက ပထမ။ ကပါကပါ မမရာ။ ညညလ သာသာ။ ညအခါ .... မှတ်မိတော့ဘူးဗျ။

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း ဒုတိယဆု ( ဟဲဟဲ အဲဒီတည်းကတော်ချက်၊ ကြီးတော့မှ ချာတူးလန်သွားတာ )

ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၃၈) ဘတ်စ်ကား။ ( ကြပ်ကကြပ်၊ အသက်ရှုလို့ မ၀နဲ့  ဆင်းပြေးမယ်လုပ်လို့  အမေက မနည်းဆွဲထားရတယ် )

ပထမဆုံး ဆိုခဲ့သော သီချင်း - အဟီး ကမ္ဘာမကြေပေါ့ဗျာ။ ( ကျောင်းဆင်းချိန်ဆို အားရပါးရ ဆိုလို့ ကောင်းလိုက်တာ။ အိမ်ပြန် ရတော့မယ်လေ )

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ချစ်မိတော့လည်း အပြစ်ရှိမှာ မကြောက်ပါဘူး။ ဒါပေမယ့် ပြန်မချစ်မှာတော့ ကြောက်တယ် ( ဟီးဟီး ဒီလိုဒီလို အရေးကောင်းတာ )

ပထမဆုံး ကဗျာ - ပြိုင်မြင်းတွေ မျဉ်းပြိုင်တွေကြား ပြေးနေတာကို မြင်းပွဲတဲ့။ လူသားတွေ လောဘ၊ဒေါသ၊မောဟတွေကြားမှာ ပြေးနေတာကိုရော..... အဲဒါ ဘ၀ ပဲနေမှာပေါ့။ ( ဘာရယ်မဟုတ်ပါဘူး။ စိတ်ညစ်နေတုန်း ချရေးမိတာ၊ ကဗျာလိုလို စာလိုလိုပေါ့ဗျာ )

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ကျိုက်ထို ( ကျိုက်ထီးရိုးတက်ရင်း ရောက်ဖူးခဲ့တာ )

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ဟောင်ကောင် ( အဲဒီတုန်းက တရုတ်အောက် မရောက်သေးဘူး )

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ဂျိုးသိန်း။

ပထမဆုံး သောက်ဖူးသော အရက် - ဆမ်တိုရီ ၀ီစကီ ( ၆တန်းတုန်းကပါ။ ဘိုးတော်လက်ဆောင်ရထားတဲ့ ပုလင်းကို ဘီဒိုထဲ ထည့်ထားတာ။ ဘာမှန်းမသိလို့  စူးစမ်းချင်တာနဲ့  မြည်းကြည့်တော့ ကောင်းသဟ။ ဒါနဲ့  မြည်းရင်းမြည်းရင်း တော်တော်လေး လျော့သွားတော့ ဖြစ်ချေဘူးဆိုပြီး ရေနွေးကြမ်းတွေ ပြန်ရောထားတာ သိသွားတော့ ရေရေလည်လည် အဘေခံရတော့တာပဲ။ )

ပထမဆုံး ပစ်ဖူးသော သေနတ် - အဟဲ ကျိုက်ထီရိုးသေနတ်လေ။ ကျည်ဆံမကုန်ဘူး။ လှည့်ရင်လှည့်သလောက် အသံထွက်တယ်။

ပထမဆုံး ဘလော့ပို့စ် - နှုတ်ခွန်းဆက်စကား

ပထမဆုံး ရဖူးသော လက်ဆောင် - ၄ တန်းတုန်းက ကျောင်းပြောင်းခါနီး ဖိုးငယ်ဆိုတဲ့ သူငယ်ချင်းကပေးတာ၊ ရောင်စုံခဲတံလေးတွေ။ ( အခုထိ သိမ်းထားတယ် )

ပထမဆုံး အကြိမ် ထီပေါက်ခြင်း - ၃ လုံးပေါ့။ ၉၈တုန်းကလေ။ အိပ်မက်ကို အတိတ်ကောက်ပြီး ထိုးတာ။ ပေါက်ချင်လို့ သာ ပေါက်တာ။ ကောက်လိုက်တာက တလွဲကြီး။ ( တနင်္လာကို ၁၊ အင်္ဂါကို ၂ ဆိုပြီး )

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - ၉တန်း ဇ၀နမှာ ကျူရှင်တက်တုန်း ကျူရှင်နားက လက်ဖက်ရည်ဆိုင် ( ခုတော့ မရှိတော့ဘူး ) ( လက်ဖက်ရည်ကောင်းမကောင်းတော့ မှတ်မိဘူး။ ကောင်မလေးတွေကတော့ တော်တော်လှတယ်ဗျ။ )

ပထမဆုံး ၀င်ငွေရှာသော အလုပ် - မုန့် ဖိုးမပေးလို့ ဆိုပြီး အဖေ့ဆိုင်ကယ်ထဲက ဆီတွေထုတ်ရောင်းတာပေါ့။ သိသွားတော့ ကျောပြင်ကို ဗျောတင်ရော။

ပထမဆုံး ရဖူးသော လစာ - ၇၀၀ လား သေသေချာချာ မမှတ်မိဘူး။ အကုန်လုံး အမေ့ကို အပ်လိုက်တယ်။ ပြီးမှ ပြန်တောင်းသုံးတာ အဆပေါင်း ရာထောင်ချီလို့ ။

