Showing posts with label tag game. Show all posts
Showing posts with label tag game. Show all posts

Sunday, December 28, 2008

Crazy Frog

အဟဲ တက်ဂ်ထားတာလည်း ကြာလှပြီ။ ဒီလိုပဲ အပျင်းထူနေတာလည်း ကြာပြီဆိုပါတော့။ အမှန်တော့ အကြွေးတွေ ဆပ်ရမှာ ကြောက်တာလည်း ပါတာပေါ့လေ။ တက်ဂ်ကြွေးတွေက များလွန်းလို့  ဘာတွေမှန်းတောင် မသိတော့ဘူး။ သတိရတဲ့အကြွေးလေး အရင်ဆပ်ထားတာ။ ( တက်ဂ်တယ်လို့  ပြောတည်းက ကြိုပြောထားတယ်နော် လာမယ်ကြာမယ်လို့  ဟီးဟီး။ )

တခြားမဟုတ်ပါဘူး နှစ်သက်မိတဲ့ ကာတွန်းကားလေးဆိုပါတော့။ ဇင်ယော်က တခါတလေ စိတ်လစ်ရင် အင်တာနက်မှာ ကာတွန်းကားတွေ လိုက်ရှာပြီး ကြည့်နေကြဆိုတော့ အလွယ်လေးပါထင်လိုက်တာ။ တကယ်ရေးမယ်လည်းဆိုရော ကိုယ်ကြိုက်တဲ့ ကာတွန်းကားတွေက သူများတွေ အကုန်လုံး ရေးပြီသွားပြီဗျ။ တော်ပါသေးရဲ့ နောက်ဆုံးတစ်ခုတော့ ကျန်နေသေးလို့  ( ရေးပြီးသွားတဲ့သူရှိရင်လည်း တတ်နိုင်တော့ဘူးဗျာ အကြံကကုန်နေပြီ ချက်စရာ ဆားကလည်း သူများတွေ ချက်လွန်းလို့  ဈေးတွေကျကုန်လို့  ချက်တော့ဘူး။ )

ဇင်ယော်လေး ရဲ့ Favourite က Crazy Frog လေ။ အော်ချင်တာအော် လုပ်ချင်တာလုပ် ဇင်ယော်လေးလိုပဲ။ ဟီး ဒါကြောင့် သိပ်ကြိုက်၊ ကဲကြည့်လိုက်ပါဦး။ အရင်ဆုံး ခါတော်မှီလေးနဲ့  စလိုက်ရအောင် ( အမှန်တော့ နောက်ကျနေပြီ ခရစ်စမတ်က လွန်သွားပြီလေ )။ ဒါပေမယ့် ကြည့်လို့ လည်းကောင်း သီချင်းလေးကလည်း မြူးဆိုတော့ ပြန်ပြီး မျှဝေလိုက်ပါတယ်။



DJ Frog လေ။ New Year Count Down မှာ သူက DJ လုပ်မှာ အဟေး အားပေးလိုက်ပါဦး။


သူက ဘောလုံးမှာလည်း ချန်ပီယံဗျ။

Crazy Frog - The funniest home videos are here


ကဲ နောက်ဆုံး ကျနော့်ဇာတ်လိုက် Crazy Frog ပါတဲ့ MTV လေး အားပေးသွားပါဦးဗျာ။


ကဲ တက်ဂ်ထားကြတဲ့ သူတွေကိုတော့ အတိအကျ မမှတ်မိဘူးဗျ။ မှတ်မိသလောက် ခပ်ပိန်းပိန်းကောင်လေးမောင်ဂျဲဂျယ် ( အမှန်တော့ မပိန်းဘူး ပိန်းချင်ယောင်ဆောင်နေတာ နာတိတယ်ကွ :D )၊ နောက်ပြီး ညီမအလွမ်းပြေ ( အမှန်က သူဘလော့ရေးဖို့ မလိုဘူး အက်ရှင်ကားတွေထဲကလို အကြွေးလိုက်တောင်းတဲ့ လူမိုက်လုပ်ရမှာ :P )၊ နောက်တစ်ယောက်ကတော့ ညီမငှက်ပိစိ ( ဟီးသူကတော့ အကြွေးတောင်းမရမှန်းသိတော့ လက်မြှောက်သွားလေရဲ့ ) တို့ ရေ အကြွေးဆပ်လိုက်ပြီနော်။

