Saturday, October 11, 2008

ဖြစ်သလို ဆိုပါ့လား

အောက်အီးအီးအွတ်.... အင်း အိပ်ကောင်းတုန်းရှိသေး စောစောစီးစီး ဘယ်ကကြက် ၀ီရိယကောင်းပြီး တွန်နေလဲမသိ။ ဘကြီးသာဝ အိမ်ကလား၊ ဒါမှမဟုတ် အရီးလေးမြတို့ အိမ်ကလား။ ကိုယ့်အိမ်နွားတင်းကုပ်ထဲက အကောင်ပဲလားမသိ။ ဒီလောက် တောင်ရှိလှတာ နောက်နေ့  ကာလသားဟင်းအိုးထဲ အလည်ခေါ်သွားလိုက်မယ်။ ဇင်ယော်တစ်ယောက် အိပ်ရာထဲမှာ မျက်လုံးမဖွင့်နိုင်သေးပဲ အသာလေး ပြန်မှိန်းရင်း စဉ်းစားခန်းဝင်နေတာလေ။ ဟ ဒီကောင် တွန်နေတာ ခုထိမရပ်သေးပါလား။ လေးဂွနဲ့ တော့ တွေ.ပြီပေါ့ကွာ။ မျက်လုံးကို ပွတ်သပ်ပြီး လူးလဲထလိုက်တော့ အမ် ... ရွာမှာလည်း ဟုတ်ဘူးဟ။ဟိုက်ရော နှိုးစက် .. နှိုးစက် မြည်နေတာဟ။ ကျောင်းချိန်နီးနေပြီ။ ထုံးစံအတိုင်း အပြေးတပိုင်းနဲ့  ကြွချီတော်မူရတော့မယ်။

ကမန်းကတန်း ကိုယ်လက်သန့် စင်ရင်းက သွားသတိရမိတယ်။ ဟား ဒီနေ့ မနက် အရင်ဆုံးသင်မယ့် ဆရာကလည်း ၁၀မိနစ်ထက် ပိုနောက်ကျရင် ပျက်ကွက်စာရင်းသွင်းတဲ့ဆရာ။ ကျနော့်ဆို သူကပိုသတိထားမိသေး ( အဟဲ အတန်းထောင့်မှာ နံရံမှီပြီး အမြဲငိုက် နေတတ်တာကိုး )။ ဒုက္ခနဲ့ လှလှတော့ တွေ.ကြပြီနဲ့ တူပါတယ်။ မနက်စာကို ဘယ်လိုကြံဖန်ရပါ့။ ... ခေါက်ဆွဲပြုတ် ... ဟား အချိန်မရှိတော့ဘူ။ ညတရေးနိုး ဗိုက်ဆာရင် စားဖို့ ဝယ်ထားတဲ့  မုန့် ပဲ အားကိုးရတော့မှာပဲ။ ရေခဲသေတ္တာထဲ ရှားရှားပါးပါး ကျန်သေးတဲ့ ပေါင်မုန့် နှစ်လုံးနဲ့  tea ပုလင်း လက်ကဆွဲလို့  အခန်းထဲ ပြေးရတော့တာပဲ။ လာခဲ့စမ်း ရှိသမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။

အ၀တ်အစားလဲနေရင်းက မုန့် ကိုကောင်းကောင်းမ၀ါးပဲ စားလိုက်တာ နင်နေလို့  တီးနဲ့ ကမန်းကတန်း မြိုချရတယ်။ အချိန်က မရှိတော့ဘူး။ လမ်းရောက်မှ အင်္ကျီကြယ်သီးတတ်တော့မယ်။ ကျောပိုးအိပ်ကောက်လွယ်ပြီး ဆင်းပြေးရတော့တာပဲ။ အဟဲ လမ်းမှာ ကျန်တဲ့မုန်လေးကိုက်လိုက်၊ လက်ကျန်တီးလေးမော့လိုက်နဲ့  ဘူတာလည်းရောက် အားလုံးလည်းကုန် ကွက်တိ။ ခုမှ ဘူတာထဲကို ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်တဲ့ပုံမျိုး ခပ်တည်တည်နဲ့  အေးအေးဆေးဆေး ၀င်သွားတော့တာ။ အဟဲ ဒါမျိုးက တစ်ပတ်ကို လေးရက်လောက်တော့ ကြုံနေကျ။ ဖြစ်ကတတ်ဆန်း မနက်စာက ဇင်ယော်လေးအဖို့ တော့ မဆန်းတော့ သလိုပဲ။