ပထမဆုံး ရင်ခုန်မှု - ( အဟီး အစ်ကိုအောင်ရေ ဒါတော့ တူသွားလို့  သည်းခံပါ။ ) ပထမဆုံး အကြိမ်ရည်းစားစာ လိုက်ပေးတုန်းက။ ( သူငယ်ချင်းတွေ ကောင်းမှု အကြောင်းပြုလို့  သူလေးကို ကျောင်းအဆင်းမှာ ရည်းစားစာ လိုက်ပေးရတာ။ )
ဟဲ့ ဟဲ့ ခဏလေးနေပါဦး။
ဘာလဲ ဘာလုပ်မလို့ လဲ။
ဒီစာလေး ယူသွားပါဟာ။
ဘာစာလဲ။
ရည်းစားစာ။
ဘာ ( အသံနည်းနည်း ကျယ်သွားတယ် )။
ဟာ နင်ကလည်း တိုးတိုးအော်ပါဟ။ ဟို စာအိတ်က မ၀ယ်ရသေးလို့  ဒီအတိုင်းပဲ ခေါက်ထားတာ ယူသွားပါနော်။ ခြေထောက်လေးဆောင့်ပြီး ယူသွားတော့ ပျော်လိုက်တာ။ နောက်နေ့  ချက်ချင်းအဖြေရတာပဲ။ သူ့ ဆီကတော့ ဟုတ်ဘူး။ ကျောင်းအုပ်ဆရာမကြီးဆီက။ ရုံးခန်းကို ကြွမြန်းတော်မူပါတဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) - ဇော်ဝင်းထွဋ္ဋ်ရဲ. ဒုတိယမြောက်ထွက်တဲ့ အခွေ ( နံမည်တော့ မှတ်မိတော့ဘူး )

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - အဟီး သူငယ်ချင်းဂစ်တာ ယူပြီး တီးကြည့်တော့ သြဘာပေးတယ်။ A to Z ရှိသမျှ တစ်ခုမှ ကီးမကိုက်ဘူးတဲ့ ။ စိတ်နာလို့  မ၀ယ်လိုက်ရဘူး။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - Guns & Roses

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - အသေအချာတော့ မမှတ်မိဘူး။ Tom Clancy ရေးတာ။ ရုရှားက MIG တိုက်လေယဉ်ကို အမေရိကန်စပိုင်က သွားခိုးတဲ့ အကြောင်း ရေးထားတာ။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - မှတ်မှတ်ရရ ၉ တန်းနှစ်က။ အိမ်စာတွေ မပြီးသေးလို့  သင်္ချာကမန်းကတန်းတွက်နေပါတယ်ဆိုမှ မော်နီတာဆိုတဲ့ ကောင် အနားမှာလာပြီး ဘလာဘလာ လုပ်နေတာ။ အမြင်ကပ်ကပ်နဲ့  ထောက်ချွန်နဲ့ သူ့ လက်ဖ၀ါး မိတ်ဆက်ပေးလိုက်တယ်။ မှတ်ကရော။ လူလည်း ကျောင်းမထွက်ရတာ ကံကောင်း။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - သေသေချာချာ မှတ်မိတော့ဘူးဗျ။ ပထမတန်းနဲ့ တူတယ်။ သေချာတာက စာမရလို့  အဘေခံလိုက်ရတယ်။

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၈ တန်း။ ( မပြေးဖူးလို့  ဘယ်လိုနေလည်း သိချင်လို့  ပြေးကြည့်တာ )

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ကျောင်းရှေ.က ပန်းခြံပေါ့။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ၁၉၉၆ ( Visit Myanmar Year အမှတ်တရပေါ့ )

ပထမဆုံး သောက်ဖူးသော စီးကရက် - ဒူးယား။ ( စတိုင်လေးရှိမလား သောက်ကြည့်ပါတယ်။ တခါတည်း ကြိုက်သွားပါလေရော။ ) ( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ )

ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာမင်းသိင်္ခရဲ. ဆားပုလင်းနှင်းမောင်နဲ့ မမင်းဖြူမှန်မှန်ပြော။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - ပြောပြီးပြီလေ ကမ္ဘာမကြေပါဆို။

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - ကလေးဆေးရုံပေါ့။ မွေးကာစ ကျန်းမာရေးမကောင်းလို့  တက်ခဲ့ရသေး။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ညီမ ရွှေပြည်သူ

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ညီငယ် မောင်မျိုး

( အကြွေးဆပ်ဖို့ ရေးနေတုန်းလေး ညီငယ် မောင်မျိုးနဲ့  ညီမ ခေါင်ခေါင်က လာအော်သွားသေးတယ်။ ပထမဆုံးအကြောင်း ရေးပေးပါတဲ့ ။ ကဲ ရေးပြီးပြီဗျ။ ဖတ်ပေတော့။ )