Wednesday, December 10, 2008

နှလုံးသားရပ်ဝန်းကို အခြေတည်၍

ဘာရယ်တော့မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ တစ်ခုခုကို သိနေခဲ့သလိုပဲ။ မသိစိတ်က ပတ်ဝန်း ကျင်မှာ တစိမ်း တစ်ယောက် ရှိနေတယ်တဲ့။ သတိရလို့  ဧည့်ခန်းလေးထဲ လှမ်းကြည့်မိလိုက်တော့ လားလား ဧည့်သည် တစ်ယောက် ရောက်နေပါလား။ သော့ခတ်မထားပဲ စေ့ရုံလေးစေ့ထားတဲ့ တံခါးလေးကို ၀င်ခွင့်မတောင်းပဲ တွန်းဖွင့်လို့  ၀င်လာခဲ့တဲ့ ဧည့်သည် တစ်ယောက်ပေါ့လေ။ ဘယ်အချိန်တည်းက ၀င်လာခဲ့မှန်းတောင် သတိမထားမိလိုက်ပါဘူး။ သိလိုက်တဲ့အချိန်ကျတော့ သူက ဧည့်ခန်းမှာ အခန့် သားထိုင်လို့ ။

သူကကိုယ့်ကို လှမ်းကြည့်ပြီး ပြုံးပြခဲ့တယ်။ သူ ရဲ့အပြုံး အင်း အရှင်းဆုံးပြောရရင် တစ်ခါတွေ.ဖူးရင် နောက်ဘယ်တော့မှ မမေ့ တော့မယ့်အပြုံး။ မဖိတ်ခေါ်ပဲနဲ့  ရောက်လာခဲ့တဲ့ ဧည့်သည်အပြုံးပေါ့လေ။ ဧည့်သည်လက်မခံပါဘူးဆိုပြီး ဆိုင်းဘုတ်ချိတ်ထားကာမှ ရောက်လာပြန်ပါရောလား။ အားနာတတ်တဲ့ ကိုယ့်အတွက်တော့ နှင်ထုတ်ရမှာလည်းခက်၊ အောင့်သက်သက်နဲ့  လက်ခံထားရမှာ လည်းခက် ဘာလုပ်ရမှန်း မသိအောင် ဝေခွဲရခက်လို့ နေလေရဲ့။ ကိုင်းဘယ်လိုလုပ်ရပါ့။ သူကတော့ ပြောရှာတယ် ။ အိမ်ရှင်နဲ့  တည့်အောင်ပေါင်းပြီး ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်နဲ့  အကြာကြီးနေမှာတဲ့။ သူ့ ဆီမှာ မမြင်နိုင်တဲ့ စွမ်းအင်တချို.ရှိထားပုံ ရတယ်။ ကျနော် ဘာပြန်ပြောရမှန်း မသိအောင်ပါပဲ ဆွံ.အနေမိတော့တယ်။ အော် သူ့ နံမည်လား သူ့ ကိုယ်သူ မိတ်ဆက်ပြီး ပြောလိုက်တာက သူ့  ကိုလူအများက အချစ် လို့  ခေါ်ပါတယ်တဲ့။


လက်နဲ့ မရေး
အသက်နဲ့ ရေးသတဲ့ .....
ဆေးနဲ့ မခြယ်
သွေးနဲ့ ခြယ်သတဲ့ ....
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
"အချစ်" မြင်လား
ပန်းချီကား
နှလုံးသားရဲ့ နံရံမှာ ..... ။
( မောင်စိန်ဝင်း - ပုတီးကုန်း )


အချစ်ဆိုသည်မှာ ဆိုတဲ့ တက်ဂ်ပို့ စ်လေးရေးကာနီး စိတ်ကူးထဲမှာ ပေါ်လာတဲ့ အတွေးစလေးကို အရင်ဆုံး ချရေးကြည့်လိုက်တာပါ။ တချို.တချို.သောသူတွေမှာ အချစ်ဆိုတာကို တကယ်တမ်း သေသေချာချာ မသိလိုက်ပဲ ချစ်မိပြီဆိုမှ အော် ဒါအချစ်ပါလားလို့  ကိုယ်တိုင် သိလိုက်ရတယ်လေ။ ဟိုးနှစ်ပေါင်းများစွာကနေ ခုချိန်ထိ လူတွေက အချစ်ကို အဓိပ္ပါယ်မျိုးစုံ ဖွင့်ဆိုနေကြတုန်းပဲ။ ပြီးပြည့်စုံပြီလား ဆိုတော့လည်း ဟင့်အင်းတဲ့။ ရှုထောင့်မျိုးစုံ နေရာမျိုးစုံကကြည့်ပြီး အမျိုးမျိုး ဖွင့်ဆိုလိုက်ကြတာ 3 ဖြစ်လိုက် က ဖြစ်လိုက် ယ ဖြစ်လိုက် င် ဖြစ်လိုက်နဲ့ ။