အမှန်အတိုင်းပြောရရင် ဇင်ယော်က အစားအသောက်ဆို အင်မတန်ကို ခုံမင်တာပါ။ အဲလက်စ်ဆိုတဲ့ သီချင်းထဲကလိုပေါ့ဗျာ။ ဘာတဲ့ မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ ပါပဲ စားလွန်းလွန်းလို့  မင်းလေးကတောင် စိတ်ကုန်နေတယ်။ မိုးလင်းလို့  မျက်စိနှစ်လုံး ကောင်းကောင်းမပွင့်သေးဘူး။ ဒီမနက် ဘာစားရရင် ကောင်းမလဲ စဉ်းစားနေတဲ့ကောင်။ အစားအသောက်ကလည်း ဘာရွေးသလားတော့ မမေးနဲ့ ။ ဂျိုကာလေ ဘာလာလာ အကုန်ဒေါင်းတယ်။ ပြောပြီးပါပကော ခြေ၂ချောင်းဆိုလှေကား၊ ခြေ၄ချောင်းဆို စားပွဲ၊ အသီးထဲမှာ လက်သီးနဲ့ ဂေါက်သီး၊ ( အင်း ကြယ်သီးနဲ့ မီးသီးလည်းပါတယ်....တန့် တန့် လာပြောမှာစိုးလို့  )၊ အဲဒါတွေကလွဲလို့  ကျန်တာ ဘာလာလာပဲ။ အကြိုက်ဆုံးလား ၀က်လေ ၀က် ပါးစပ်ဟထား အကောင်လိုက်ကို မောင်းသွင်းချင်တာ။ အဲဒီလို အစားအသောက်ကို နှစ်သက်မြတ်နိုးလှတဲ့  ဇင်ယော်တစ်ယောက် ဒီရောက်တော့မှ ဒုက္ခကို လှလှရီ အဲမှားလို့  လှလှကြီး တွေ.တော့ တာပဲဗျာ။

နေ့ လည်စာလား။ ထုံးစံအတိုင်း ကန်တင်းပေါ့ဗျာ။ အတန်းနားက ကန်တင်းက lunch break ဆို လူပြည့်နေကျ။ ၀ီရိယကောင်းတဲ့ ဇင်ယော်ကတော့ ဆရာတစ်ယောက်နဲ့ တစ်ယောက် အကူးအပြောင်း ၁၅ မိနစ်လောက်ရတဲ့ အချိန်လေး သွားပြေးဆွဲတာပေါ့။ ၁၁နာရီလောက်ဆို ဗိုက်ကဆာလာတာနဲ့ အတော်ပဲ။ ကန်တင်းကိုပြေး၊ ဆိုင်ရှေ.က တန်းစီနေတဲ့ကောင်မလေးတွေကို လိုက်ငေး အဲမှားလို့  တန်းစီနေတဲ့ လူတန်းကို လိုက်ပြေးကြည့်။ လူအနည်းဆုံးဆိုင်မှာ ၀င်ပြီးစီလိုက်တာပဲ။ သိပ်ပြီး ထွေထွေထူးထူး မစဉ်းစားပါဘူး တရုတ်၊ကုလား၊မလေး၊ဘိုစာ ဘာလာလာ ဗိုက်ပြည့်ပြီးရော စားလိုက်တာပဲ။ အဲ မစားတာကတော့ ဟို အုန်းနို့ ခေါက်ဆွဲ၊ နောက်ပြီး အဲဒီလို အုန်းနို့ ပါတဲ့ ဟင်းတွေ။ အဲဒါတွေစားပြီးရင် နေ့ လည်စာသင်ချိန်ကျတော့ သင်တဲ့ဆရာကို ခေါင်းငြိမ့်ပြီး အပြည့်အ၀ထောက်ခံနေတော့တာ။ တခါများ ထောက်ခံတာ အရှိန်လွန်ပြီး စားပွဲနဲ့  နဖူး မိတ်ဆွေဖြစ်သွားပါရောလား။

lunch break ဆို ဇင်ယော်တို့ က အိနြေ္ဒရနေပြီ။ အေးဆေးပဲ သစ်သီးဖျော်ရည်လေး ဒါမှမဟုတ် ကော်ဖီလေးသောက်ပြီး အာထုရင်းနဲ့  တမနက်လုံး စာသင်ရလို့  ညောင်းညာနေတဲ့ မျက်လုံးကိုလည်း အမြင်လေးအေးအောင် အစာကြွေးရသေးတယ်။ ဒါမှမဟုတ် စာကြည့်တိုက်သွားပြီး စာအုပ်ဖတ်ရင်ဖတ်၊ ဘာမှမလုပ်ချင်ရင်တော့ အတန်းထဲပြန်ပြီး တရေးနှပ်လိုက်တာပေါ့ဗျာ။