Monday, September 29, 2008

အ၀ါရောင်စာရွက်လေး

တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြီးစိုးထားတဲ့ ရုံးခန်းလေးထဲရှိ နောက်မှီကုလားထိုင်လေးပေါ်မှာ အသာအယာ မှီထိုင်လိုက်ရင်း ကျနော် ပြောစရာ စကားလုံးတွေကို စိတ်ကူးထဲမှာ ရွေးချယ်နေမိသည်။ ဒီနေ့  ကျနော်နှင့်တွေ့ ဆုံရန် သူတို့ လာကြပေလိမ့်မည်။ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး အားပေးနေမိသည်။ ငါလုပ်ပေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် သူ့ အတွက် ငါ မဖြစ်ဖြစ်အောင် ကူညီပေးနိုင်မှာပါ။

ထိုင်နေရင်းက သူ့ အကြောင်းလေးကို တွေးတောနေမိသည်။ အမြဲတမ်း ပျော်ရွင်ရယ်မောနေတတ်တဲ့၊ ဖြတ်လတ်တက်ကြွတဲ့၊ စာပေထူးချွန်တဲ့ သူ့ နဂိုပုံရိပ်လေးတွေ ပျောက်ဆုံးသွားခဲ့တာ မဝေးသေးသောကာလ၊ လပိုင်းမျှသာရှိပေဦးမည်။ ခုချိန်မှာတော့ တွေဝေ ငေးမှိုင်နေလေ့ရှိပြီး ကျောင်းစာကိုလည်း စိတ်မ၀င်စားတော့ပဲ ကျောင်းဆင်းချိန်မှာ ကျောင်းအားကစားကွင်း မြက်ခင်းအစပ်လေးမှာ တစ်ယောက်တည်း သွားပြီးထိုင်နေတတ်တဲ့  သူ့ အကြောင်းကို ကျနော်တွေးရင်း ရင်ထဲမှာ နာကျင်နေမိသည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့  ကျနော့်အဖို့ တော့ အဖိုးတန်ကျောက်မျက်တစ်ပွင့် ဖြစ်လာနိုင်စရာရှိသည့် ကျောက်ရိုင်းတုံးလေးကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။ ဒါ့ကြောင့်လည်း အကြောင်းရင်းအမှန်ကို စုံစမ်းမိတော့ ရင်ထဲမှာ သူ့ ကို အတော်သနားသွားမိသည်။

သူဆိုတဲ့  တော်မီလေးရဲ. မိဘနှစ်ပါးက မကြာသေးခင်ကမှ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  တစ်ယောက်တစ်နေရာစီ ခွဲခွာနေထိုင်နေကြပြီး တရားဝင်ကွာရှင်းပြတ်စဲဖို့  စီစဉ်နေကြတာတဲ့။ လောလောဆယ် တရားဝင်အုပ်ထိမ်းခွင့်ကို တရားရုံးမှ အမိန့် မချမချင်း သူကတော့ အဖိုးအဖွားတွေဆီမှာ ခဏတာ မှီခိုနေရသည်။ စိတ်နှလုံးကြေကွဲနေတဲ့ ကလေးတစ်ယောက်ရဲ.ရင်ထဲမှာ ပျော်ရွင်မှုတွေ ပြန်လည်မွေးဖွားလာအောင် ကျနော်ဘယ်လိုဆောင်ကြဉ်းပေးနိုင်မလဲ နေ့ စဉ်နဲ့ အမျှတွေးတောရင်း ကျနော် တော်မီလေးရဲ့ မိဘနှစ်ပါးနှင့်  တွေ့ ဆုံဆွေးနွေးဖို့  ဆုံးဖြတ်လိုက်သည်။ ဒါ့ကြောင့်လည်း တော်မီလေးရဲ့ မိခင်နှင့် ဖခင်ဆီကို ကျောင်း ကိစ္စှနှင့် ပတ်သက်ပြီး ကျနော်နဲ့ လာတွေ့ ဖို့  စာတစ်စောင်စီ ပို့ လိုက်တာပါ။ ဒီနေ့  ကျနော်နဲ့ တွေ.ဖို့  သူတို့  လာကြပေလိမ့်မည်။

တွေးတောနေရင်းက တော်မီလေးရဲ့ အဖေနဲ့ အမေတို့  မရှေးမနှောင်းပင် ရောက်လာကြပေပြီ်။ ခရီးဦးကြိုနှုတ်ဆက်ကာ ကျနော့်စားပွဲရှေ.က ကုလားထိုင်တစ်လုံးစီမှာ နေရာချပေးလိုက်သည်။ သူတို့ ကို မသိမသာ အကဲခတ်ရင်း တော်မီလေးရဲ့ ပညာရည်တိုးတက်မှု မှတ်တမ်းနှင့် အခြားသော သက်ဆိုင်ရာ စာရွက်စာတမ်းအချို.ကို အံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။ သူတို့ က တစ်ဦးကိုတစ်ဦး မသိကျိုးကျွံပြုလျှက်၊ စကားတစ်ခွန်းမျှမဆို၊ မသိလိုက်မသိဘာသာပင်။ အရွယ်နဲ့ မမျှအောင် ခံစားနေရတဲ့  ကြေကွဲဝမ်းနည်းနေတဲ့  ကလေးတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်၊ အပြုအမူအနေအထိုင်တွေက သူချစ်မြတ်နိုးရတဲ့ မိဘတွေရဲ့ ခွဲခြားနေထိုင်မှု၊ ကွာရှင်းပြတ်စဲ ဖို့ စီစဉ်နေမှု၊ မိဘရင်ငွေ့ အောက်မှာ နေထိုင်ရမယ့်အရွယ်မှာ အခြားသူတွေရဲ့ အုပ်ထိမ်းမှုအောက်မှာ နေထိုင်ရမှု စတာတွေရဲ့ ရိုက်ခတ်ခြင်းဆို သူတို့ တွေ သိမှသိပါလေစ။