ဆော့ပ်ဟိုဆဲလ် က လူသားတွေအတွက် ဘ၀ရဲ့ နာကျင်မှုနဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်စရာ စကားလုံးတစ်ခုရှိတယ်တဲ့ အဲဒါ အချစ် ပဲတဲ့။ ဒေါ်ရော်သီပါကားဆိုသူကတော့ အချစ်ဆိုတာ လက်ဖ၀ါးပေါ် တင်ထားတဲ့ ပြဒါး လိုပဲတဲ့။ လက်ဖ၀ါးကို အသာလေးဖွင့်ပြီး ဒီအတိုင်း ထားရင် လက်ထဲမှာ ရှိနေပေမယ့် သေသေချာချာ ဆုပ်ကိုင်ဖို့ ကြိုးစားရင်တော့ လက်ချောင်းတွေကြားကနေ ယိုစိမ့်ပြီး ပျောက်ကွယ် သွားလိမ့်မယ်တဲ့။

ဇင်ယော်လေးရဲ့ အမြင်လား ကိုယ်တိုင်လည်း သေသေချာချာတော့ အဓိပ္ပါယ် မဖွင့်ဆိုတတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပဲပေါ့။ အချစ်ဆိုတာ ဘာလဲလို့  သိပြီးမှ အချစ်ကို ကြုံကြတာ မဟုတ်ပါဘူး။ အချစ်ကို ကြုံခဲ့ရပြီးမှ အချစ်ဆိုတာကို သိမြင်လာခဲ့ကြတာပါ။ ဇင်ယော်လေးရဲ့ တစ်ပုဒ်တည်းသော ၀တ္တုလေး ( အမြဲထာဝရ ရှိနေမယ့် အိမ်ကလေး ) မှာတော့ ရေးခဲ့ဖူးပါတယ်။ "အချစ်ဆိုတာ တခါတလေတော့ လည်း ရယူ ပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို
တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ
"
။ ဆရာမ ဂျူးရဲ့ ဆောင်းပါးမှာ ရေးထားတာလေး ဖတ်ဖူးတယ်။ "အချစ်ကို ဘယ်လိုသိနိုင်မလဲ။ ဒီမေးခွန်းရဲ့အဖြေက မေးသူထံမှာပဲ ရှိပါတယ်။ အချစ်ကိုသိချင်ရင် အချစ်ကို ကြုံတွေ.တဲ့အခါမှာ စိတ်ပါလက်ပါနဲ့  ခြေစုံပစ်ဝင်လိုက်ရုံပါပဲတဲ့။ ဒါကြောင့်လည်း အင်္ဂလိပ်၊ အမေရိကန် စကားမှာ falling in love လို့ သုံးကြတာ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အချစ်ကို ထဲထဲဝင်ဝင် သိနိုင်မှာပေါ့လေ" ။