ညနေကျောင်းကပြန်ရောက်တာနဲ့  အိမ်မှာ အစီအစဉ်ဆွဲရတော့တာပဲ။ ဒီနေ့ ဘယ်ဆိုင်သွားစားရကောင်းမလဲပေါ့။ အာရုံရရင်တော့ မြန်မာဆိုင် တကူးတက သွားစားတာပေါ့ဗျာ။ ပြန်ရင်တော့ ဖောင်းကားပြည့်တင်းနေတဲ့ ဗိုက်ကို သယ်ရတာမသက်သာလှဘူး။ အိမ်ရောက်တဲ့ အထိ ထိုင်မရ၊ လှဲမရနဲ့  ဦးချိန်တီလည်း မကယ်နိုင်ဘူး အတော့်ကို ဒုက္ခရောက်တာ။ များသောအားဖြင့်ကတော့ အနီးနားက ဈေးလေးမှာပဲ စားဖြစ်ပါတယ်။ ထမင်းနဲ့ ဟင်းဆို ၀က်သားသုံးထပ်သားကို တရုတ်လို အချိုချက်ထားတာက မပါမဖြစ်။ အဟဲ ဇင်ယော် သိပ်ကြိုက်တဲ့  ၀က်ခြေထောက်၊ ၀က်ကလီစာ၊ ၀က်နံရိုးစွပ်ပြုတ် ကတော့ ခဏခဏ စားဖြစ်တယ်။ ဒါမှမဟုတ် အရွက်တွေအများကြီးနဲ့  အသားကိုရေငုတ်ပြီး ရှာရတဲ့ခေါက်ဆွဲပြုတ်၊ နည်းနည်းလေးငံတဲ့ ငါးခြောက်ထမင်းကြော်၊ နာစီလာမလို့  ခေါ်တဲ့ မလေးထမင်း၊ ဘုရားစူး ဒံပေါက်၊ အသားဖတ်လေးတွေ အပေါ်ကတင်ပြီး သခွားသီးနှစ်ဖတ်လောက် ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်း ကြုံရင်ကြုံသလိုပါပဲ။ ပြီးရင် အစာပိတ်အနေနဲ့  ကြံရည်၊ဖျော်ရည်တစ်မျိုးမျိုးသောက်ရင်သောက်၊ ဒါမှမဟုတ် အသီးတွေထည့်ထားတဲ့ ရေခဲသုပ်လိုဟာမျိုး စားပြီး ပိတ်လိုက်တာပဲဗျာ။ ။ ။

( ကဲ အစ်မ၀ါ နဲ့  ကိုနေလင်းရေ ..... ဖြစ်သလို စားတဲ့ အကြောင်းလေးရေးပေးပါဆိုလို့  ရေးလိုက်ပြီဗျ။ အဟဲ စားတာကိုတော့ ဖြစ်သလို စားပေမယ့် သောက်တာကိုတော့ တကူးတက သောက်တတ်ပါတယ်။ နည်းနည်းကြာသွားတာတော့ ခွင့်လွှတ်ပါဗျာ။ ကျနော့် ကွန်ပြူတာလေး အကောင်ကိုက်သွားလို့  နှစ်ရက်လောက် ဒုက္ခရောက်သွားတယ်ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေဆီကိုလည်း လိုက်မလည်ဖြစ်တာ၊ စီဗုံးမှာ လာမအော်ဖြစ်တာ နားလည်ပေးကြပါလို။ ဘလော့ကို လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ တွေလည်း ကျနော် မောင်ဇင်ယော်လေး ဖြစ်သလို စားနေရတာ မကြည့်ရက်လို့  ကျွေးမွေးချင်သပဆို ဇင်ယော်လေးက အားနာပါးနာနဲ့  လာအားပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ :P )

21 comments:

Anonymous said...