ကျနော်တည်ငြိမ်အေးဆေးစွာပဲ သူတို့ ကို တော်မီလေးရဲ့ ပညာရည်မှတ်တမ်း၊ဘက်စုံတိုးတက်မှုမှတ်တမ်းနဲ့  အခြားသောသက်ဆိုင်ရာ စာရွက်စာတမ်းတချို.ကို လက်ဆင့်ကမ်းကာ ဖတ်ရှုစေလိုက်သည်။ အားလုံးရဲ့ ဘားဂရပ်တွေက ထိပ်ဆုံးမှ အောက်ခြေကို ထိုးကျသွားတာ သူတို့ သတိထားမိစေချင်သည်။ ပြီးတော့မှ ကျနော် တော်မီလေးရဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲသွားပုံ၊ ကျောင်းစာနဲ့  ပတ်ဝန်းကျင်ကို စိတ်မ၀င်စားတော့ပဲ တစ်ယောက်တည်း အထီးကျန်နေလေ့ရှိပုံတွေကို သူတို့ ကို အသေးစိတ်ရှင်းပြလိုက်သည်။ ဒါတွေအားလုံးဟာ မိဘနှစ်ပါးလုံးမှာ လုံးဝတာဝန်ရှိကြောင်း၊ ကြာရင် တော်မီလေးတစ်ယောက် ပတ်ဝန်းကျင်နဲ့  တဖြည်းဖြည်း ကွဲကွာသွားပြီး အထီးကျန်စိတ်ဝေဒနာ ခံစားရမှာဖြစ်ကြောင်း။ နောက်ဆုံးမှာ လူ့ အဖွဲ့ အစည်းကို အကျိုးမပြုနိုင်ပဲ လူဆိုးလူပေလေး
ဖြစ်သွားမှာ စိုးရိမ်မိကြောင်း၊ ကျနော်အကြာကြီး ပြောဆိုနေမိသည်။ သူတို့ တွေဆီက စကားတစ်ခွန်းမှ မကြားရ။ သို့ ပေမယ့် စိတ်ရှုတ် ထွေးပြီး စိုးရိမ်ပူပန်သောကတွေနဲ့  ပြည့်နှက်နေတဲ့  သူတို့ ရဲ. မျက်နှာတွေက တော်မီလေးအပေါ် သူတို့  ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲလေ။

နောက်ဆုံးအနေနဲ့  သူတို့ မိသားစုလေးအတွက် ကျနော်ကြိုးစားကြည့်ချင်သေးသည်။ ကျနော် အံဆွဲထဲမှ ကြေမွနေသော၊ ၀ါကြင့်ကြင့် စာရွက်လေးတစ်စောင်ကို အသာအယာ ထုတ်ယူလိုက်သည်။ ဒီစာရွက်လေးကို ကျနော် ပီတာလေးရဲ့ စားပွဲခုံအောက်က ကောက်ရ ခဲ့တာပါ။ လုံးချေထားတဲ့  စာရွက်လေးကို ဖြန့် ကြည့်လိုက်တော့ အ၀ါရောင် စာမျက်နှာ နှစ်ဘက်လုံးမှာ စာကြောင်းလေးတချို.ကို ထပ်ကာထပ်ကာ ရေးသားထားသည်။ အချို.နေရာတွေမှာ မျက်ရည်စက်တွေ စွန်းထင်းလို့ နေလေရဲ့။ ကျနော်စာရွက်လေးကို ဖတ်နေရင်းက နှလုံးသားကို တစုံတရာက ဖြစ်ညှစ်နေသလို ခံစားခဲ့ရသည်။

ကျနော်စာရွက်လေးကို ပီတာလေးရဲ့ အမေဆီ အရင်ဆုံးကမ်းပေးလိုက်သည်။ ဖတ်နေရင်းက စာရွက်လေးကို ကိုင်ထားသည့်လက်တို့  တဆက်ဆက်တုန်ကာ ရှိုက်သံသဲ့သဲ့မျှ ကြားလိုက်မိသည်။ ပြီးတော့ အဖေဆီသို့  သူမလက်ဆင့်ကမ်းပေးလိုက်သည်။ သူက ပထမစာရွက်လေးကို နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကုပ်ပြီး ကြည့်နေသည်။ ပြီးတော့ တဖြည်းဖြည်းပြေလျော့လာကာ စိတ်ထိခိုက်သည့်ပုံဟန်က သူ့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရသည်။ သူစားရွက်လေးကို သေသေချာချာခေါက်ပြီး အကျီအိတ်ထဲသို့  ယုယုယယ ထည့်လိုက်သည်။ ပြီးတော့မှ သူမ၏ တုန်ယင်နေသော လက်တစ်ဘက်ကို အသာအယာဆွဲယူရင်း သူမပါးပြင်ပေါ်က မျက်ရည်တွေကို လက်ကိုင်ပ၀ါဖြင့် အသာလေးတို့ ထိကာ သုတ်ပေးနေသည်။ သူမကလည်း သူ့ ပခုံးထက်မှာ ခေါင်းမှီငိုရှိုက်ရင်းက သူ့ ကို ပြန်လည်ပြုံးပြသည်ကို ကျနော်တွေ့ လိုက်ရသည်။