အချစ်မှာ Impersonal love လို့ ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့  Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Impersonal love က ဥပမာပေးရရင် တိုင်းပြည်ကို ချစ်တာ၊ စာပေယဉ်ကျေးမှုကိုချစ်တာ၊ ရည်မှန်းချက်ကိုချစ်တာ နောက်တစ်မျိုးပြောရရင် မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး စိတ်ထဲက စူးစူးနစ်နစ် ယုံကြည်သက်ဝင်တဲ့ အရာတွေကို ချစ်တာကို Impersonal love လို့  ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့ တင်စားကြတာပဲ။ ဒါ့အပြင် လူတွေက အရာဝတ္တုတွေ၊ တိရိစ္ဆာန်တွေ၊ ပြုမူလှုပ်ရှားမှု တွေရဲ့ သံယောဇဉ်တွေထဲမှာ ကိုယ့်ကိုကိုယ် မြှုတ်နှံထားလိုက်ပြီဆိုရင် အဲဒါတွေကို ချစ်တာလည်း Impersonal love ပါပဲတဲ့။ Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ကတော့ ရှင်းရှင်းလေးပါ။ လူသားတစ်ဦးနဲ့ တစ်ဦးကြားမှာ သာမန်ရှိတဲ့ ဆက်နွယ်မှုတဲ့ ပိုပြီးအင်အားကြီးတဲ့ တန်ခိုးသြဇာ ရှိတဲ့ ဆက်နွယ်ပတ်သက်မှုမျိုးပါ။ မိဘသားချင်း ညီအစ်ကိုမောင်နှမ အချင်းချင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ ချစ်သူမောင်မယ်တွေ အချင်းချင်း ချစ်တဲ့ အချစ်မျိုးပေါ့လေ။

တကယ်တမ်းပြောရရင် အပင်မှန်ရင် အမြစ်နဲ့ မကင်းသလို လူမှန်ရင်လည်း အချစ်နဲ့ မကင်းကြပါဘူး။ တခြား မကြည့်ပါနဲ့  မွေးကင်းစ ကလေးငယ်ဘ၀မှာကိုက အချစ်နဲ့ စတင်ဆုံတွေ.ခဲ့ကြရတာပါ။ မွေးကင်းစကလေးငယ် တစ်ယောက်ဟာ မိခင်ရဲ့ရင်ခွင်ထဲမှာပဲ အချစ်ကို ရှင်းရှင်းပြောရရင် မိခင်ဖခင်တို့ ရဲ့ အချစ်ကိုစပြီး လေ့လာ သင်ယူခဲ့ကြတာပါ။ မိခင်ရဲ့အချစ်က ကလေးကို နွေးထွေးလုံခြုံစေခဲ့သလို ဖခင်ရဲ့အချစ်ကလည်း လောကထဲကို ၀င်ရောက်ကြီးပြင်းရှင်သန်တတ်ဖို့  သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ အချစ်ကို နောက်ထပ် အမျိုးအစားတွေ အများကြီး ခွဲခြားထားပါသေးတယ်။ ဆရာမ ဂျူးရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားတာပဲကို ပြန်ပြီး ညွှန်းဆိုပြရရင်
- မြန်မာဗုဒ္ဓဘာသာအဆိုအရ ၅၂၈ဆိုတဲ့မေတ္တာဘက်နွယ်တဲ့အချစ်၊ ၁၅၀၀ဆိုတဲ့ ကိလေသာဘက်နွယ်တဲ့အချစ်။
- Motherly Love / Tender Love လို့ ခေါ်တဲ့ မိခင်မေတ္တာနဲ့ တူသောအချစ်၊ ကြင်နာသော အချစ်။
- Self - Love လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် ချစ်တဲ့အချစ်။
- Love of Life လို့ ခေါ်တဲ့ ဘ၀ကို ချစ်သောအချစ်။
- Love of God လို့ ခေါ်တဲ့ ဘုရားသခင်ကို ကြည်ညိုလေးစားမြတ်နိုးသောအချစ်။
- Brotherly Love လို့ ခေါ်တဲ့ ညီအစ်ကိုစိတ်၊ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သောအချစ်။
- Passionate Love လို့ ခေါ်တဲ့ ကိလေသာအချစ် သို့ မဟုတ် ပေါင်းစပ်သောအချစ်။ ကိလေသာလို့  ဆိုလိုက် တော့ ညစ်ညမ်းတဲ့ လိင်ကိစ္စနဲ့ ရောထွေးစဉ်းစားမိမှာကိုတော့ စိုးရိမ်စရာ ရှိပါတယ်။ ကိလေသာ ဆယ်ပါးနဲ့ မလွတ်ကင်းတဲ့ အချစ်မှန်ပေမယ့် သိမ်မွေ. နူးညံ့လှတဲ့အချစ်ပါပဲလေ။ ဆန့် ကျင်လက်လိင်(opposite sex)ကို ချစ်မိတဲ့ သဘာဝတွေအကြောင်းပေါ့။ အဲဒီအချစ်မှာမှ
- Love at first sight လို့ ခေါ်တဲ့ မြင်မြင်ချင်း ချစ်မိတဲ့အချစ်။
- အုံ့ ပုန်းအချစ်။
- Jealous Love လို့ ခေါ်တဲ့ မနာလိုတဲ့အချစ်
- Anguish Love လို့ ခေါ်တဲ့ သောကအချစ်
စသဖြင့် အမျိုးမျိုးပေါ့လေ။ အသေးစိတ် သိချင်ရင်ဖြင့် ဆရာမဂျူးရဲ့ "လကိုဖမ်းဖို့ပိုက်ကွန် ရက်ရအောင်"ဆောင်းပါးကိုသာ ရှာဖတ်ကြပေတော့။

