Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Friday, January 16, 2009

စက္ကူငှက်လေး



လေပြည်အ၀င့်မှာ ကြွေလွင့်လာလို့ 
ပေရှပြီး မြေမခရအောင်
မြတ်နိုးခြင်းလက်အစုံနဲ့ 
ရင်အုံမှာ ပွေ.ပိုက်မိပါရဲ့
နတ်ဆိုးတွေရဲ့ ကြိမ်စာတစ်ပိုဒ်တဲ့
မိုးတွေပြိုလို့ အမှောင်ဖုံး
ငါ့ကမ္ဘာတစ်ခုလုံး ထစ်ချုန်းနေတော့တယ်။
(ဇင်ယော်)

အဲဒီနေ့ ပေါ့
ဦးတည်ရာမဲ့ ခြေလှမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို တစိုက်မတ်မတ်လိုက်လျှောက်နေမိတာ။ သူ့ ကိုယ်သူ ကြိုးစားပြီး အားပေး နေမိတယ်။ မုန်တိုင်းလွန်ရင် လေပြည်လာဦးမှာပါလို့ ။ ဒါပေမယ့် ခြောက်သွေ.ကြမ်းတမ်းတဲ့ ကန္တာရကို ဖြတ်တိုက်လာတဲ့လေပြည်က ပူလောင်ပြင်းရှနေဦးမှာလား အတွေးတစ်စက ဆက်ပြီး အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့သလိုပဲ။ အဆုံးအရှုံးတွေ များလွန်းလှတဲ့ အခိုက်အတန့်  ကာလလေးမှာ ဒူးထောက်လုနီးပါး သူကျဆုံးနေခဲ့မိတယ်လေ။ ပတ်ဝန်းကျင်မှာရှိသမျှ အရာရာ ဘာကိုမှ သတိမထားမိနိုင်လောက်အောင်ကို ရက်ရက်စက်စက် သွေးပျက်နေခဲ့တာပါလား။

အဲဒီနေ့ ပေါ့
အချိန်ဆိုတဲ့ ဝေါဟာရကို သတိထားလိုက်မိတော့ နေ့ တစ်နေ့ ရဲ့ ညနေဆည်းဆာက တဖြည်းဖြည်းနဲ့  အမှောင်ယံမှာ တိုးဝင်ပျောက်ကွယ် နှုတ်ဆက်နေပြီလေ။ မာကြူရီမီးလုံးတွေကတော့ ကတ္တရာလမ်းမပေါ်ကို အလင်းရည်တွေ အုပ်မိုးလို့  သွန်ချနေလေရဲ့။ လမ်းပေါ်က လူတွေရဲ့အိမ်အပြန်က သူ့ အတွက် ချိုမြိန်တဲ့ တေးတစ်ပုဒ်မဟုတ်တာကတော့ သေချာတယ်။ သူ့ ရဲ့ကောင်းကင်မှာတော့ ကြယ်တွေက တစ်စင်းပြီးတစ်စင်း အလုအယက် ခုန်ဆင်းပြီးကြွေနေလိုက်ကြတာ မှုန်ပြပြအလင်းတစ်စတောင် ကျန်ပါဦးမလား။

အဲဒီနေ့ ပေါ့
ရင်ဘတ်ထဲက ပေါက်ကွဲလုနီးပါး မီးတောင်ရှင်တစ်ခုအနီးကနေ သူကြောက်လန့် တကြားနဲ့  ပြေးထွက်ဖို့  ကြိုးစားနေခဲ့မိတယ်။ ဘ၀မှာ အရှုံးတွေ မကြာခဏ ကြုံဆုံဖူးပါရဲ့ ဒါပေမယ့် အောင်မြင်မှုကို ဆာလောင်နေတဲ့ မျှော်လင့်ခြင်းကို အိမ်မက်လုပ်ပြီး ခေါင်းအုံးအိပ်ခဲ့ရတဲ့သူ့ အတွက် ဒီတစ်ခါ အရှုံးကတော့ ခါးသီးလွန်းလိုက်တာ။ ခုလိုအချိန်မျိုးမှာ တကယ်လို့ သာ ............................................. သူ တစ်စုံတစ်ရာပေါင်းများစွာကို ပြင်းပြင်းပျပျ သတိရလာမိတယ်။ ခံစားချက်တွေ မျှဝေနားထောင်ပေးနေကြ နားတစ်စုံရယ်၊ အဆင်မပြေမှုတွေကြားမှာ ကူညီဖေးမပေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံရယ်၊ အားပေးစကားတွေ စီးမြောလာတတ်တဲ့ နှုတ်ခမ်းတစ်စုံရယ်၊ ဘ၀အမောတွေကို ခဏတာပြေပျောက်စေတဲ့ အပြုံးချိုချိုလေးရယ် ။ သူ တစ်ချက်ရယ်လိုက်မိတယ် ဝေးကွာခြင်းမြစ်ရဲ့ တစ်ဘက်ကမ်းကို မမြင်မစမ်းနဲ့  မျှော်မှန်းပြီး လှမ်းငေးမိတဲ့ သူ့ ကိုယ်သူပေါ့ ကိုယ့်ရီသံကိုယ်ပြန်ကြားမိတာတောင် လှောင်ရီသံလိုလို ထင်လို့ နေမိတယ်လေ။

အဲဒီနေ့ ပေါ့
ဘယ်နေရာရောက်ရောက် လမ်းပျောက်နေသူအဖို့ တော့ ခရီးအဆုံးဆိုတာ ဝေးလွန်းလှတဲ့ မှတ်တိုင်တစ်ခုပါပဲ။ မသိစိတ်ရဲ့ စေစားရာအောက် လျှောက်ပြီးရင်းလျှောက်လာခဲ့မိတာ သတိရလို့  သေသေချာချာ ကြည့်လိုက်မိတော့ ပတ်ဝန်းကျင်က ကိုယ်နဲ့  မစိမ်းလွန်းလှသလိုပဲ။ တစ်စုံတစ်ရာရဲ့ ညှို.ငင်မှုအောက်မှာ သူတစ်လှမ်းချင်းသွားနေမိတယ်လေ။ ခြေလှမ်းတွေရဲ့ ဦးတည်ရာကို လှမ်းငေးကြည့်မိတယ် ။ တကယ်တော့ သူမအံ့သြမိပါဘူး ပန်းခြံထဲက မြက်ခင်းစိမ်းစိမ်းဘေးမှာ အေးအေးချမ်းချမ်း လဲလျောင်းနေတဲ့ ခုံတန်းလေးတစ်ခု ရှင်းရှင်းပြောရရင် တစ်ခါက ပျော်ရွှင်ခြင်းစမ်းချောင်းလေး မြစ်ဖျားခံ စီးဆင်းတဲ့နေရာလေးလို့  နံမည်တပ်ခဲ့ဖူးတဲ့ သူတိတ်ဆိတ်ငြိမ်သက်စွာ အနားယူတတ်တဲ့ ခုံတန်းလေးတစ်ခုရှိတဲ့နေရာကိုပေါ့။

အဲဒီနေ့ ပေါ့
မထင်မှတ်ထားတဲ့ နေရာမှာ မထင်မှတ်တဲ့ အရာတစ်ခုကို တွေ.မြင်လိုက်ရတဲ့ တဒင်္ဂလေးက သူ့ စိတ်အစဉ်ကို အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်မယ်လို့  လုံးဝမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ ရင်ထဲမှာတော့ မှန်မှန်နဲ့ မြန်မြန် တီးခတ်လိုက်တဲ့ယဇ်ပူဇော်ပွဲက ဗုံသံတွေလိုပဲ ရင်ခုန်သံတွေက ဆူညံလို့ နေလေရဲ့။ ခုံတန်းလေးပေါ်မှာ ...................... စက္ကူငှက်လေးတစ်ကောင် ....... တိတိကျကျပြောရရင် စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ခေါက်ချိုးပြီးပြုလုပ်ထားတဲ့ ပိုင်ရှင်မဲ့နေတဲ့ ......... ဒီကမ္ဘာပေါ်မှာ သူနောက်ဆုံးထွက်သက်အထိ မှတ်မိနေဦးမယ့် စက္ကူငှက်လေးတစ်ကောင် ။ သူအသာလေး ကောက်ယူလိုက်ရင်းက သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိတယ်။

အတိတ်ရထားတစ်စင်းက ဥသြသံရှည်ခပ်ပြင်းပြင်းဆွဲပြီး သူ့ အနားကနေ ဘယ်ကိုမှန်းမသိနိုင်တဲ့တစ်နေရာကို ပြေးထွက်သွားလေရဲ့။ ဟိုးအဝေးဆီကနေ စကားသံတချို. လွင့်မြောလို့  လာနေသလိုလိုပဲ သူ့ အာရုံထဲမှာ မပီပြင်ဝိုးတ၀ါးနဲ့  ပုံရိပ်တချို.က ရုပ်ရှင်ပြနေသလို အစီအရီ ပေါ်လာတယ်လေ။ " ဟိုးအပြောကျယ်တဲ့ မိုးကောင်းကင်ပေါ်က ငှက်လေးတွေကို အားကျမိတယ် အတိုင်းမဆမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့  ပျံဝဲ နေလိုက်ကြတာ ဘယ်လောက် ပေါ့ပါးငြိမ်းချမ်းလိုက်မလဲနော် သူတို့ စိတ်ထဲမှာရှိသလောက် ဟိုးကောင်းကင်ထက်ကို မြင့်နိုင်သလောက် မြင့်မြင့် ပျံဝဲချင်တိုင်းပျံလို့ ရသလို နားခိုဖို့  နေရာတွေကလည်း ဒီကမ္ဘာမြေပြင်ပေါ်မှာ အများသားနော်။ ပျံသန်းခြင်းနဲ့ ကောင်းကင်ယံဆိုတာ သူတို့ တွေအတွက် ဘုရားပေးတဲ့ ဆုတစ်ခုလိုပဲ။ သူတို့ လေးတွေလိုပဲ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်ခွင့်ရချင်လိုက်တာ " စက္ကူငှက်လေးတစ်ကောင်ကို စိတ်ပါလက်ပါ ခေါက်ချိုးရင်း ပြောနေတဲ့ သူမရဲ့ ပုံရိပ်တချို.က အတွေးအာရုံထဲကို တံခါးမခေါက်ပဲ ၀င်လာကြလေရဲ့။ ............... နောက်ပြီး ............. နောက်ပြီး ............. သူမနဲ့  ဆက်စပ်ပတ်သက်သမျှ အရာတွေအားလုံးက သူ့ ရဲ့အသိဥာဏ်တွေကို
လုံး၀၀ါးမြိုသွားခဲ့တာပါ။