ကျနော်ထိုင်ခုံမှ အသာထကာ ပြတင်းပေါက်မှာ မတ်တပ်ရပ်ရင်း အဝေးကရှုခင်းပန်းချီကားလေးကို ငေးမောနေမိသည်။ သူတို့ တတွေ ကဖြင့် ကျနော့်ကို သတိထားမိဟန်မတူ၊ မြင်ပုံလည်းမပေါ်။ ကျနော်ကရော တဖြည်းဖြည်း အမြင်အာရုံတို့ ကေ၀၀ါးသွားကြသည်။ ပတ်ဝန်းကျင်ကို တိုက်ခတ်လာသည့် လေနုအေးက ကျနော့်ပါးပြင်ပေါ်က အေးစက်စက်မျက်ရည်စီးကြောင်းတို့ ကို ခြောက်ခမ်း သွားအောင် အသာအယာပွတ်သပ်လို့  ကျီစယ်သွားလေသည်။ ရင်ထဲမှာ အသာလေး ဆုတောင်းနေမိသည်။ ဒီမိသားစုလေး ပျော်ရွင်ချမ်းမြေ့တဲ့  အိမ်ဂေဟာလေးကို အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ။

ဘုရားသခင်က ဒီမိသားစုလေး ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဒီစာရွက်လေးကို ကျနော်မတွေ.တွေ.အောင် အသေအချာ ညွှန်ပြ ခဲ့ တာပါ။ တကယ်တမ်းပြောရရင် မျက်ရည်စက်တွေ စွန်းထင်းနေတဲ့ ဒီစာရွက်လေးက ကလေးတစ်ယောက်ရဲ့ ဒဏ်ရာရနေ တဲ့ နှလုံးသားက ဝေဒနာတွေကို ဖွင့်လှစ်ပြသလိုက်တဲ့ နေရာလေးတစ်ခုပါ။ သူ့ ရဲ့ မပီဝိုးတ၀ါး အိပ်မက်လေးတွေကို တကယ်တမ်း ဖြစ်လာစေဖို့  ဆုတောင်းခဲ့ တဲ့စာရွက်လေးပါ။ သေချာပါတယ် ဒီစာရွက်လေးမှာ သူ့ နှလုံးသွေးတွေကို မှင်လုပ်လို့ ရေးခြစ်ခဲ့ တာ စာမျက်နှာနှစ်ဘက်လုံးအပြည့်။ စာကြောင်းလေးတွေက အများကြီး မဟုတ်ပါဘူး။ ၃ကြောင်းတည်းရယ် ................................

"............ဖေကြီးကိုချစ်တယ်......"
"............မေကြီးကိုချစ်တယ်......"
"............သားတို့ တူတူနေချင်တယ်........." တဲ့။

( နုနယ်တဲ့နှလုံးသားလေးတွေ မထိခိုက်မနာကျင်စေဖို့ ၊ အဖြူရောင်နှလုံးသားနုနုလေးတွေကို အရောင်မဆိုးမိစေကြဖို့  Chicken Soup of the Soul မှ Jane Lindstorm ရဲ့ Tommy's Essay ကို ခံစားပြီး ရေးဖွဲ.လိုက်တာပါ။ )
( ကျနော် အဆင်မပြေတဲ့ကာလမှ ဂရုတစိုက်နဲ့  စိတ်ပူပေးကြတဲ့ ၊ ဘလော့မှာသာမက မေးလ်နဲ့ ပါ အားပေးကူညီခဲ့ကြတဲ့  ညီအစ်ကို မောင်နှစ်မအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ စိတ်ပူအောင် လုပ်ခဲ့မိလို့  ဒီပို့ စ်လေးကို အချိန်မှီရေးပြီး တောင်းပန် လိုက်ပါတယ်ဗျာ။ ညီအစ်ကို မောင်နှစ်မအားလုံး ကျေနပ်ပျော်ရွှင်နိုင်ကြပါစေလို့ ။ )