အချစ်ကို သေသေချာချာ အဓိပ္ပါယ် မဖွင့်တတ်ပေမယ့် အချစ်မှာ ထူးခြားတဲ့ စွမ်းအင်တွေရှိမှန်းတော့ သတိထားမိပါတယ်။ သူ့ မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ရှိသလို မသုံးတတ်ရင် အဖျက်သဘော ဘက်ရောက်သွားတတ်တဲ့ စွမ်းအင်တွေလည်း ရှိပါတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင်တော့ ဘေးဖြစ်စေ မယ်လေ။ စဉ်းစားကြည့်ပါလေ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရတဲ့အရသာဟာ လောကကြီးမှာ နှစ်သက် ကြည်နူးတိမ်းမူးစရာ ကောင်းတဲ့အရသာတစ်ခုပါပဲ။ ချစ်မြတ်နိုးစိတ်နဲ့  လှမ်းကြည့်လိုက်စမ်းပါ။ မိုးပေါ်ကို
မော့ကြည့်လိုက်ရင် ပြာလဲ့လဲ့ကောင်းကင်ကြီးက တိမ်စတွေနဲ့  လွင့်မြောလှပနေလိုက်တာ၊ မြေပြင်ပေါ် လှမ်းကြည့်လိုက်တော့ မြက်ခင်း စိမ်းစိမ်းပေါ်မှာ ပန်းတွေက ရောင်စုံဖူးပွင့်လို့  လေပြည်အဝေ့မှာ အလှချင်း ပြိုင်နေကြလေရဲ့။ တိရိစ္ဆာန်လေးတွေက တစ်ကောင်နဲ့  တစ်ကောင် စနောက်ရင်းဆော့ကစားလို့  ငှက်ကလေး တွေကလည်း လေထဲမှာ ၀ဲပျံရင်း ကကြိုးအသစ်ကို လှလှပပ ကပြအသုံး တော်ခံနေကြသလိုပါပဲ။ ကြည့်လိုက် မိသမျှ တောင်တန်းနဲ့ တောအုပ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေ၊ လူတွေ သက်ရှိသက်မဲ့ အရာအားလုံးက လှပနေလေတော့ ဒါဟာလည်း သူ့ ရဲ့စွမ်းအင်တစ်ခုပါလားလို့  သိသိသာသာကို လက်ခံထားမိတာလေ။ ဒီလို အစစ အရာရာ လှပသာယာတာပဲ တွေ.မြင်ခံစားမိနေတဲ့ လူတစ်ယောက်မှာ အကောင်းမြင်စိတ်လေးတော့ ရှိမှာပါပဲ။ ဒီအကောင်းမြင်စိတ်လေး အခြေခံထားပြီး သူပြုမူပြောဆိုဆောင်ရွက်သမျှ အရာအားလုံးဟာ ၁၀၀% မဟုတ်တောင်မှ % တစ်ခုခုတော့ အကောင်းဘက်မှာ ရှိမှာသေချာသလို၊ သူလုပ်သမျှတွေကလည်း အပြု သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ဖို့ များပါတယ်။