အတိတ်ပြတင်းတစ်ချပ်ကို
တခဏချင်းလှပ်ပြီး
ကြည့်မိကြတယ်
ဒဏ်ရာတွေနဲ့ ကြေမွလို့ 
မြေခနေတဲ့ အုတ်ပုံတစ်ခုလား
တသသဆန်းပြားလို့ 
လှပခမ်းနားခဲ့တဲ့ နန်းတော်ရာတစ်ခုလေပဲလား
မြင်ရတဲ့ မြင်ကွင်း
ထင်လင်းပြီး ကွဲပြားနေလိမ့်မယ်
သေချာစွာနဲ့  အဖြေရှာကြည့်တော့
အချိန်တွေမတူသလို ကြည့်မိတဲ့ angle တွေက တူမှမတူခဲ့ကြတာကိုး။

သူသတိထားလိုက်မိတော့ ညနက်သန်းကောင်တောင် ရောက်တော့မယ်လေ။ ဟောင်းနွမ်းနေတဲ့နေ့ တစ်နေ့  ကို ထားရစ်လို့  လောကကြီးက နေ့ သစ်တစ်နေ့ ကို ကြိုဆိုဖို့ ပြင်ဆင်နေပါပြီ။ သူ့ ကိုယ်တိုင်ကတော့ လည်ပြန်အကြည့်တစ်ချက်အောက်မှာ အသိသက်သက် ပါသွားခဲ့တာပါ။ နောက်နေ့ သစ်တစ်ခုကို အဓိပ္ပါယ်ရှိရှိရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့  ခွန်အားသစ်တွေ ပြန်လည်မွေးဖွားဖို့  သူလည်းအိမ်ပြန်သင့်ပြီလေ။ စက္ကူငှက်လေးကို ခုံတန်းလေးပေါ် အသာအယာ ပြန်ချလို့  နှလုံးသားထဲက အလင်းတိုင်လေးကို သူကိုယ်တိုင်မီးညှိပြီးဆုတောင်းပေးလိုက်ပါတယ်။ စက္ကူငှက်လေးနဲ့  သူရဲ့ ဖန်ဆင်းရှင်တစ်ယောက်အတွက်ပါ။ ဟိုးကောင်းကင်ယံအမြင့်က ငှက်လေးတွေလိုပဲ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာ ကောင်းတဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ နောက်ပြီး သူတို့ လိုပဲ ညအခါကာလ အေးမြတဲ့လရောင်အောက်မှာ ငြိမ်းချမ်းစွာနဲ့  အိပ်စက်နိုင်ပါစေ နံနက်ခင်းရဲ့ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ အတူ နေ့ သစ်တစ်နေ့ ကို ပျော်ရွှင်စွာနဲ့  နှုတ်ခွန်းဆက်လို့  ရွှင်လန်းစွာ နိုးထနိုင်ပါစေလို့  ......။ ။ ။

Monday, September 29, 2008

အ၀ါရောင်စာရွက်လေး

တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြီးစိုးထားတဲ့ ရုံးခန်းလေးထဲရှိ နောက်မှီကုလားထိုင်လေးပေါ်မှာ အသာအယာ မှီထိုင်လိုက်ရင်း ကျနော် ပြောစရာ စကားလုံးတွေကို စိတ်ကူးထဲမှာ ရွေးချယ်နေမိသည်။ ဒီနေ့  ကျနော်နှင့်တွေ့ ဆုံရန် သူတို့ လာကြပေလိမ့်မည်။ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး အားပေးနေမိသည်။ ငါလုပ်ပေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် သူ့ အတွက် ငါ မဖြစ်ဖြစ်အောင် ကူညီပေးနိုင်မှာပါ။

ထိုင်နေရင်းက သူ့ အကြောင်းလေးကို တွေးတောနေမိသည်။ အမြဲတမ်း ပျော်ရွင်ရယ်မောနေတတ်တဲ့၊ ဖြတ်လတ်တက်ကြွတဲ့၊ စာပေထူးချွန်တဲ့ သူ့ နဂိုပုံရိပ်လေးတွေ ပျောက်ဆုံးသွားခဲ့တာ မဝေးသေးသောကာလ၊ လပိုင်းမျှသာရှိပေဦးမည်။ ခုချိန်မှာတော့ တွေဝေ ငေးမှိုင်နေလေ့ရှိပြီး ကျောင်းစာကိုလည်း စိတ်မ၀င်စားတော့ပဲ ကျောင်းဆင်းချိန်မှာ ကျောင်းအားကစားကွင်း မြက်ခင်းအစပ်လေးမှာ တစ်ယောက်တည်း သွားပြီးထိုင်နေတတ်တဲ့  သူ့ အကြောင်းကို ကျနော်တွေးရင်း ရင်ထဲမှာ နာကျင်နေမိသည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့  ကျနော့်အဖို့ တော့ အဖိုးတန်ကျောက်မျက်တစ်ပွင့် ဖြစ်လာနိုင်စရာရှိသည့် ကျောက်ရိုင်းတုံးလေးကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။ ဒါ့ကြောင့်လည်း အကြောင်းရင်းအမှန်ကို စုံစမ်းမိတော့ ရင်ထဲမှာ သူ့ ကို အတော်သနားသွားမိသည်။

သူဆိုတဲ့  တော်မီလေးရဲ. မိဘနှစ်ပါးက မကြာသေးခင်ကမှ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  တစ်ယောက်တစ်နေရာစီ ခွဲခွာနေထိုင်နေကြပြီး တရားဝင်ကွာရှင်းပြတ်စဲဖို့  စီစဉ်နေကြတာတဲ့။ လောလောဆယ် တရားဝင်အုပ်ထိမ်းခွင့်ကို တရားရုံးမှ အမိန့် မချမချင်း သူကတော့ အဖိုးအဖွားတွေဆီမှာ ခဏတာ မှီခိုနေရသည်။ စိတ်နှလုံးကြေကွဲနေတဲ့ ကလေးတစ်ယောက်ရဲ.ရင်ထဲမှာ ပျော်ရွင်မှုတွေ ပြန်လည်မွေးဖွားလာအောင် ကျနော်ဘယ်လိုဆောင်ကြဉ်းပေးနိုင်မလဲ နေ့ စဉ်နဲ့ အမျှတွေးတောရင်း ကျနော် တော်မီလေးရဲ့ မိဘနှစ်ပါးနှင့်  တွေ့ ဆုံဆွေးနွေးဖို့  ဆုံးဖြတ်လိုက်သည်။ ဒါ့ကြောင့်လည်း တော်မီလေးရဲ့ မိခင်နှင့် ဖခင်ဆီကို ကျောင်း ကိစ္စှနှင့် ပတ်သက်ပြီး ကျနော်နဲ့ လာတွေ့ ဖို့  စာတစ်စောင်စီ ပို့ လိုက်တာပါ။ ဒီနေ့  ကျနော်နဲ့ တွေ.ဖို့  သူတို့  လာကြပေလိမ့်မည်။

တွေးတောနေရင်းက တော်မီလေးရဲ့ အဖေနဲ့ အမေတို့  မရှေးမနှောင်းပင် ရောက်လာကြပေပြီ်။ ခရီးဦးကြိုနှုတ်ဆက်ကာ ကျနော့်စားပွဲရှေ.က ကုလားထိုင်တစ်လုံးစီမှာ နေရာချပေးလိုက်သည်။ သူတို့ ကို မသိမသာ အကဲခတ်ရင်း တော်မီလေးရဲ့ ပညာရည်တိုးတက်မှု မှတ်တမ်းနှင့် အခြားသော သက်ဆိုင်ရာ စာရွက်စာတမ်းအချို.ကို အံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။ သူတို့ က တစ်ဦးကိုတစ်ဦး မသိကျိုးကျွံပြုလျှက်၊ စကားတစ်ခွန်းမျှမဆို၊ မသိလိုက်မသိဘာသာပင်။ အရွယ်နဲ့ မမျှအောင် ခံစားနေရတဲ့  ကြေကွဲဝမ်းနည်းနေတဲ့  ကလေးတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်၊ အပြုအမူအနေအထိုင်တွေက သူချစ်မြတ်နိုးရတဲ့ မိဘတွေရဲ့ ခွဲခြားနေထိုင်မှု၊ ကွာရှင်းပြတ်စဲ ဖို့ စီစဉ်နေမှု၊ မိဘရင်ငွေ့ အောက်မှာ နေထိုင်ရမယ့်အရွယ်မှာ အခြားသူတွေရဲ့ အုပ်ထိမ်းမှုအောက်မှာ နေထိုင်ရမှု စတာတွေရဲ့ ရိုက်ခတ်ခြင်းဆို သူတို့ တွေ သိမှသိပါလေစ။

ကျနော်တည်ငြိမ်အေးဆေးစွာပဲ သူတို့ ကို တော်မီလေးရဲ့ ပညာရည်မှတ်တမ်း၊ဘက်စုံတိုးတက်မှုမှတ်တမ်းနဲ့  အခြားသောသက်ဆိုင်ရာ စာရွက်စာတမ်းတချို.ကို လက်ဆင့်ကမ်းကာ ဖတ်ရှုစေလိုက်သည်။ အားလုံးရဲ့ ဘားဂရပ်တွေက ထိပ်ဆုံးမှ အောက်ခြေကို ထိုးကျသွားတာ သူတို့ သတိထားမိစေချင်သည်။ ပြီးတော့မှ ကျနော် တော်မီလေးရဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲသွားပုံ၊ ကျောင်းစာနဲ့  ပတ်ဝန်းကျင်ကို စိတ်မ၀င်စားတော့ပဲ တစ်ယောက်တည်း အထီးကျန်နေလေ့ရှိပုံတွေကို သူတို့ ကို အသေးစိတ်ရှင်းပြလိုက်သည်။ ဒါတွေအားလုံးဟာ မိဘနှစ်ပါးလုံးမှာ လုံးဝတာဝန်ရှိကြောင်း၊ ကြာရင် တော်မီလေးတစ်ယောက် ပတ်ဝန်းကျင်နဲ့  တဖြည်းဖြည်း ကွဲကွာသွားပြီး အထီးကျန်စိတ်ဝေဒနာ ခံစားရမှာဖြစ်ကြောင်း။ နောက်ဆုံးမှာ လူ့ အဖွဲ့ အစည်းကို အကျိုးမပြုနိုင်ပဲ လူဆိုးလူပေလေး
ဖြစ်သွားမှာ စိုးရိမ်မိကြောင်း၊ ကျနော်အကြာကြီး ပြောဆိုနေမိသည်။ သူတို့ တွေဆီက စကားတစ်ခွန်းမှ မကြားရ။ သို့ ပေမယ့် စိတ်ရှုတ် ထွေးပြီး စိုးရိမ်ပူပန်သောကတွေနဲ့  ပြည့်နှက်နေတဲ့  သူတို့ ရဲ. မျက်နှာတွေက တော်မီလေးအပေါ် သူတို့  ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲလေ။