Thursday, September 25, 2008

နားလည်နိုင်ပါစေ

အမှန်အတိုင်း ပြောရရင် ကျနော်က စာတွေဖတ်နေရရင် ပျော်နေတတ်တဲ့သူ တစ်ယောက်ပါပဲ။ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ် ကိုယ့်ကို လမ်းမှားရောက်အောင် တွန်းပို့ တဲ့ စာကလွဲရင် တော်တော်များများကို ကျနော်ဖတ်လေ့ရှိပါတယ်။ စာတွေဖတ်တာ ၀ါသနာပါတဲ့  ကျနော့်ကို ခင်မင်တဲ့ သူငယ်ချင်းတချို.က ဖတ်လို့ ကောင်းတဲ့၊ ရသပေးတဲ့  စာလေးတွေကို forward မေးလ်နဲ့  ပို့ ပေးတတ်ကြတယ်။ အဲဒီမေးလ်တချို.မှာ လင့်လေးတွေပါတော့ ဘာပါလိမ့်ဆိုပြီး လိုက်ကြည့်ရင်းကနေ ဘလော့ဆိုတဲ့ ဝေါဟာရနဲ့ စတင်သိကျွမ်းခွင့်ရခဲ့တာပါ။ ဒီလိုနဲ့  ဘလော့တွေကို လိုက်ဖတ်ရင်းကနေ ဘလော့ဂါတွေရဲ. အချင်းချင်း မောင်နှမတွေလို၊ မိသားစုတွေလို၊ မိတ်ဆွေအပေါင်းအသင်း
အရင်းအချာတွေလို ခင်မင်ရင်းနှီးနွေးထွေးတဲ့  ဆက်ဆံရေး၊ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့  စိတ်ဓါတ်လေးတွေကို လေးစားအားကျ မိခဲ့တယ်ဗျာ။ ဖတ်သာဖတ်မိပေမယ့် စီဗုံးမှာရေးဖို့ ၊ ကွန်မန့် ပေးဖို့  လက်တွန့် ခဲ့တဲ့ကျနော် ညီငယ်မောင်မျိုးရဲ. ဘလော့မှာကျတော့ စီဗုံးမှာ သွားသွားအော်ပြီး စခဲ့ရင်းက ညီအစ်ကိုတွေလို ခင်မင်သွားခဲ့ တယ်။ နောက်တော့ ညီငယ်မောင်မျိုး တိုက်တွန်းတာကြောင့် ဒီဘလော့လေးကို စပြီးရေးဖြစ်ခဲ့တာပါ။ ဖတ်နေရင်းက ရေးရတာကိုပါ ပျော်နေမိတာပါ။ ရေးရတဲ့  ရည်ရွယ်ချက် ထွေထွေထူးထူး မရှိခဲ့ပေမယ့် ကိုယ့်ဆီလာလည်တဲ့သူတွေကို ပျော်ရွှင်စေလိုတဲ့  စိတ်နဲ့ ပျော်စရာလေးတွေ ဦးစားပေးပြီး ရေးခဲ့တာပါ။ ဘယ်သူ့ ကိုမှ နစ်နာထိခိုက်စေလိုတဲ့ စိတ်မရှိသလို ဒီဘလော့လေးကို ခုတုံးလုပ်ဖို့ စိတ်ကူး လုံးဝကို မရှိခဲ့ပါဘူး။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို လှုပ်ခါဖို့  ဘယ်စာပိုဒ်ကိုမှ ရည်ရွယ်ပြီး မရေးခဲ့ပါဘူး။ အနည်ထိုင်နေတဲ့ ဘ၀တွေကိုလည်း လေပြင်းမတိုက်စေရပါဘူး။ ကျနော်ရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင့် တစုံတရာ ထိခိုက်နစ်နာ သွားတာရှိခဲ့ရင် ကျနော်အနူးအညွတ် တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ပို့ စ်လေးကိုလည်း
ကျနော်ပြန်လည် ဖြုတ်သိမ်းလိုက်ပါပြီ။ ကျနော့်အစ်မ မ၀ါကိုရော၊ ခင်မင်စွာနဲ့  ကွန်မန့် ရေးပေးခဲ့သူတွေကိုရော ကျနော် တောင်းပန်ပါတယ်။ မလေးစား တန်ဖိုးမထားလို့  မဟုတ်ပါဘူး။ အကြောင်းကြောင်းမို့  နားလည်ပေးပါလို့ ။ ပြီးတော့ ကျနော် ဒီဆိပ်ကမ်းလေးကနေ ခဏတာ ခရီးထွက်ပါဦးမယ်။ ဘလော့တွေ လိုက်မလည်ဖြစ်ခဲ့ ရင်၊ စီဗုံးမှာ ပြန်မအော်နိုင်ခဲ့ရင် နားလည်ပေးနိုင်မယ်လို့  မျှော်လင့်မိပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဇင်ယော်

Monday, September 22, 2008

ပြပွဲနဲ့ ပြိုင်ပွဲ

တနေ့ က ကိုငယ်ရဲ. အလင်းနဲ့ ရေးတဲ့  ပန်းချီကားတွေကို သွားငေးရင်း စီဗုံးမှာ ရေးထားတာ တွေ့ လိုက်တယ်။ နောက်နေ့ မနက်ကျမှ မြူးမြူးကြွကြွလေး တင်မယ်တဲ့ ။ နောက်နေ့ မနက် သွားစပ်စုတော့ မတွေ့ လို့  သွားအော်တာပေါ့။ ညနေကျမှ
ကိုငယ်က လာပြန်အော်တယ်၊ လာကြည့်တော့ ရပြီတဲ့ ။ ဟဲဟဲ သွားကြည့်တော့ ဟိုက်ရှားဘား.... တစ်ဆယ်တန် ပြပွဲလေး အကြောင်းကို ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  ဖော်ပြထားတာ သွားကြည့်ချင်စရာ။ ဇင်ယော်လေးလည်း ဒီပွဲလေးကို အရင်တည်းက သတင်းစာ ထဲမှာရော လက်ကမ်းကြေငြာစာရွက်တွေထဲမှာရော တွေ့ ဖူးတော့ စိတ်ဝင်စားနေခဲ့ တာ ကြာပြီပေါ့ဗျာ။ ဒါနဲ့ ပဲ ဇင်ယော်လေးလည်း ကိုငယ်ရဲ့ ကြေငြာကောင်းမှုကြောင့် အပြေးအလွှား သွားရတော့တာပေါ့။