အဲ အချစ်ရဲ့ဘေးထွက်ဆိုးကြိုးတွေလား။ အများကြီးပါပဲ။ အချစ်ကြောင့် ဘ၀ပျက်သွားရသူတွေ အများကြီး ရှိသလို ရည်မှန်းချက် ပန်းတိုင်တွေ၊ မျှော်လင့်ချက် လှေကားထစ်တွေ တစစီကြေမွပြိုပျက်သွားရသူတွေက ဒုနဲ့  ဒေးလေ။ အင်္ဂလန်ဘုရင် အက်ဒွတ်(၈) ဆိုရင် အမေရိကန်သူ မစ္စက်ဆင်မဆင်ကို စွဲစွဲလန်းလန်း ချစ်ခဲ့မိလို့  ထီးနန်းကို စွန့် ခဲ့ရဖူးပါတယ်။ ဂရိမင်းသမီး ဟယ်လင်ကို စူးစူနစ်နစ် ချစ်ခဲ့မိကြလို့  ကမ္ဘာကျော်ထရိုဂျန်စစ်ပွဲကြီး ဖြစ်ပွားခဲ့တာ ဘယ်သူငြင်းနိုင်မှာလဲ။ ကျန်စစ်သားဟာ မချစ်သင့်ခဲ့တဲ့ ဥသာမင်းသမီးခင်ဦးကို သွားချစ်မိခဲ့လို့  အနော်ရထာမင်းကြီးရဲ့ ရာဇမာန်ရှတာ ခံရပြီး တနယ်တကျေးကို ပြေးလွှားခိုလှုံခဲ့ရဖူးပါတယ်။ အဲဒါတွေအားလုံး ဟာလည်း အချစ်ကြောင့်ဖြစ်ခဲ့ရတာပါဆိုရင် ဘယ်သူငြင်းဦးမှာလဲ။

ဒီလိုဆို အချစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါရဲ့လား။ သေချာတာ တစ်ခုကတော့ ထမင်းနပ်မှန်ဖို့ အတွက် အချစ်မလိုပါဘူး။ ၀ယ်စားနိုင်ဖို့  ပိုက်ဆံပဲလိုအပ်တာပါ။ အလင်းရောင်ရဖို့  အချစ်လိုအပ်ပါသလား။ ကျောခင်းစရာ တစ်နေရာရဖို့  အချစ်လိုအပ်ပါသား။ လျှပ်စစ်စွမ်းအင် တွေအတွက်ရော အချစ်လိုအပ်ပါသလား။ မကျန်းမာလို့  ဆေးကုသဖို့ ရော အချစ်လိုအပ်ပါသလား။ သောမတ်စ်အက်ဒီဆင်က လျှပ်စစ်ကို တီထွင်ခဲ့တာ အချစ်အတွက်လား။ ဂရေဟမ်ဘဲလ်က တယ်လီဖုန်းဆိုတာ အချစ်အတွက်သီးသန့် ဆိုပြီး မတီထွင်ခဲ့တာတော့ သေချာတယ်။ အလောင်းမင်းတရားက အချစ်အတွက် မြန်မာနိုင်ငံကို စုစည်းတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ လင်ကွန်းက အချစ်အတွက် ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တာ မဟုတ်ပါဘူး။

ဒါဆိုရင် လူတွေက အချစ်ကို ဘာ့ကြောင့် တန်ဖိုးထားမြတ်နိုးနေကြတာလဲ။ ဘာ့ကြောင့် ရေးကြီးခွင်ကျယ် တခမ်းတနား ဖွဲ.နွဲ.ညွှန်းဆို နေရတာလဲ။ တကယ်တော့ "အချစ်ဆိုတာ လူတွေကို ယဉ်ကျေးသိမ်မွေ.အောင် ပြုပြင်ပေးနေတဲ့ မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုပါ" လို့  ဆရာမဂျူးက ဆိုထားပါတယ်။ ဆက်ပြီးပြောရရင် "အချစ်ရဲ့ အသုံးဝင်ပုံတွေဟာ ရုပ်ဝတ္တုပစ္စည်း အသုံးဝင်ပုံတွေလို ရုတ်တရက် မြင်သာထင်သာတာမျိုး မဟုတ်ပါဘူးတဲ့။ အချစ်ရဲ့စွမ်းအင်ဟာ အလွန်နက်နဲသိမ်မွေ.စွာ အရေးပါနေပါတယ်တဲ့။ ဒါ့ကြောင့်လည်း သုံးမိသူဟာ သုံးမှန်း မသိဖြစ်ရ၊ အကျိုးပြုခံရသူကလည်း အကျိုးပြုခံရမှန်းမသိ ဖြစ်နေတတ်ပါတယ်" တဲ့။