နောက်ဆုံးအနေနဲ့  သူတို့ မိသားစုလေးအတွက် ကျနော်ကြိုးစားကြည့်ချင်သေးသည်။ ကျနော် အံဆွဲထဲမှ ကြေမွနေသော၊ ၀ါကြင့်ကြင့် စာရွက်လေးတစ်စောင်ကို အသာအယာ ထုတ်ယူလိုက်သည်။ ဒီစာရွက်လေးကို ကျနော် ပီတာလေးရဲ့ စားပွဲခုံအောက်က ကောက်ရ ခဲ့တာပါ။ လုံးချေထားတဲ့  စာရွက်လေးကို ဖြန့် ကြည့်လိုက်တော့ အ၀ါရောင် စာမျက်နှာ နှစ်ဘက်လုံးမှာ စာကြောင်းလေးတချို.ကို ထပ်ကာထပ်ကာ ရေးသားထားသည်။ အချို.နေရာတွေမှာ မျက်ရည်စက်တွေ စွန်းထင်းလို့ နေလေရဲ့။ ကျနော်စာရွက်လေးကို ဖတ်နေရင်းက နှလုံးသားကို တစုံတရာက ဖြစ်ညှစ်နေသလို ခံစားခဲ့ရသည်။

ကျနော်စာရွက်လေးကို ပီတာလေးရဲ့ အမေဆီ အရင်ဆုံးကမ်းပေးလိုက်သည်။ ဖတ်နေရင်းက စာရွက်လေးကို ကိုင်ထားသည့်လက်တို့  တဆက်ဆက်တုန်ကာ ရှိုက်သံသဲ့သဲ့မျှ ကြားလိုက်မိသည်။ ပြီးတော့ အဖေဆီသို့  သူမလက်ဆင့်ကမ်းပေးလိုက်သည်။ သူက ပထမစာရွက်လေးကို နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကုပ်ပြီး ကြည့်နေသည်။ ပြီးတော့ တဖြည်းဖြည်းပြေလျော့လာကာ စိတ်ထိခိုက်သည့်ပုံဟန်က သူ့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရသည်။ သူစားရွက်လေးကို သေသေချာချာခေါက်ပြီး အကျီအိတ်ထဲသို့  ယုယုယယ ထည့်လိုက်သည်။ ပြီးတော့မှ သူမ၏ တုန်ယင်နေသော လက်တစ်ဘက်ကို အသာအယာဆွဲယူရင်း သူမပါးပြင်ပေါ်က မျက်ရည်တွေကို လက်ကိုင်ပ၀ါဖြင့် အသာလေးတို့ ထိကာ သုတ်ပေးနေသည်။ သူမကလည်း သူ့ ပခုံးထက်မှာ ခေါင်းမှီငိုရှိုက်ရင်းက သူ့ ကို ပြန်လည်ပြုံးပြသည်ကို ကျနော်တွေ့ လိုက်ရသည်။

ကျနော်ထိုင်ခုံမှ အသာထကာ ပြတင်းပေါက်မှာ မတ်တပ်ရပ်ရင်း အဝေးကရှုခင်းပန်းချီကားလေးကို ငေးမောနေမိသည်။ သူတို့ တတွေ ကဖြင့် ကျနော့်ကို သတိထားမိဟန်မတူ၊ မြင်ပုံလည်းမပေါ်။ ကျနော်ကရော တဖြည်းဖြည်း အမြင်အာရုံတို့ ကေ၀၀ါးသွားကြသည်။ ပတ်ဝန်းကျင်ကို တိုက်ခတ်လာသည့် လေနုအေးက ကျနော့်ပါးပြင်ပေါ်က အေးစက်စက်မျက်ရည်စီးကြောင်းတို့ ကို ခြောက်ခမ်း သွားအောင် အသာအယာပွတ်သပ်လို့  ကျီစယ်သွားလေသည်။ ရင်ထဲမှာ အသာလေး ဆုတောင်းနေမိသည်။ ဒီမိသားစုလေး ပျော်ရွင်ချမ်းမြေ့တဲ့  အိမ်ဂေဟာလေးကို အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ။

ဘုရားသခင်က ဒီမိသားစုလေး ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဒီစာရွက်လေးကို ကျနော်မတွေ.တွေ.အောင် အသေအချာ ညွှန်ပြ ခဲ့ တာပါ။ တကယ်တမ်းပြောရရင် မျက်ရည်စက်တွေ စွန်းထင်းနေတဲ့ ဒီစာရွက်လေးက ကလေးတစ်ယောက်ရဲ့ ဒဏ်ရာရနေ တဲ့ နှလုံးသားက ဝေဒနာတွေကို ဖွင့်လှစ်ပြသလိုက်တဲ့ နေရာလေးတစ်ခုပါ။ သူ့ ရဲ့ မပီဝိုးတ၀ါး အိပ်မက်လေးတွေကို တကယ်တမ်း ဖြစ်လာစေဖို့  ဆုတောင်းခဲ့ တဲ့စာရွက်လေးပါ။ သေချာပါတယ် ဒီစာရွက်လေးမှာ သူ့ နှလုံးသွေးတွေကို မှင်လုပ်လို့ ရေးခြစ်ခဲ့ တာ စာမျက်နှာနှစ်ဘက်လုံးအပြည့်။ စာကြောင်းလေးတွေက အများကြီး မဟုတ်ပါဘူး။ ၃ကြောင်းတည်းရယ် ................................

"............ဖေကြီးကိုချစ်တယ်......"
"............မေကြီးကိုချစ်တယ်......"
"............သားတို့ တူတူနေချင်တယ်........." တဲ့။

( နုနယ်တဲ့နှလုံးသားလေးတွေ မထိခိုက်မနာကျင်စေဖို့ ၊ အဖြူရောင်နှလုံးသားနုနုလေးတွေကို အရောင်မဆိုးမိစေကြဖို့  Chicken Soup of the Soul မှ Jane Lindstorm ရဲ့ Tommy's Essay ကို ခံစားပြီး ရေးဖွဲ.လိုက်တာပါ။ )
( ကျနော် အဆင်မပြေတဲ့ကာလမှ ဂရုတစိုက်နဲ့  စိတ်ပူပေးကြတဲ့ ၊ ဘလော့မှာသာမက မေးလ်နဲ့ ပါ အားပေးကူညီခဲ့ကြတဲ့  ညီအစ်ကို မောင်နှစ်မအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ စိတ်ပူအောင် လုပ်ခဲ့မိလို့  ဒီပို့ စ်လေးကို အချိန်မှီရေးပြီး တောင်းပန် လိုက်ပါတယ်ဗျာ။ ညီအစ်ကို မောင်နှစ်မအားလုံး ကျေနပ်ပျော်ရွှင်နိုင်ကြပါစေလို့ ။ )

Monday, September 22, 2008

ပြပွဲနဲ့ ပြိုင်ပွဲ

တနေ့ က ကိုငယ်ရဲ. အလင်းနဲ့ ရေးတဲ့  ပန်းချီကားတွေကို သွားငေးရင်း စီဗုံးမှာ ရေးထားတာ တွေ့ လိုက်တယ်။ နောက်နေ့ မနက်ကျမှ မြူးမြူးကြွကြွလေး တင်မယ်တဲ့ ။ နောက်နေ့ မနက် သွားစပ်စုတော့ မတွေ့ လို့  သွားအော်တာပေါ့။ ညနေကျမှ
ကိုငယ်က လာပြန်အော်တယ်၊ လာကြည့်တော့ ရပြီတဲ့ ။ ဟဲဟဲ သွားကြည့်တော့ ဟိုက်ရှားဘား.... တစ်ဆယ်တန် ပြပွဲလေး အကြောင်းကို ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  ဖော်ပြထားတာ သွားကြည့်ချင်စရာ။ ဇင်ယော်လေးလည်း ဒီပွဲလေးကို အရင်တည်းက သတင်းစာ ထဲမှာရော လက်ကမ်းကြေငြာစာရွက်တွေထဲမှာရော တွေ့ ဖူးတော့ စိတ်ဝင်စားနေခဲ့ တာ ကြာပြီပေါ့ဗျာ။ ဒါနဲ့ ပဲ ဇင်ယော်လေးလည်း ကိုငယ်ရဲ့ ကြေငြာကောင်းမှုကြောင့် အပြေးအလွှား သွားရတော့တာပေါ့။

ရောက်သွားတော့ ညနေစောင်းနေပြီ။ ဆန်းဒေးဆိုတော့ လူကလည်း များမှများ။ ၀င်ကြေး၁၀နဲ့  လက်မှတ်လေး ၀ယ်ပြီးသကာလ ၀င်ဖို့ အပေါက်က မှားနေရသေးတယ်။ အပြင်ခဏထွက်ပြီး ပြန်ဝင်တဲ့ လူတွေ ၀င်တဲ့ အပေါက်ကို သွားဝင်တာကိုး။ အပြင်ခဏ ထွက်ချင်ရင် လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ ပြန်ဝင်ရင် အဲဒီတံဆိပ်ကို စကမ်ဖတ်တဲ့စက်နဲ့  ဖတ်ပြီးဝင်ခွင့်ပေးလိုက်ရော။ ဇင်ယော်လေးတို့ ကို လက်ပြဆိုလို့  ဘာလုပ်ဖို့ လည်း မေးမှအဲဒီ တံဆိပ်ကိစ္စ သိရတာလေ။ ဒီလိုနဲ့  အထဲလည်း ရောက်ရော သားရေကျစရာတွေ များမှများ။ ပြထားတဲ့ ကားတွေကို ပြောပါတယ်။

ဘာတွေလျှောက်ရေးနေလဲမသိဘူး။ ခေါင်းစဉ်နဲ့ လည်း ဘာမှမဆိုင်ဘူးလို့  ထင်နေဦးမယ်။ လျှောက်ကြည့်နေရင်း ဇင်ယော်လေး တွေးမိတဲ့ အတွေးလေးကို ခေါင်းစဉ်လေးတင်လိုက်မိတာပါ။ ဒီပြပွဲလေးမှာ အားပြိုင်ပွဲလေးတစ်ခုကို တွေ့ လိုက်ရသလိုပဲ။ လူသားတွေ ဖန်တီးထုတ်လုပ်ထားတဲ့  ကားနဲ့ အပိုပစ္စည်းတွေရယ်၊ နောက်ပြီး လူသားစင်စစ်ဖြစ်တဲ့  car model လေးတွေရယ် အားပြိုင် နေကြ သလိုပါပဲ။ ဘာလို့ လည်းဆိုတော့ လာကြည့်တဲ့ သူတွေ တော်တော်များများပေါ၊့ ဖြစ်ပုံရယ်လေ ကားတွေကို အာရုံစိုက်ပြီး ငေးမော သဘောကျ၊ ပြီးတော့ ဓါတ်ပုံတွေရိုက်ကြနဲ့ ပေါ့။ ဟော ဗြုန်းဒိုင်းဆို မော်ဒယ်လေးတွေက ကားတွေနဲ့  အလှဓါတ်ပုံ အရိုက်ခံ ကြတော့လည်း အလုအယက် ဓါတ်ပုံရိုက်ကြပြန်ရောဗျ။ ယောက်ျားလေးတွေ မပြောနဲ့ ၊ လာကြည့်တဲ့  ကောင်မလေးတွေကတောင် အတင်းတိုးဝှေ့ ပြီး ရိုက်ကြ၊ သူတို့ ကိုယ်တိုင်လည်း တွဲပြီးရိုက်လိုက်ကြနဲ့  ဟုတ်နေတော့တာပဲ။ ကားတွေကိုလည်း မရောင်း ရောင်းရအောင်၊ နံမည်လည်းရအောင် အလှဆင်ယင်ပြီး ပြကြသလို သူတို့ လေးတွေကလည်း နံမည်ကြီးအောင် နောက်ပြပွဲ တွေမှာတွေလည်း သူတို့ ကို ငှားအောင် ဖော်ဖော်ရွေရွေနဲ့  အပြုံးလေးတွေ ဆင်ယင်ပြီး ဓါတ်ပုံလေးတွေ အရိုက်ခံကြ၊ နှုတ်ဆက်ကြနဲ့  ဘယ်သူ့ ကို အာရုံစိုက်လို့ စိုက်ရမှန်းမသိအောင်ပါပဲ။ အင်း လူနဲ့ ကား ဘယ်ဟာက ပိုပြီးအာရုံစိုက်ခံရလဲ၊ ဘယ်သူ့ ကို ပိုပြီးစိတ်ဝင် စားကြလဲ အားပြိုင်တဲ့  ပွဲလေးတစ်ခုလိုပါပဲလေ။