ရောက်သွားတော့ ညနေစောင်းနေပြီ။ ဆန်းဒေးဆိုတော့ လူကလည်း များမှများ။ ၀င်ကြေး၁၀နဲ့  လက်မှတ်လေး ၀ယ်ပြီးသကာလ ၀င်ဖို့ အပေါက်က မှားနေရသေးတယ်။ အပြင်ခဏထွက်ပြီး ပြန်ဝင်တဲ့ လူတွေ ၀င်တဲ့ အပေါက်ကို သွားဝင်တာကိုး။ အပြင်ခဏ ထွက်ချင်ရင် လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ ပြန်ဝင်ရင် အဲဒီတံဆိပ်ကို စကမ်ဖတ်တဲ့စက်နဲ့  ဖတ်ပြီးဝင်ခွင့်ပေးလိုက်ရော။ ဇင်ယော်လေးတို့ ကို လက်ပြဆိုလို့  ဘာလုပ်ဖို့ လည်း မေးမှအဲဒီ တံဆိပ်ကိစ္စ သိရတာလေ။ ဒီလိုနဲ့  အထဲလည်း ရောက်ရော သားရေကျစရာတွေ များမှများ။ ပြထားတဲ့ ကားတွေကို ပြောပါတယ်။

ဘာတွေလျှောက်ရေးနေလဲမသိဘူး။ ခေါင်းစဉ်နဲ့ လည်း ဘာမှမဆိုင်ဘူးလို့  ထင်နေဦးမယ်။ လျှောက်ကြည့်နေရင်း ဇင်ယော်လေး တွေးမိတဲ့ အတွေးလေးကို ခေါင်းစဉ်လေးတင်လိုက်မိတာပါ။ ဒီပြပွဲလေးမှာ အားပြိုင်ပွဲလေးတစ်ခုကို တွေ့ လိုက်ရသလိုပဲ။ လူသားတွေ ဖန်တီးထုတ်လုပ်ထားတဲ့  ကားနဲ့ အပိုပစ္စည်းတွေရယ်၊ နောက်ပြီး လူသားစင်စစ်ဖြစ်တဲ့  car model လေးတွေရယ် အားပြိုင် နေကြ သလိုပါပဲ။ ဘာလို့ လည်းဆိုတော့ လာကြည့်တဲ့ သူတွေ တော်တော်များများပေါ၊့ ဖြစ်ပုံရယ်လေ ကားတွေကို အာရုံစိုက်ပြီး ငေးမော သဘောကျ၊ ပြီးတော့ ဓါတ်ပုံတွေရိုက်ကြနဲ့ ပေါ့။ ဟော ဗြုန်းဒိုင်းဆို မော်ဒယ်လေးတွေက ကားတွေနဲ့  အလှဓါတ်ပုံ အရိုက်ခံ ကြတော့လည်း အလုအယက် ဓါတ်ပုံရိုက်ကြပြန်ရောဗျ။ ယောက်ျားလေးတွေ မပြောနဲ့ ၊ လာကြည့်တဲ့  ကောင်မလေးတွေကတောင် အတင်းတိုးဝှေ့ ပြီး ရိုက်ကြ၊ သူတို့ ကိုယ်တိုင်လည်း တွဲပြီးရိုက်လိုက်ကြနဲ့  ဟုတ်နေတော့တာပဲ။ ကားတွေကိုလည်း မရောင်း ရောင်းရအောင်၊ နံမည်လည်းရအောင် အလှဆင်ယင်ပြီး ပြကြသလို သူတို့ လေးတွေကလည်း နံမည်ကြီးအောင် နောက်ပြပွဲ တွေမှာတွေလည်း သူတို့ ကို ငှားအောင် ဖော်ဖော်ရွေရွေနဲ့  အပြုံးလေးတွေ ဆင်ယင်ပြီး ဓါတ်ပုံလေးတွေ အရိုက်ခံကြ၊ နှုတ်ဆက်ကြနဲ့  ဘယ်သူ့ ကို အာရုံစိုက်လို့ စိုက်ရမှန်းမသိအောင်ပါပဲ။ အင်း လူနဲ့ ကား ဘယ်ဟာက ပိုပြီးအာရုံစိုက်ခံရလဲ၊ ဘယ်သူ့ ကို ပိုပြီးစိတ်ဝင် စားကြလဲ အားပြိုင်တဲ့  ပွဲလေးတစ်ခုလိုပါပဲလေ။