ကိုဇင်ယော်ရဲ့ ဖြစ်သလိုလေးကလည်း မနက်စာတာ သိပ်မကောင်းတာ တစ်ဖြည်းဖြည်းနဲ့ ကောင်းလာတယ်နော်
ဂွတ်ထ ဂွတ်ထ ( ကောင်း၏ ကောင်း၏ :D )
ကျနော်ကတော့ အခုတောင် ကြက်သားကျော် လက်ကျန်လေးရယ် ထမင်း ဆီစမ်းရယ်ကို ဖြစ်သလိုဆွဲရင်း ကွန်မန့်ရေးနေရတယ်ဗျာ .. အဖြစ်က မနှစ်ကနဲ့ မတူဘူး ဆိုးပါ့ ဒွတ်ခ ဒွတ်ခ

khin oo may said...

Breakfast ကိုညကတည်းက စားထားတာမဟုတ်ဘူး။ ဥာဏ်ရှိမှပေါ့။

khin oo may said...

တို.လဲ ဘာလာ လာ ဂျိုကာနဲ့ ဒေါင်းတာဘဲ။ planed လုပ်ပြီးတော.ကိုဝယ်ပြီးစားတာ။ မနက် အတွက် ဟမ်ဘာဂါ ဝယ်လာပြီး သိမ်းထားတာ။ နေ့လည် အတွက် မုန့်ကဘာ။ ညနေ တီးသောက် ရင်းစားဘို့ က တစ်မျီူး အဖြူက တမျိုး အဝါက တမျှီို.း

khin oo may said...

ဝက်သားလျှော.စားပါ. ကောလပ်စထရောတွေ တက်နေတယ်။ ပုံ။ အမ်းမား

khin oo may said...

ညက ပြန်ရောက်တာ နောက်ကျလို.ဘာမှ မဝယ်ထားလိုက်ရလို. မကုန်နိုင်လို. ရေခဲသေတာထဲ ထည်.ထားတဲ. ပေါင်မုန့်ကလေး ကို ထုတ်ပြီး မီးကင် ထောပတ် အများကြီး သုတ် စတောဘယ်ရီသုတ်ပြီး စားဘို.စိတ်ကူးထားတယ်။ ဘရိတ်ဖတ်စ်။

khin oo may said...

ခြေရာရော လက်ရာ ရော အများကြီးချန်ခဲ့ တယ် .အားရ ပါးရ သုတ်ပေတော. (အာယား မကို ခေါ်လိုက်ပါ. ပင်ပန်းနေမယ်။ တနာရီ ၁၀ စလုံး။ )

Anonymous said...

မောလိုက်တာ အစ်ကို ကမနက်မျက်လုံး ၃ လုံးပွင့်ထဲက ပြာယာခတ်နေတာပေါ့း) ပါစပ်ကပဲစားနေတယ်ထင်တာ ဟိဟိ မျက်စိကလည်းစားတက်တယ်ပေါ့လေ အရိုးမဆူးဘူးလားဗျ ထမင်းစားတော့ဖိတ်ချင်ပါတယ်ဗျာ ဒါပေမယ့် လဆန်း ၅ ရက်လောက်ကစပြီး ညီတောင်ငတ်ပြတ်နေတာ ဘီယာတွေကြီးပဲမသောက်နေနဲ့ အုံး ဗိုက်ကြီးဒီထက်ရွှဲလာရင် ဘယ်ကောင်မလေးမှကြိုက်တော့မှာမဟုတ်ဘူး ( ဖွခဲ့လိုက်ပြီး :P)

Anonymous said...

အစ်ကိုကြီးဖြစ်သလိုက မနက်ပိုင်းလေးပဲကိုးး...
:D
အကောင်ကိုက်သွားတာလား ပြန်ကိုက်လိုက်လေ ဘာလာလာဆို..... :P

WWKM said...

အင်.. မောင်ဇင်ယော်ရဲ့ ဖြစ်သလိုကလည်းအံ့ဖွယ်။
ဟုတ်ပြီ ဖြစ်သလိုလေးတွေတောင် အဲလိုစားတာမို့
ကိုယ့်အစ်မလာလည်ရင်တော့ ဖြစ်သလိုလေးလောက်နဲ့
ကျွေးရက်မှာမဟုတ်ပါဘူးနော်။ အယ်..အနဲဆုံး နာမည်
ကြီးဟိုတယ်လောက်မှာ ခေါ်ကျွေးမှာသေခြာနေပြီ။
အဟီး.. ဖြစ်သလိုလေးတွေကို သွားရည်ကျသွားပါတယ်။
ဥပမာ..၀က်ခြေထောက်ဆွတ်ပြုတ် ..အစ်မ အလွန်ကြိုက်၏။ ;)

မသက်ဇင် said...