စိတ်နာစရာလည်း ပြောရဦးမယ်။ ဇင်ယော်လေးလည်း ပြထားတဲ့ ကားလေးတွေကို သဘောကျလွန်းလို့  ဓါတ်ပုံလေးတွေ လှည့်ပတ် ရိုက်လိုက်၊ ကြေငြာကမ်းတဲ့  စာရွက်လေးတွေ ဖတ်ကြည့်လိုက်၊ သိချင်တာလေးတွေ ၀င်မေးလိုက်နဲ့  အလုပ်ကို ရှုတ်နေတော့တာပေါ့။ တခါတလေ စိတ်ဝင်တစားနဲ့  ဓါတ်ပုံရိုက်နေတုန်း စာရွက်လာကမ်းပြီး ဘာကားအမျိုးအစားကို စီးပါသလဲတဲ့ ဗျာ။ လာလေ့လာ ပါတယ်ပေါ့။ ကားမစီးနိုင်ပါဘူးလို့ ပြောတော့ ၀ယ်မယ်စိတ်ကူးရင် ဒီလိပ်စာလေးအတိုင်း လာခဲ့ ပါဆိုသေး။ ၃ ခါလောက် အမေးခံရတော့ နဲနဲရွဲ.ချင်လာတယ်။ နောက်တခါဆို SMRT ဘတ်စ်ကား စီးပါတယ်ပြောရင်ကောင်းမလားလို့ ။နောက်လာမေးတာနဲ့  စိတ်ကူးထဲက တွေ့ ရာ နံမည်ကောက်ပြောတော့တာပဲ။ ဒီတော့မှ သာဆိုးသေး၊ သူတို့ ဆီမှာ ကားရေဆေးပါလားတဲ့ ၂ခါရေဆေး ဖရီးဆိုလား လက်ဆောင်ပေးသေး။ အာမခံကုမ္မဏ္ဏီကလည်း သူတို့ ဆီမှာ ကားအာမခံထားပါလားတဲ့  ဘယ်လိုကောင်းကြောင်း ကြေငြာဝင်သေးတယ်။ Survey လုပ်တဲ့ မေးခွန်းတွေဖြေခိုင်းပြီး ချက်ချင်း ကံစမ်းမဲဖောက်ပေးသလို နောက်ထပ်ကံစမ်းမဲလည်း ရှိသေးတယ်တဲ့ ။
ဖြေထားတဲ့  စာရွက်တွေကို သိမ်းထားပြီး မဲပြန်နှိုက်ဦးမှာဆိုပဲ။ တွေးလိုက်မိသေး ထပ်ပေါက်လို့ ကတော့ ရီရဦးမယ်လို့ ။ ကားမစီးနိုင်လို့  ရထားစီးပြီး လမ်းလျှောက်နေတဲ့ ကောင်က ကားအာမခံက ပေးတဲ့  လက်ဆောင်ရပါတယ်ဆိုလို့ ကတော့ ဟာသဖြစ်ဦးတော့မှာလေ။

ဓါတ်ပုံတွေ ရိုက်ကောင်းကောင်းနဲ့  ရိုက်လိုက်တာ ကင်မရာက ဓါတ်ခဲလည်းကုန်၊ ဖုံးကဓါတ်ခဲလည်း ကုန်တော့မှပဲ ရပ်ဖြစ်တော့တယ်။ ဒါတောင် အပြင် Car Drifting Show ကိုမရိုက်လိုက်ရလို့  တောက်တခေါက်ခေါက်ဖြစ်မိသေးတယ်။ ကဲပါလေ....ဖတ်နေရတာ ပျင်းနေတော့မယ်။ ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး။ ကိုငယ်ရဲ့ Pro ဆန်လှတဲ့  ရိုက်ချက်တွေနဲ့ တော့  တခြားစီပါပဲ။ ဒါပေမယ့်  မတင်ရမနေနိုင်လို့  တင်လိုက်ပြီဗျို.။ ပြီးရင် ဝေဖန်ပေးသွားပါဦးနော်။


ဒါလေးတွေက သားသား သရေကျခဲ့ ရတဲ့  ကားလေးတွေပေါ့။

ကျနော့်ရဲ. အကြိုက်ဆုံးလေး

စီးလိုက်ရလို့ ကတော့ ဇိမ်ပဲ။

ဒါလေးလည်း မဆိုးပါဘူး။

Ferrari Testorossa

Ferriri White F430
ရှိသေးတယ်ဗျ။
Lamborghini Collection လေးအားပေးသွားပါဦး။

Lamborghini Murcielago Matt Black

Forward Wheel ( tyre & rim )

Rear Wheel ( tyre & rim )









ဒါကတော့ အင်ဂျင်ခန်းလေးတွေ



ကားအတွင်းပိုင်းက အပြင်အဆင်လေးတွေ


ဝါသနာပါရင် ၀င်ဆော့လို့ ရသေး။

ဘရိတ်system ကို

ဒီလို ဈေးလျှော့ပြီး ရောင်းပေးနေတာ၊ ၀ယ်သေးဘူး မကြိုက်လို့ ။ ဟီးဟီး

ကားကို ဒီလိုလည်း အလှဆင်လို့ ရတယ်တဲ့ ။


ကဲ သားသားတို့ အကြိုက် မွန်းလိုက်။ ဟဲဟဲ အများကြီး ရှိသေးတယ်။ လိုချင်သူများ ဆက်သွယ်ကြပါ။










ဘေးက ဘယ်သူလဲလို့ တော့ မသိချင်ပါနဲ့ ။ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့  ပုံလေးတွေက သားသား သိပ်မပြရဲဘူး။ တော်ကြာ ဟောလီးဝုဒ်က မင်းသားလာငှားမှာ ကြောက်လို့  မထည့်ပေးတော့ဘူးနော်။ ရှိသေးတယ် ဟီးဟီး။

Monday, September 15, 2008

မွေးနေ့ ပွဲလေး

ညီမငယ် ဝေလေး ရဲ.မွေးနေ့ ပွဲ နဲ့  တူမလေး Dream တို့ ရဲ.မွေးနေ့ ပွဲ ကို ရောက်သွားတော့  ဘလော့ဂါ မောင်နှမတွေ သိုက်သိုက် ၀န်းဝန်းနဲ့ ပျော်စရာ ကောင်းလိုက်တာ။ အားကျမိတယ်။ သူတို့ လိုပဲ ပျော်ရွှင်မိတယ်။ အဲဒီလို ခင်မင်ရင်းနှီး ချစ်ခင်သူတွေ ၀န်းရံပြီး ကျင်းပရတဲ့ မွေးနေ့ ပွဲလေးတွေကို တွေ့ ရရင် ပျော်ရွှင်အားကျမိတဲ့  ကိုယ့် အဖြစ်ကို ကိုယ့်ဘာသာကို ပြန်တွေးနေမိတယ်။

လုပ်ငန်းခွင်ကို စ၀င်လို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဘ၀လမ်းကို စလျှောက်လှမ်းဖြစ်ခဲ့ တာ ခုဆိုဆယ်စုနှစ်တစ်ခုတောင် စွန်းခဲ့ ပြီလေ။ အဲဒီအချိန်ကတည်းက မွေးနေ့ ဆိုရင် မိသားစုတွေ၊ ချစ်ခင်ပေါင်းသင်းတဲ့  သူငယ်ချင်းတွေနဲ့  အမြဲတမ်း အဝေးမှာပဲ ရှိနေတတ်တော့ ကိုယ့်အတွက် မွေးနေ့ ဆိုတာကြီးက သိပ်ပြီးထူးထူးဆန်းဆန်း ကြီးမခံစားရသလိုပါပဲ။ တခါတလေများ ဘယ်သူနဲ့ မှ မသိတဲ့  မျက်နှာစိမ်းတွေကြားမှာ ရောက်နေတာ့ ဘယ်မှမသွား၊ဘာမှမလုပ်ဖြစ်တော့ပဲ ကိုယ့်ဘာသာကိုယ် ဟိုတယ်ခန်းလေးထဲမှာပဲ မီးတွေမှိတ်လို့  ဖယောင်းတိုင်လေးတွေထွန်းပြီး မွေးနေ့ ကိတ်လေးတစ်လုံး၊
ဝိုင်တစ်ခွက်နဲ့  မွေးနေ့ ပွဲလေးကို တိတ်တဆိတ်လေး ၂ခါ ၃ခါလောက် ကျင်းပခဲ့ ဖူးတယ်။ အဝေးက မိသားစုဆီဖုံးလေးလှမ်းဆက်ပြီး မွေးနေ့ ဆုတောင်းလေးတွေကို နားထောင်ပြီးရင် ငယ်ငယ်က မွေးနေ့ လေးတွေကို သတိရပြီး ရင်ဘတ်ထဲက နာကျင်တတ်သလို မျက်ဝန်းထဲက အမြင်တွေလည်းေ၀၀ါး သွားတတ်တာ အခါခါ ပါပဲလေ။ ခုတော့လည်း ဒီရှတတ နာကျင်မှုလေးတွေက နေသားကျနေပါပြီ။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်ရွေးခဲ့ တဲ့ လမ်း ကိုယ်ပြီးဆုံးအောင် ဆက်လျှောက်ရဦးမှာပေါ့။