စိတ်နာစရာလည်း ပြောရဦးမယ်။ ဇင်ယော်လေးလည်း ပြထားတဲ့ ကားလေးတွေကို သဘောကျလွန်းလို့  ဓါတ်ပုံလေးတွေ လှည့်ပတ် ရိုက်လိုက်၊ ကြေငြာကမ်းတဲ့  စာရွက်လေးတွေ ဖတ်ကြည့်လိုက်၊ သိချင်တာလေးတွေ ၀င်မေးလိုက်နဲ့  အလုပ်ကို ရှုတ်နေတော့တာပေါ့။ တခါတလေ စိတ်ဝင်တစားနဲ့  ဓါတ်ပုံရိုက်နေတုန်း စာရွက်လာကမ်းပြီး ဘာကားအမျိုးအစားကို စီးပါသလဲတဲ့ ဗျာ။ လာလေ့လာ ပါတယ်ပေါ့။ ကားမစီးနိုင်ပါဘူးလို့ ပြောတော့ ၀ယ်မယ်စိတ်ကူးရင် ဒီလိပ်စာလေးအတိုင်း လာခဲ့ ပါဆိုသေး။ ၃ ခါလောက် အမေးခံရတော့ နဲနဲရွဲ.ချင်လာတယ်။ နောက်တခါဆို SMRT ဘတ်စ်ကား စီးပါတယ်ပြောရင်ကောင်းမလားလို့ ။နောက်လာမေးတာနဲ့  စိတ်ကူးထဲက တွေ့ ရာ နံမည်ကောက်ပြောတော့တာပဲ။ ဒီတော့မှ သာဆိုးသေး၊ သူတို့ ဆီမှာ ကားရေဆေးပါလားတဲ့ ၂ခါရေဆေး ဖရီးဆိုလား လက်ဆောင်ပေးသေး။ အာမခံကုမ္မဏ္ဏီကလည်း သူတို့ ဆီမှာ ကားအာမခံထားပါလားတဲ့  ဘယ်လိုကောင်းကြောင်း ကြေငြာဝင်သေးတယ်။ Survey လုပ်တဲ့ မေးခွန်းတွေဖြေခိုင်းပြီး ချက်ချင်း ကံစမ်းမဲဖောက်ပေးသလို နောက်ထပ်ကံစမ်းမဲလည်း ရှိသေးတယ်တဲ့ ။
ဖြေထားတဲ့  စာရွက်တွေကို သိမ်းထားပြီး မဲပြန်နှိုက်ဦးမှာဆိုပဲ။ တွေးလိုက်မိသေး ထပ်ပေါက်လို့ ကတော့ ရီရဦးမယ်လို့ ။ ကားမစီးနိုင်လို့  ရထားစီးပြီး လမ်းလျှောက်နေတဲ့ ကောင်က ကားအာမခံက ပေးတဲ့  လက်ဆောင်ရပါတယ်ဆိုလို့ ကတော့ ဟာသဖြစ်ဦးတော့မှာလေ။

ဓါတ်ပုံတွေ ရိုက်ကောင်းကောင်းနဲ့  ရိုက်လိုက်တာ ကင်မရာက ဓါတ်ခဲလည်းကုန်၊ ဖုံးကဓါတ်ခဲလည်း ကုန်တော့မှပဲ ရပ်ဖြစ်တော့တယ်။ ဒါတောင် အပြင် Car Drifting Show ကိုမရိုက်လိုက်ရလို့  တောက်တခေါက်ခေါက်ဖြစ်မိသေးတယ်။ ကဲပါလေ....ဖတ်နေရတာ ပျင်းနေတော့မယ်။ ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး။ ကိုငယ်ရဲ့ Pro ဆန်လှတဲ့  ရိုက်ချက်တွေနဲ့ တော့  တခြားစီပါပဲ။ ဒါပေမယ့်  မတင်ရမနေနိုင်လို့  တင်လိုက်ပြီဗျို.။ ပြီးရင် ဝေဖန်ပေးသွားပါဦးနော်။


ဒါလေးတွေက သားသား သရေကျခဲ့ ရတဲ့  ကားလေးတွေပေါ့။

ကျနော့်ရဲ. အကြိုက်ဆုံးလေး

စီးလိုက်ရလို့ ကတော့ ဇိမ်ပဲ။

ဒါလေးလည်း မဆိုးပါဘူး။

Ferrari Testorossa

Ferriri White F430
ရှိသေးတယ်ဗျ။
Lamborghini Collection လေးအားပေးသွားပါဦး။

Lamborghini Murcielago Matt Black

Forward Wheel ( tyre & rim )

Rear Wheel ( tyre & rim )









ဒါကတော့ အင်ဂျင်ခန်းလေးတွေ



ကားအတွင်းပိုင်းက အပြင်အဆင်လေးတွေ


ဝါသနာပါရင် ၀င်ဆော့လို့ ရသေး။

ဘရိတ်system ကို

ဒီလို ဈေးလျှော့ပြီး ရောင်းပေးနေတာ၊ ၀ယ်သေးဘူး မကြိုက်လို့ ။ ဟီးဟီး

ကားကို ဒီလိုလည်း အလှဆင်လို့ ရတယ်တဲ့ ။


ကဲ သားသားတို့ အကြိုက် မွန်းလိုက်။ ဟဲဟဲ အများကြီး ရှိသေးတယ်။ လိုချင်သူများ ဆက်သွယ်ကြပါ။










ဘေးက ဘယ်သူလဲလို့ တော့ မသိချင်ပါနဲ့ ။ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့  ပုံလေးတွေက သားသား သိပ်မပြရဲဘူး။ တော်ကြာ ဟောလီးဝုဒ်က မင်းသားလာငှားမှာ ကြောက်လို့  မထည့်ပေးတော့ဘူးနော်။ ရှိသေးတယ် ဟီးဟီး။