ဇင်ယော်ရေ---
ဖြစ်သလိုစားကိုလာဖတ်ပါတယ်----နေ့တိုင်း အစားစားရင်းဘူတာပြေးရတယ်ဆိုတော့
ခလုတ်တိုက်လဲနေပါအုံးမယ်---ဇင်ယော်
ရဲ့ နေ့တိုင်းလုပ်နေကြပေါ့နော်--
ရသ တွေဆက်ရေးပါအုံး---

နေလင်း said...

ဝက်ခြေထောက်၊ ၀က်ကလီစာ၊ ၀က်နံရိုးစွပ်ပြုတ် တဲ့... ဟီး.. ညီလေးဇင်ယော်နဲ့ အကြိုက်ချင်းတူနေပြီ... ရှိတ်ခ်...

ခင်မင်စွာဖြင့်

ကိုနေလင်း :D

:P said...

ဖိတ်ပါတယ် ကိုဇင်ယော်..
လာစားပါရှင်..ထမင်းပျော့၊တူး၊မနပ်ရယ်..ဟင်းကတော့ဘာလာလာဟင်း မချက်တတ်သေးလို့ မလုကိုမေးထားတယ်

Anonymous said...

ကိုကြီးဇင်ယော်ရေ ခေါ်တော့မကျွေးဘူးဗျ လာတော့လာချင်တယ် ဟိုတစ်ကူးတစ်ကသောက်တယ် ဆိုတာလေးလာသောက်ချင်လို့ တိုက်မှာလား ပွဲဖြစ်ရင်အစ်ကိုတော်ဥယာဉ်မှူးပါခေါ်လိုက်မယ် ဟီးဟီး

Anonymous said...

ကိုကြီးဇင်ယော်ရေ
အဲလို ဖြစ်သလို စားတာတွေသာ စာဥသိသွားရင်
ကိုကြီးဇင်ယော်ကို အပြေးလာတောင်းလိမ့်မယ်နော်
သီတင်းကလဲ ကျွတ်နေပြီ.. အကိုကြီးလဲ မကျွတ်သေး
ဘူးလား..( လူပျိုဘ၀နော် ) လုပ်ထား ရား

Apprenticeship said...

အော်... အဲတာကြောင့် 15 မိနစ် break ကို အသိအကျ အသုံးချတာပေါ့ :P

puluque said...

တကူးတကသောက်တယ် ဆိုတော့ ဘယ်လိုသောက်တာလဲဗျ။ စိတ်ဝင်စားလို့။ နောက်တစ်ခါ တစ်ကူးတစ်က သောက်ရင် လက်တို့ပါအုံး။ ဟီးဟီ

JulyDream said...

ဖြစ်သလို စားတာကနေတဆင့် တကူးတက သောက်တဲ့အကြောင်း ဆက်ရေးအုံးမယ် ထင်တယ်။ ဟဟ...

Unknown said...

ကျွန်တော်ကတော့ အစားအသောက်တွေထဲမှာ ဆို အကင်ကိုတော်တော်ကြိုက်တယ်..။ ပြောနေရင်းနဲ့ ဆာလာပြီ ဒီညတော့....ဖားကင် အဲမှားလို့... ဇင်ယော်ကင်လေးနဲ့ပဲ တစ်နေ့တာ အတွက်ပိတ်လိုက်တော့မယ် :P

သက်တန့် said...

ဟာ...
ကိုဇင်ယော်ကြီးက အဲ့လို ဖြစ်သလို စားနေရတယ်လား...
မကြည့်ရက်ဘူး... လုံးဝမကြည့်ရက်ဘူး...
မျက်နှာလွှဲနေမယ်... အဟိ... :P

အလင်းစေတမန် said...

ကိုဇင်ယော်က စာရေးကောင်းတယ်ဗျို့။

ကိုရင်နော်ခင်လေးငယ် said...

ကိုဇင်ယော်ကြီးရေ...

သတိတွေရလို့ လာကြည့်တာ...
ဖြစ်သလိုကြီးတွေက မိုက်လွန်းလို့ သွားရည်ကျ
သွားတယ်...
ဒီလူကြီး မကောင်းဘူး ငရဲကြီးလိမ့်မယ်..
သြော် ဦးချိန်တိ ဗူးလေးထားခဲ့ပေးတယ်နော်..
:P :P :P

အမြဲခင်တဲ့...
မိသားစုလေး