ကျနော့်အတွက်တော့ မွေးနေ့ ဆိုတာ လူ့ ဘ၀သက်တမ်းမှာ တစ်နှစ်တိုးလို့  နောက်တစ်နှစ်ကို ကူးပြောင်းတဲ့  နေ့ လေးတစ်နေ့ ပါပဲ။ ဒါပေမယ့် အသက်တစ်နှစ် ကြီးသွားပြန်ပြီဆိုတာတော့ ကိုယ့်ကိုကိုယ် သိလိုက်မိတယ်။ အင်း ခရီးရှည်ကြီးထွက်ဖို့ လည်း တစ်နှစ်နီးလာပြန်ပြီပေါ့။ ဒီလိုနဲ့  ဘ၀မှာ ရှားရှားပါးပါး ကျင်းပခဲ့ ဖူးတဲ့ မွေးနေ့ တွေထဲက အမှတ်တရ တစ်ခုသော မွေးနေ့  ပွဲလေးတစ်ခုကို သွားသတိရမိတယ်။

ဒီတစ်နှစ်တော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်။ မွေးနေ့ မတိုင်ခင်က မွေးနေ့ ကျရင် ဘာလုပ်မယ်ဆိုတာ သေသေချာချာ မဆုံးဖြတ် မိခဲ့ ပါဘူး။ မိသားစုနဲ့  အဝေးမှာ ရောက်နေပေမယ့် ဒီတစ်ခါတော့ မိတ်ဆွေသူငယ်ချင်း တချို.နဲ့ ပြန်ဆုံမိတော့ ပျော်စရာတော့ ကောင်းလိမ့်မယ်လို့  မျှော်လင့်မိပါရဲ.။ ဒါပေမယ့် ကိုယ့်မွေးနေ့ က တနင်္လာနေ့ သွားဖြစ်နေတော့ မိတ်ဆွေသူငယ်ချင်းတွေ အကုန်မလာနိုင်မှာ စိုးလို့  တနင်္ဂနွေညနေမှာပဲ သူငယ်ချင်းတွေနဲ့  ဆုံပြီးပွဲလေးလုပ်လိုက်မယ်လို့  စိတ်ကူးလိုက်မိတယ်။

ကံတရားက ဖေးမတယ်ထင်ပါရဲ.။ တကယ့်ကို သာယာလှပတဲ့  ညနေခင်းလေးပါ။ ကွဲကွာနေတဲ့  သူငယ်ချင်းတွေရော၊ ခုမှခင်မင်ဖြစ်တဲ့  သူငယ်ချင်းတွေပါ စုံစုံညီညီနဲ့  အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့  ညနေခင်းလေးပါပဲ။ သူယ်ချင်းတွေ အကြံပေးကောင်းတာကြောင့် နေရာကောင်းတစ်ခုမှာ မွေးနေ့ ပွဲလေး လုပ်ဖြစ်တယ်။ ရန်ကုန်မြို.က ၁၉လမ်းကို ပြန်ရောက်သွားသလိုပါပဲ။ ညနေကစလို့  ကားလမ်းကိုပိတ်ပြီး စားပွဲတွေခင်းပြီး ရောင်းကြတာ။ စကားပြောသံ၊စားစရာမှာတဲ့ အသံ၊ လူသံ ကားသံတွေက ဆူလို့ ညံ။ အကင်နံ့ တွေက လေထဲမှာ သင်းပျံ့ လို့ ။ ဘီယာဂျားတွေက စက်နဲ့ လှည့်ထုတ်လိုက်သလို တစ်ဂျားပြီးတစ်ဂျား။ သူငယ်ချင်းတွေက လူမျိုးစုံ၊ဘာသာစုံ။ ဒီနေရာမှာ pork မရတာကလည်း အဆင်ပြေ သွားသလိုပဲ။ သောက်ကြစားကြ၊ နောက်ကြပြောင်ကြနဲ့  ဆူလို့ ညံလို့ ။ နှိပ်ကွပ်ပြီး ဆော်ပလော် တီးကြတာလည်း မွေးနေ့ ရှင်တောင် ချမ်းသာမပေးဘူး။ မညှာတမ်း မမောတမ်း သူကဆော်လိုက်၊ ကိုယ်က တီးလိုက်နဲ့ ။ ကိုယ့်ကိုကိုယ် အသက်တစ်နှစ်ကြီးသွားတယ် မထင်မှတ်ပဲ အသက်လေးငါးနှစ် ပြန်ငယ်သွားသလိုပဲ ခံစားမိတယ်။ တကယ်ပါ စိတ်ထဲက တွေးနေမိတယ်။ ဒီလိုမွေးနေ့ ပွဲလေးတွေ နှစ်တိုင်းကြုံဆုံ တွေ့ ခွင့်ရရင် ဘယ်လောက်ကောင်းလိမ့် မလဲလို့ ။

သူလေးကိုတော့ အရင်နေ့ ကတည်းက ဖိတ်ထားခဲ့ ပါတယ်။ သူလေး ကပြောတယ်။ သူငယ်ချင်းတွေကို ဦးစားပေးလိုက်ပါတဲ့။ သူပါရင် ပြောရဆိုရတာ နောက်တဲ့ ပြောင်တဲ့ နေရာမှာ မလွတ်လပ်မှာစိုးလို့ တဲ့ ။ သက်ဆိုင်သူပါရင် နောက်ချင်ဇောနဲ့  တစ်ခွက်ပြီးတစ်ခွက် ထည့်ပေးရင်းနဲ့  အရမ်းများသွားမှာလည်း စိုးရိမ်တယ်တဲ့ ။ နောက်ပြီးသူငယ်ချင်း တချို.အကြောင်း ကောင်းကောင်းသိတော့  သူလာရင် သူပါရောပြီး အထောင်းခံရမှာလေ။ နှစ်ယောက်ပေါင်းကို ရောပြီးထောင်းရင် ခေါင်းတောင်မဖော်နိုင်ဘူး။ အဲဒါသိလို့  လန့် တာလည်း ပါမှာပေါ့။ မွေးနေ့ ပွဲလေးမှာ အစစအရာရာ စိတ်ချမ်းသာပျော်ရွှင်စေချင်တဲ့  သူ့ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့  မွေးနေ့ ပွဲပြီးရင် ဘယ်မှလျှောက်မသွားပဲ သူ့ ဆီကိုပဲ ဆက်ဆက်လာခဲ့ စေချင်တယ်တဲ့ ။ မွေးနေ့ အကြို နှစ်ယောက်အတူ လျှောက်လည်ချင်တယ်တဲ့ လေ။

ဒီလိုနဲ့  ပွဲလေးပြီးတော့ ကမန်းကတန်းမျက်နှာသစ်၊ ပူရှိန်းငုံပြီး သူလေးဆီကို အပြေးလေးသွားရတော့တာပေါ့။ လျှာက်လည်ပါတယ်ဆိုမှ မူးကွဲပြီး အနံ့ တထောင်းထောင်းနဲ့ ဆို သူလည်းစိတ်ညစ်မှာပေါ့။ ဒီလောက်တော့ ပြန်ပြီး အလိုက်သိရမယ်လေ။ နောက်ကျနေလို့  ပြေးလိုက်ရတာ။ အိမ်ရောက်တော့ ကျနော့်ရဲ. ဗီးနပ်စ်က အမောပြေ အပြုံးလေးနဲ့  ဆီးကြိုရှာတယ်။ ဒီနေ့ မှ ခါတိုင်းထက်တောင် ပိုပြီးလှနေသလိုပါပဲ။ ဒီလိုနဲ့  အမှတ်တရ နေရာလေးတွေကို လျှောက်လည်ဖြစ်ခဲ့ တယ်။ စပြီးဆုံတွေ့ ဖြစ်တဲ့ နေရာလေးလည်း အပါအ၀င်ပေါ့။

အလည်ကောင်းလွန်းလို့  အိမ်ပြန်ပို့ တော့  နောက်တစ်နေ့ ကူးဖို့ နာရီပိုင်းပဲလိုတော့တယ်။ ကျနော့် ရဲ.မွေးနေ့ လေးရောက်တော့မယ်ပေါ့။ အိမ်အပြန်လမ်းကို ခါတိုင်းလို လမ်းလျှောက်ပြီး ပြန်ခဲ့ တာပါပဲ။ ဒါပေမယ့် ဒီနေ့ ကျမှ နင်းလျှောက်နေကျ ခရီးလမ်းက ပိုပြီး ဖြောင့်ဖြူး နေသလိုလို၊ မြင်ဖူးနေကျ မြင်ကွင်းတွေကပဲ ပိုပြီးတော့ လှပနေသလိုလို၊ ကြားဖူးနေကျ အသံတွေကပဲ ပိုပြီး ချိုသာနေသလိုလို အပျော်တွေထုံမွှမ်းထားတဲ့ သူတစ်ယောက်ဆိုတာ ကိုယ့် ကိုကိုယ်လည်း သတိထားမိပါရဲ.။

သူလေးရဲ့ တိုက်ခန်းအောက်က ပန်းခြံလေးထဲရောက်တော့  ထိုင်နေကျ ခုံတန်းလေးမှာ ထိုင်ပြီး ပြောမကုန်တဲ့  စကားလေးတွေ ဖောင်ဖွဲ့ မိပြန်ရော။ နောက်နေ့ ကူးဖို့  မိနစ်ပိုင်းလေးပဲ လိုတော့ တဲ့ အချိန်ရောက်မှ ခဏနော်တဲ့ ။ မွေးနေ့ လက်ဆောင်ကို မွေးနေ့ ကျမှ ပေးချင်လို့ အချိန်ကိုစောင့် နေတာတဲ့ ။ အခန်းကိုပြန်ပြီး အပြေးအလွှား သွားယူလေရဲ.။ ရင်းနှီးကျွမ်းဝင်နေတဲ့  ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်လိုက်တော့ အရာရာအားလုံးက ပိုပြီးလှပနေသလိုပဲ။ မြက်ခင်းလေးကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေးလေးက ရင်ထဲကို လန်းဆန်းသွားစေသလို လေအဝေ့မှာ ကြွေကျလာတဲ့  သစ်ရွက်လေးတွေက မြင်ကွင်းလေးကို ပိုပြီးအသက်ပါအောင် ဖြည့်ဆည်းပေးနေခဲ့ တာပါ။ ပုဇင်းရင်ကွဲလေးတွေ အော်မြည်နေတဲ့ အသံလေးတွေနားထောင်နေရင်း လမ်းမီးမှိန်မှိန်လေးရဲ.အရိပ်အောက်က ခုံတန်းလေးမှာထိုင်ပြီး ဘာမှန်းမသိတဲ့  မွေးနေ့ လက်ဆောင်လေးကို စောင့်မျှော်နေရတဲ့ အချိန် ကိုယ့်ရင်ခုန်သံကို
ကိုယ့်ဘာသာကိုယ် နားထောင်နေမိတယ်။

သူလေးပြန်လာတော့  လက်ထဲမှာ အထုပ်လေးတွေဆွဲလို့ ။ ဘာတွေလဲလို့ မေးတော့ နောက်မကြာခင်သိရမယ်၊ ခုတော့  မျက်လုံးကို စုံမှိတ်လို့  ငြိမ်ငြိမ်လေးပဲ ထိုင်နေပါတဲ့။ အမိန့် တော်အတိုင်းပဲပေါ့ ဗျာ။ မျက်လုံးမှိတ်ထားပေမယ့်  အသံတွေကတော့  ကြားနေရတယ်။ အထုပ်တွေဖွင့်ပြီး ဟိုဟာထုတ်ဒီဟာထုတ်နဲ့  တော်တော်ကိုအလုပ်ရှုတ်နေပုံပဲ။ ရပြီ ဖွင့် ကြည့်လိုက်တော့တဲ့ ။ အရင်ဆုံးမြင်ရတာက လုပ်ချင်တာတွေ လုပ်လိုက်ရလို့  ပြုံးပျော်ကြည်နူးနေတဲ့  သူလေးရဲ.မျက်နှာနုနုလေး၊ ပြီးတော့ ဖယောင်းတိုင်လေးတွေ ညီညီညာညာ စိုက်ထားတဲ့  မွေးနေ့ ကိတ်လေး၊ အလယ်မှာက ဂစ်တာတီးနေတဲ့  ၀က်ဝံရုပ်လေးနဲ့ ။ ပြီးတော့ ဘေးမှာက ပက်ကင် ထုတ်ထားတဲ့  မွေးနေ့ လက်ဆောင်လေး ပေါ်မှာထောင်ထားတဲ့  Birthday Card လေး။ ရင်ခုန်သံတွေ ဟိုးအမြင့်ဆုံးကို လွင့်တက် သွားတယ်လို့  ကိုယ့်ကိုကိုယ် ထင်မိတယ်။ ခံစားလိုက်ရတဲ့  ကြည်နူးပျော်ရွှင်မှုက ဘာနဲ့ မှလဲမရနိုင်ပါဘူး။

တကယ်တော့ ဒီလိုဖြစ်လာအောင် သူလေးက စနစ်တကျနဲ့ ကို စီစဉ်ခဲ့ တာပါ။ တကယ့်မွေးနေ့ မှာ နှစ်ယောက်တည်း မွေးနေ့ ပွဲလေး ကျင်းပပြီး မွေးနေ့ လက်ဆောင်လေးပေးချင်လို့ တဲ့ ။ ရယ်ရယ်မောမောနဲ့  ရှင်းပြရှာတယ်။ ပြီးတော့ ဖယောင်းတိုင် လေးတွေ မီးထွန်းပြီး မွေးနေ့ ပွဲလေးကို စတင်လိုက်တယ်။ ရင်ထဲမှာ သူထွန်းညှိပေးခဲ့ တဲ့  အလင်းရောင်လေးကတော့ ကျနော့်ရဲ. ကောင်းကင်တစ်ခုလုံးကို လင်းလက်လို့ နေလေရဲ.။ Happy Birthday သီချင်းလေးကို လက်ခုပ်လေးတီးပြီး စိတ်ပါလက်ပါ သီဆိုနေတဲ့ သူ့ ပုံဟန်လေးက တကယ့်ကို ပီဘိကလေးလေး တစ်ယောက်လိုပါပဲ။ ပြီးတော့ Birthday Wish လေးဆုတောင်းပေးရှာတယ်။ ကိုလည်းဆုတောင်းလေတဲ့ ။
လက်နှစ်ဘက်ကို ရင်မှာယှက်လို့  ဆုတောင်းဖို့  ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်မှုန်တစ်စ ကြွေကျသွားသလိုပဲ။ ကြယ်တွေကြွေချိန်မှာ ဆုတောင်းရင် ပြည့်တတ်တယ်တဲ့ ။ ရင်မှာ အလိုချင်ဆုံး ဆုလေးတစ်ခုကို တိတ်တိတ်လေးပဲ တောင်းဆို လိုက်မိပါတယ်။

ပြီးတော့ ဖယောင်းတိုင်မီးလေးတွေ ပြိုင်တူမှုတ်လို့  အားရပါးရ ရယ်မောမိကြသေးတယ်။ ကိတ်မုန့် လေးကို လှီးပြီးသူ့ ကို ခွံ့ ကျွေးတော့ ကလေးတစ်ယောက်လို အားရပါးရ စားနေတဲ့  သူ့ ကိုငေးကြည့်နေမိတာ လူကို ကျောက်ရုပ်တဲ့ လေ။ ပန်းနုရောင် Birthday Card လေးကို ဖွင့်ကြည့်မိတော့ ရေးထားတဲ့ စာသားလေးက
Hope you'll find time to sit back for a minute to savour your world,
And the happy memories to remember forever.
To have the successful & happy life ....... Happy Birthday....Honey
တဲ့ လေ။ မွေးနေ့ လက်ဆောင်လေးက
လက်ပတ်နာရီ လေးတစ်လုံး။ နာရီလေးကို ကြည့်မိတဲ့ အချိန်တိုင်းမှာ အမြဲထာဝရ သတိတရ ရှိနေအောင်လို့ တဲ့ ။ သူ စနစ်တကျနဲ့  စီစဉ်ခဲ့ သမျှအားလုံးက ကျနော့်အတွက်ချည်းပါပဲတဲ့ လေ။

ခုတော့လည်း အရာရာအားလုံးက အစီအစဉ်တကျနဲ့  ပြီးဆုံးခဲ့ ပါပြီ။ ပြန်မရနိုင်တော့တဲ့  အဲဒီ မွေးနေ့ လေးက ကျနော့်ဘ၀ တစ်သက်တာမှာ အမြဲထာဝရ တမှတ်တရနဲ့  ရှိနေဦးမှာပါ။ ကျနော်တွေးနေမိတယ်။ နောင်နှစ်တွေရောက်ရင်ရော ဘယ်လို မွေးနေ့ ပွဲတွေ ကျင်းပဖြစ်ဦးမှာလဲ။ အရာရာ ဘာတစ်ခုမှ မရေရာမသေချာတဲ့ လောကကြီးထဲမှာ ကျနော်ကရော အသက်ရှင် ရပ်တည်နေနိုင်မယ်ဆိုတာ သေချာရဲ.လား။ တကယ်လို့  ဆက်လက်ရှင်သန်နေခဲ့ ရင်ရော ပျော်ရာမှာမနေနိုင်ပဲ တော်ရာမှာနေရတဲ့ ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ရှင်သန်နေတဲ့ ဘ၀တစ်ခုအတွက် အားလုံးရဲ.အဝေးတစ်နေရာမှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း မွေးနေ့ ပွဲလေး တိတ်တဆိတ် ကျင်းပနေရဦးမှာလား။ အတွေးပေါင်းများစွာနဲ့  ရှည်ကြာလွန်းတဲ့  ကျနော့်ရဲ. ညနက်နက်တစ်ခုကတော့ နံနက် မိုးသောက်လို့  အလင်းရောင်ပျိုးစ အချိန်လေးမှာ လူမသိသူမသိနဲ့  တိတ်တိတ်လေး ပြီးဆုံးသွားခဲ့ ပါပြီ။

Saturday, September 13, 2008

အိမ်မက်ထဲက မီးသတ်သမားလေး

ဇင်ယော်လေး အရေးကြီးကိစ္စနဲ့  ဘယ်သူ့ကိုမှ နှုတ်မဆက်နိုင်ပဲ ခရီးထွက်သွားရလို့  ဆိပ်ကမ်းလေးကိုတောင် မရောက်ဖြစ်တာ အတော်ကြာခဲ့ ပါပြီ။ ခရီးသွားနေတဲ့ ရက်ပိုင်းအတွင်းမှာ လာရောက်လည်ပတ်ခဲ့ တဲ့  မိတ်ဆွေတွေရော၊ နောက်ပြီး ပျောက်နေတာ ကြာလို့ အော်ဟစ်နေတဲ့  ညီအစ်ကိုမောင်နှမအားလုံးကို ရော
ဒီပို့ စ်လေးနဲ့ တောင်းပန်လိုက်ပါတယ်ဗျာ။


အိမ်မက်ထဲက မီးသတ်သမားလေး







ဖြူရော်ဖျော့တော့နေတဲ့ သားလေးကို စိုက်ကြည့်နေရင်း သူမမျက်ဝန်းတွေထဲမှာ မျက်ရည်စတို့  ဝေ့သီလာသည်။ ဆေးရုံကုတင် လက်တန်းလေးကို ဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့  သားလေး၏မျက်နှာကို တ၀ကြီး ကြည့်နေမိသည်။ သားလေးရယ်...လူ့ လောကထဲ
အလည်ရောက် လာတာမှ နှစ်ကာလ ဘာမှမကြာသေး။ နောက်မကြာခင် ပြန်ထွက် သွားတော့မယ်ပေါ့။ တွေးတောရင်း ရင်ထဲမှာ နာကျင်လို့ နေမိသည်။

အခြားသော မိခင်များနည်းတူ သူမတွင်လည်း သားလေးအတွက် မျှော်မှန်းချက်တို့ က ရင်နဲ့ အပြည့်။ သားလေးကို လူလူသူသူဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်သည်။ သားလေးရဲ. အိမ်မက်တွေ တကယ်တမ်းဖြစ်လာအောင် အကောင်အထည် ဖော်ပေးချင်သည်။ တနေ့ မှာ ရည်မှန်းချက်တို့  ပြည့်ဝအောင်မြင်ပြီး ကျေနပ်ပီတိတို့ ဖြင့် ပြုံးရွှင်နေသော သားလေး၏မျက်နှာကို သူမအားပါးတရ တ၀ကြီး ကြည့်ချင်သေးသည်။ ခုတော့ဖြင့် သူမအိမ်မက် အားလုံးကို သွေးကင်ဆာဆိုတဲ့  နတ်ဆိုးက တစစီ
ရိုက်ချိုးလို့  ဖျက်ချေနင်းသွားလေပြီ။

ဒါပေမယ့် သူမလွယ်လွယ်နဲ့ တော့ အရှုံးမပေးချင်သေး။ သားလေး၏ဆန္ဒတချို.ကို သူမတတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်သည်။ သားလေး၏အိမ်မက်တွေကို တကယ်တမ်းဖြစ်လာအောင် အကောင်အထည်ဖော်ပေးချင်သည်။ သားလေး၏လက်လေးကို အသာအယာဆုပ်ကိုင်ရင်း မေးလိုက်မိသည်။
သားရေ...သားလေးအသက်ကြီးလာရင် ဘာလုပ်မလဲ။ ဆရာဝန်ကြီးလုပ်မှာလား၊ အင်ဂျင်နီယာကြီး လုပ်မှာလား၊ ဒါမှမဟုတ် ရှေ.နေကြီးလုပ်မှာလား။
သားလေးက ခဏငြိမ်ပြီးစဉ်းစားနေသည်။ ပြီးမှအားရပါးရပြုံးရင်း
မေမေ သားသားကြီးရင် မီးသတ်သမားကြီးဖြစ်ချင်တယ်။ မီးသတ်ဝတ်စုံကြီးဝတ်ပြီး မီးလောင်ရင် မီးငြိမ်းချင်တယ်။ လူတွေကို လည်း မီးတွေကြားက ကယ်ထုတ်ချင်တယ်။
သူမအသာအယာပြုံးရင်း ပြန်ပြောလိုက်သည်။
အားမလျှော့နဲ့ သားလေးရေ..မေမေတို့ သားအိမ်မက်တွေ တကယ်ဖြစ်လာအောင်ကြိုးစားကြည့်ကြတာပေါ့။

နောက်တနေ့ မှာပဲ သူမတို့ နေထိုင်ရာမြို့ လေးရှိ မီးသတ်စခန်းသို့  သူမရောက်သွားကာ တာဝန်ခံအရာရှိအား တွေ့ ဆုံပြီး သားလေး၏ နောက်ဆုံးဆန္ဒလေးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးစေလိုကြောင်း အသနားခံကာတောင်းဆိုမိသည်။ သူမ၏၅နှစ်အရွယ် သားငယ်လေး ပီတာကို ဖြစ်နိုင်လျှင် မီးသတ်ကားပေါ်တွင် ခေတ္တမျှ လိုက်ပါစီးနင်းစေလိုကြောင်း တောင်းပန်ပြောဆိုမိသည်။ ထိုမီးသတ်ဗိုလ်ကြီးဘောပ့်မှာ သူမတို့ နေထိုင်ရာ အရီဇိုးနားပြည်နယ် ဖီးနစ်မြို.လေးတွင် ကြင်နာသနားတတ်သူ၊ သူတစ်ပါးအား ကူညီတတ်သူအဖြစ်နာမည်ကြီးသည်မို့ သူမအရဲစွန့် ကာ လာရောက်တောင်းဆိုမိခြင်းဖြစ်သည်။ ဘော့ပ်ကလည်း လိုလိုလားလားပင် အကူအညီပေးချင်သည်။

ကျနော်တို့ ဒီထက်ပိုပြီး ကူညီနိုင်ပါတယ်။ အခုလာမယ့် ဗုဒ္ဓဟူးနေ့ မနက်၇နာရီမှာ ပီတာလေးကို အဆင်သင့် ပြင်ထားပေးပါ။ ကျနော်တို့ လာခေါ်ပါ့မယ်။ သူ့ ကို အဲဒီတစ်နေ့ လုံး ကျနော်တို့ ဖီးနစ်မီးသတ်စခန်းရဲ. ဂုဏ်ပြုခံ မီးသတ်သမားအဖြစ် နေထိုင်ခွင့်ပြုမှာပါ။ ပြီးတော့  ကျနော်တို့ နဲ့ အတူတူ စားသောက်ရမယ်၊ ဒါ့ အပြင် အရေးပေါ်မီးသတ်ဖို့  အခြေအနေတွေ ကြုံတွေ့ လာခဲ့ ရင် ကျနော်တို့ နဲ့ အတူ မီးသတ်သမားအဖြစ်
တာဝန်တွေထမ်းဆောင်ခွင့်ရမှာပါ။ နောက်ပြီး ပီတာလေးရဲ.ကိုယ်အတိုင်းအတာကို ပေးထားရင် သူ့ အတွက် ယူနီဖောင်းတစ်စုံ စီစဉ်ပေးထားမှာပါ။ ဖီးနစ်မီးသတ်စခန်းတံဆိပ်ပါတဲ့  မီးသတ်သမားဦးထုပ်၊ ရာဘာဖိနပ်နဲ့ တကယ့်မီးသတ်ဝတ်စုံတစ်စုံကို အဆင်သင့်ဖြစ်အောင် စီစဉ်ပေးထားပါ့မယ်။ ဒီဝတ်စုံတွေက ဖီးနစ်မြို့ လေးမှာပဲ
ထုတ်လုပ်တာကြောင့် အချိန်တို အတွင်းမှာ အလွယ်တကူ ရရှိအောင်စီစဉ်နိုင်ပါတယ်။

နောက် ၃ ရက်အကြာမှာတော့ သူအင်မတန်ဝတ်ချင်တဲ့ မီးသတ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့  ပီတာတစ်ယောက် မီးသတ်ကားပေါ်မှာ အပျော်ကြီးပျော်နေပါပြီ။ ဘော့ပ်ဦးဆောင်တဲ့ မီးသတ်သမားတစ်စုက ပီတာလေးကို ဆေးရုံမှ ဖီးနစ်မီးသတ်စခန်းဆီ လာရောက်ခေါ်ဆောင်ကြတာပါ။ မီးသတ်ကားနောက်ပိုင်းမှာ ဂုဏ်ပြုခံမီးသတ်သမားလေး ပီတာတစ်ယောက် မီးသတ်ပိုက်ကိုကိုင်ရင်း
ပြုံးပျော်နေပုံက သူ့ အတွက်နိဗ္ဗါန်ဘုံကိုရောက်နေတဲ့ အတိုင်းပါပဲ။

အဲဒီနေ့ က ဘော့ပ်တို့ အရေးပေါ်မီးသတ်ဖို့  ၃ ကြိမ်တိတိသွားခဲ့ ရာမှာ ပီတာတစ်ယောက်လည်းအပါအ၀င်ပေါ့။ ဖီးနစ်မီးသတ်စခန်းရဲ.
မီးသတ်ကားမျိုးစုံကို စီးခဲ့ ယုံမက အရေးပေါ်သူနာပြုကား၊ ကယ်ဆယ်ရေးလှေကားတင်ကားတို့ အပြင် မီးသတ်စခန်းအကြီးအကဲရဲ.
ကားကိုတောင် ပီတာလေးစီးခဲ့ ရပါသေးတယ်။ ပီတာလေးတစ်ယောက် အဲဒီနေ့ က ဘော့ပ်တို့ နဲ့ အတူ တာဝန်တွေ ကူညီ ထမ်းဆောင်နေပုံကို ဒေသခံတီဗွီသတင်းတွေကတောင် ထုတ်လွှင့်ပြသခဲ့ပါတယ်။ သူ့ ရဲ.အိမ်မက်တွေ တကယ်ဖြစ်ခွင့် ရခဲ့ တဲ့  ပီတာတစ်ယောက် သူ့အပေါ်အများက ထားရှိတဲ့ မေတ္တာတွေရဲ. အကျိုးကျေးဇူးကြောင့် ဆရာဝန်တွေ ထင်မှတ်ထားတဲ့  အချိန်ကာလထက်တောင် ၃လကျော်အောင် နေထိုင်နိုင်ခဲ့ ပါတယ်။

ဒီလိုနဲ့ တစ်ညမှာတော့ ပီတာလေးတစ်ယောက် ခရီးရှည်ကြီးကို ထွက်ခွာရတော့မယ့်  အရိပ်လက္ခဏာတွေ ပြသလာပါပြီ။
ကင်ဆာဆေးရုံရဲ. သူနာပြုဆရာမကြီးက အိမ်ကမိသားစုဝင်တွေဆီ ဖုံးဆက်ပြီး လှမ်းခေါ်လိုက်ပါပြီ။ ဒါကလည်း သူမရဲ. လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့  ဘယ်လူနာမှ လူမသိသူမသိ တိတ်တိတ်လေး တစ်ယောက်တည်း မဆုံးပါးသွားစေရဘူးတဲ့ ။
ဒါ့အပြင် သူမ မှတ်မိသတိရလိုက်တာက ပီတာလေးရဲ. တစ်ရက်တာ ဂုဏ်ပြုခံ မီးသတ်သမားလေး ဘ၀ကိုပါ။ အဲဒါကြောင့် ဖီးနစ်မီးသတ်စခန်းကို ဖုံးလှမ်းဆက်ပြီး ဘော့ ပ်တို့ ဆီကိုပါ အကြောင်းကြားလိုက်ပါတယ်။ သူမက ဖြစ်နိုင်ရင် ယူနီဖောင်း
ဝတ်ဆင်ထားတဲ့  မီးသတ်သမားတစ်ယောက်ကို ဆေးရုံကို လွှတ်ပြီး ပီတာလေးရဲ. နောက်ဆုံးအချိန်လေးမှာ လာရောက် နှုတ်ဆက်စေချင်ပါတယ်လို့  တောင်းဆိုလိုက်တာပါ။

ဘော့ပ်က
ကျနော်တို့  ဒီထက်ပိုပြီး လုပ်ဆောင်ပေးနိုင်ပါတယ်။ ၅မိနစ်အတွင်း ရောက်လာခဲ့ပါ့မယ်။ တစ်ခုလောက်များ ပြန်ပြီး
ကူညီနိုင်မလားခင်ဗျာ။ အရေးပေါ်မီးသတ်ကား ဥသြသံကြားရရင်၊ ပြီးတော့  မီးသတ်ကားရဲ. အရေးပေါ်မီးရောင်တွေမြင်ရတဲ့ အခါ ဆေးရုံရဲ. အသံလွှင့်စပီကာကနေ ဒါဟာတကယ်မီးလောင်နေတာ မဟုတ်တဲ့အကြောင်း၊ ဖီးနစ်မီးသတ်စခန်းက အဖွဲ့ ဝင်တချို.က
သူတို့ ရဲ.မိတ်ဆွေ အသက်အငယ်ဆုံး မီးသတ်သမားလေးဆီကို နောက်တကြိမ် လာရောက်တွေ့ ဆုံတာဖြစ်တဲ့ အကြောင်း ကြေငြာပေးစေလိုပါတယ်။ နောက်ပြီး ပီတာလေးနေတဲ့  အခန်းက ပြတင်းပေါက်တံခါးတချို.ကို ဖွင့်ပေးထားလို့  ရမလားခင်ဗျာ။

နောက်၅မိနစ်ခန့် အကြာမှာတော့ ဆေးရုံရှေ.ကို ကယ်ဆယ်ရေး မီးသတ်လှေကားတင်ဆောင်ထားတဲ့ အရေးပေါ်မီးသတ်ကားတစ်စီး
ဆိုက်ရောက်လာခဲ့ ပါတယ်။ ဘော့ပ်ဦးဆောင်တဲ့  မီးသတ်သမား၅ယောက်က မီးသတ်လှေကားကဆင့်  ၃ထပ်မှာရှိတဲ့ 
ဖွင့်ထားတဲ့  ပီတာလေးရဲ.အခန်းပြတင်းတံခါးပေါက်ကို တက်လာပြီး ခရီးရှည်ကြီးကို ထွက်ခွာသွားတော့မယ့် သူတို့ ရဲ.
အဖွဲ့ ဝင်လေးကို လာရောက်နှုတ်ဆက်ကြတာပါ။ ပီတာလေးမိဘတွေရဲ. ခွင့်ပြုချက်နဲ့  သူတို့ တတွေဟာ ပီတာလေးကို
ထွေးပိုက်ပြီး သူတို့ အနေနဲ့  ပီတာလေးကို ဘယ်လောက်ချစ်ကြောင်း၊ ဖီးနစ်မီးသတ်တပ်ဖွဲ့ အနေနဲ့  အသက်အငယ်ဆုံး
မီးသတ်သမားလေးအတွက် ဂုဏ်ယူကြောင်း လာရောက်ပြောပြကြတာပါ။ နောက်ဆုံးအနေနဲ့  အသက်ကို
ခဲခဲယဉ်းယဉ်း ရှူပြီး ဘော့ပ်ကိုလှမ်းကြည့်ရင်းက ပီတာလေးမေးလိုက်ပါတယ်။
....ဦးရေ..ကျနော်တကယ်ပဲ မီးသတ်သမားဖြစ်ပြီလားဟင်...။
ဘော့ပ်က
....တကယ်ပါပီတာလေးရေ...မင်း တို့ နဲ့ အတူတူ ဂုဏ်ပြုခံ မီးသတ်သမားအဖြစ်နဲ့  တာဝန်ထမ်းဆောင်ခဲ့ ကတည်းက မင်းဟာ
ဖီးနစ်မီးသတ်စခန်းရဲ. အဖွဲ့ ဝင် မီးသတ်သမားတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အခုအချိန်မှာ မင်းဟာ တကယ့်ကို မီးသတ်သမား တစ်ယောက်ပါ...တဲ့။
အဲဒီစကား အဆုံးမှာတော့ ပျော်ရွှင်ကြည်နူးတဲ့  အပြုံးးကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်းက ပီတာလေးတစ်ယောက် မျက်လုံးလေးကို အသာအယာပိတ်ပြီး ခရီးရှည်ကြီးကို ထွက်ခွာသွားပါတော့တယ်။

အပြင်ကိုလှမ်းကြည့်လိုက်တော့ နံနက်ခင်းရဲ. ရှေ့ ပြေးအလင်းစတွေက မိုးကုပ်စက်ဝိုင်းကိုမေးတင်လို့ နေပါပြီ။ ဘ၀တစ်ခုရဲ.
မျှော်လင့်ချက်အိမ်မက်လေးကို အခြေအနေပေးသလောက် လက်တွေ့ အကောင်အထည်ဖော်ခွင့်ရခဲ့ တဲ့  ပီတာလေးအတွက်
ကမ္ဘာလောကကြီးက ကျေနပ်နှစ်သိမ့်နေမှာပါ။ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့  ပီတာလေးကတော့
မိခင်ရဲ.မေတ္တာတရား၊ သနားကူညီတတ်တဲ့  ဖီးနစ်မီးသတ်တပ်ဖွဲ့ ရဲ.အကြင်နာတရားတို့ နဲ့  သူရဲ. စိတ်ကူးအိမ်မက်လေးကို
ကြိုးစားဆောက်တည်နိုင်ခဲ့ ပါပြီ။
ကျနော်တို့ တွေရော....ဘယ်တော့ရောက်လာမယ်မှန်း အတိအကျမသိတဲ့  နောက်ဆုံးအချိန်မတိုင်ခင် စိတ်ကူးထဲက မျှော်လင့်ချက်
အိမ်မက်လေးတွေ တကယ်ဖြစ်လာအောင် ကြိုးစားမကြည့်သင့်ဘူးလား။ ကျနော်တို့ ရဲ. ဘ၀ပန်းချီကားလေးထဲမှာ စိတ်ကူး မျှော်လင့်ချက်ဆိုတဲ့  ရှုခင်းလေးတွေကို ကြိုးစားအားထုတ်မှု စုတ်တံလေးတွေနဲ. ဆေးရောင်လှလှ ခြယ်သနိုင်ခဲ့ မယ်ဆိုရင်ဖြင့်.........။ ။ ။

(မိတ်ဆွေတစ်ယောက်ပို့ လိုက်တဲ့ မေးလ်(from the book Chicken Soup for the Soul)ကို ဘာသာပြန်ဆိုလိုက်တာပါ။ တကယ်လို့ 
ဘာသာပြန်တဲ့ နေရာမှာ အမှားအယွင်းရှိခဲ့ ရင် သည်းခံဖတ်ရှုပေးပါလို့  တောင်းပန်ပါတယ်။ )

Friday, August 15, 2008

နေ့ လေးတစ်နေ့ 

နံနက်ခင်း နေခြည်နွေးနွေးက ပြာလဲ့လဲ့ ကောင်းကင်အောက်မှ တိုးထွက်ကာ ဆီးရက်တယ်လ် အိုလံပစ် အားကစားကွင်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ပြာ၊စိမ်း၊နီ။ဝါ အလံပေါင်းစုံက လေအဝေ့မှာ တလူလူလွင့်လျှက်။ တမြို.လုံးက လူတွေအားလုံး ဤအားကစားကွင်းကြီး အတွင်းရောက်နေသည်ဟု ထင်ရလောက်အောင်ပင် လူတွေပျားပမ်းခပ်မျှ စည်းကား လှသည်။ ဒီနေ့ ... သာယာလှပတဲ့နေ့ လေးတစ်နေ့ ........မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပနေတဲ့နေ့ လေးတစ်နေ့ ရယ်ပါ။

အားကစားနည်းပေါင်းစုံကို နေရာဒေသ အမျိုးမျိုးမှ အားကစားသမားများက အသီးသီးလာရောက် ယှဉ်ပြိုင်နေကြသည်။ မသန်ပေမယ့် စွမ်းသည့်သူများပေမို့  မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် ရပ်ရွာဒေသအတွက် အထူးအားထုတ် ကြိုးစားယှဉ်ပြိုင် ကြသည့်ပွဲ ဖြစ်ရာ ပရိတ်သတ်ကလည်း အုံးအုံးကြွက်ကြွက် အားပေးနေကြသည်။

ဒီလိုနဲ့  အသက် ၁၀နှစ်အောက် မီတာ၁၀၀ ပြေးပွဲ စတင်ရန်အတွက် ပါဝင် ယှဉ်ပြိုင်မည့်သူ အားလုံး အသီးသီး နေရာယူ နေကြသည်။ အားလုံး စုစုပေါင်း ၉ ယောက်။ သူတို့ လေးတွေအားလုံး ရုပ်ပိုင်းဆိုင်ရာ သို့ မဟုတ် စိတ်ပိုင်းဆိုင်ရာ တစ်ခုမဟုတ်တစ်ခု ချွတ်ယွင်း နေကြသူလေးများပါ။ သို့ ပေမယ့် သူတို့ လေးတွေ အားလုံးရဲ့  မျက်နှာမှာ တူညီမှုတစ်ခုက အထင်းသား ပေါ်လွင်နေသည်။
ပြိုင်ပွဲဝင်စိတ်ဓါတ်.... မိမိ ရပ်ရွာဒေသအတွက် အသိအမှတ်ပြု ဆုတခုခု ရယူပေးချင်သည့် ပြိုင်ပွဲဝင်စိတ်ဓါတ်။

တာလွှတ်လိုက်သည့် ခရာသံအဆုံး သူတို့ အားလုံး ပန်းတိုင်ဆီသို့  ကိုယ်နည်းကိုယ့်ဟန်ဖြင့် အပြေးလှမ်း ကြတော့သည်။ ပရိတ်သတ်ကလည်း ဆူညံစွာအော်ဟစ် အားပေးလျှက်။ ပြေးပုံပြေးနည်း မတူညီကြပေမယ့် သူတို့ အားလုံးရဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းရယ်ပါ။

ခြေတဖက်ထော့နဲ့ ထော့နဲ့ ဖြင့် ပြေးနေသော ကောင်လေးတစ်ယောက်..... ပြေးလမ်းပေါ်မှာ မကြာခဏ ခလုပ်တိုက်မိကာ လဲပြိုကျသည်။ နောက်ဆုံးတော့ လက်လျှော့ လိုက်ဟန်တူသည်။ ပြန်မထတော့ပဲ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ကျန် ၈ ယောက်က ငိုသံကြားတော့ ရုပ်တရက်ရပ်ကာ ပြန်လှည့်ကြည့်ကြသည်။ နောက်တော့ သူတို့ အားလုံး ကောင်လေးဆီသို့ 
ပြန်လျှောက် သွားကြတော့သည်။ ပရိတ်သတ်က မှင်တက်မိကာ ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။ ဘာလုပ်ကြမလို့ ပါလိမ့်။ အားကစားကွင်းကြီး တစ်ခုလုံး အလံများကို လေတိုးသံမှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့ အားလုံး ကောင်လေးနားရောက်တော့ သူတို့ ထဲမှ ဥာဏ်ရည်မမှီသော ရောဂါခံစားနေရသော ကလေးမလေး တစ်ယောက်က ကောင်လေးနားမှာ ဒူထောက် ထိုင်လိုက်သည်။ ပြီးတော့ ကောင်လေးနဖူးကို အသာအယာ နမ်းကာ
အခု ကောင်းသွားပြီ...ထထ ...တို့ တွေသွားကြရအောင်....တဲ့။
ကောင်လေးကို အသာအယာ တွဲထူမကာ သူတို့ တွေအားလုံး လက်မောင်းချင်းချိတ်လျှက် ပန်းတိုင်ဆီသို့  တစ်လှမ်းချင်း လျှောက်လှမ်း သွားကြတော့သည်။ ၁ လှမ်း ၂ လှမ်း ၃ လှမ်း..........

လက်ခုပ်သံတစ်ချက်... နောက်တစ်ချက်..... နောက်တစ်ချက်...နောက်တစ်ချက်.......ပြီးတော့...ပြီးတော့ အဆုံးမရှိတဲ့
လက်ခုပ်သံများ......ပရိတ်သတ်အားလုံး........ အားကစားကွင်းကြီး အတွင်းမှ ပရိတ်သတ်များ အားလုံး....... မတ်တတ်ရပ်ကာ .......... ၀မ်းသာအားရ လက်ခုပ်တီး၍ အားပေးနေကြသည်။ လက်ခုပ်သံများက မိုးယံသို့  ထွင်းဖောက်လုမတတ်။ သူတို့ လေးတွေကို
လှမ်းကြည့် လိုက်တော့ လက်တွေက ခိုင်ခိုင်တွဲလျှက်၊ ပန်းတိုင်ဆီသို့  တလှမ်းချင်းလှမ်းရင်း အတူတူ လျှောက်လှမ်းနေကြသည်။

သာယာလှပတဲ့ နေလေးတစ်နေ့ ရယ်ပါ။ ထို့ အတူ ကျနော့်အဖို့ လည်း....ရင်မှာဖော်မပြနိုင်တဲ့ ပီတိလေးတစ်ခု ခံစားရတဲ့ နေ့ ၊
ဘ၀အတွက် အသိလေးတစ်ခု ထိုက်ထိုက်တန်တန် ရခဲ့ တဲ့ နေ့ လေးတစ်နေ့  ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ ။ ။
( Chicken Soup for the Soul မှ Bob French ဧ။် What's Really Important ကို မှီငြမ်းထားပါသည်။ )