ဇင်ယော်လေးအမြင်ပြောရရင် အချစ်ဆိုတာ သေသေချာချာ တိတိကျကျ သိစရာ မလိုအပ်ပါဘူး။ ချစ်ချင် စိတ်ရှိဖို့ နဲ့  ချစ်တတ်ဖို့ ပဲ လိုအပ်တာပါ။ အချစ်အကြောင်းသိချင်ရင် အချစ်နဲ့ တွေ.တဲ့အခါကျတော့ ခြေစုံပစ်ပြီးဝင်လိုက်ပေတော့။ အတိအကျမဟုတ်တောင် အချစ်နဲ့  ပတ်သက်တဲ့ ဒသနတစ်ခုတော့ ကိုယ်တိုင်ကောက်ချက် ဆွဲပြီး ရေးဖွဲ.လာတတ်လိမ့်မယ်။ ဒီနေ့ ကမ္ဘာလောကကြီးကို ကြည့်လိုက်စမ်းပါ။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေး မျိုးဖြုတ်သတ်ဖြတ်မှုတွေ၊ သဘာဝကပ်ဘေးအန္တရာယ်တွေ၊ ငတ်မွတ် ခေါင်းပါးမှုတွေ၊ ...... နေရာတကာမှာ စိတ်ဆင်းရဲစရာတွေက ပိုပြီးများပြားလာသလိုပဲ။ ဒီလိုအချိန်မှာ စွမ်းအင်ကြီးမားလှတဲ့ အချစ်ဆိုတာကို ကောင်းကောင်းအသုံးချတတ်ဖို့  လိုအပ်ပါလိမ့်မယ်။

ဟိုမှာကြည့်လိုက်စမ်းပါ မိဘမဲ့ကလေးငယ်တွေက ရင်ထဲက တောင့်တနေတဲ့ အရာတစ်ခု.....အချစ်တဲ့။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အချစ်ဆိုတာ နွေးထွေးတဲ့ အားကိုးရာတစ်ခုတဲ့။ သဘာဝဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် အချစ်နဲ့ ကမ်းတဲ့ လက်တစ်စုံဟာ သဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဆိုရင် မမှားလောက်ပါဘူး။ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူ တွေအတွက် အချစ်နဲ့  ထုပ်ပိုးထားတဲ့ စားနပ်ရိက္ခာထုပ်တွေ ကမ္ဘာပေါ်မှာ အရေးတကြီးလိုအပ်နေပါတယ်။ စစ်မျက်နှာနှစ်ဘက်မှာ ထိပ်တိုက်ရင်ဆိုင်နေတဲ့ သေနတ်ပြောင်းဝတွေအတွက် အချစ်ကို ငြိမ်းချမ်းရေး ဂျိုးဖြူစေတမန်အဖြစ် စေလွှတ်ကြရအောင်။ လူမျိုးရေးအဓိကရုဏ်းတွေ၊ ဆန့် ကျင်ဆန္ဒပြမှုတွေအတွက် အချစ်နဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုရှာဖွေကြည့်ကြရအောင်။

ကဲ မိတ်ဆွေ ..... တွေဝေငေးမော စဉ်းစားမနေနဲ့ ။ နှလုံးသားရပ်ဝန်းကို အခြေတည်လို့  အချစ်ပင်တွေပျိုး အချစ်မိုးတွေရွာပြီး ငြိမ်းချမ်း သာယာတဲ့ ကမ္ဘာသစ်တစ်ခုကို အချစ်တွေနဲ့  အားလုံးဝိုင်းဝန်း တည်ဆောက်ကြရအောင် ။ ။ ။ ။

( ကဲ ကိုကြီးအောင်သာငယ် နဲ့  တူမတော် Dream တို့ ရေ ..... နောက်အကျဆုံး တက်ဂ်ကြွေးလေးကို မျက်နှာပူပူနဲ့  ပြန်ဆပ်လိုက်တာပါ။ အရမ်းကို ကြာသွားတဲ့အတွက် တောင်းပန်တဲ့အနေနဲ့  ရင်ထဲက ဆန္ဒတွေကိုပါ ထည့်သွင်းလို့  ပို့ စ်အရှည်ကြီး ရေးတင်လိုက်ပြီဗျာ။ ကျေနပ်နိုင်ကြပါစေလို့  ........................ ခင်မင်လေးစားလျှက် ဇင်ယော် )

Thursday, October 23, 2008

ဗရုတ်သုတ်ခ ခပ်ကျကျနေ့ လေးတစ်နေ့ 

စာမေးပွဲပြီးလို့  အားရပါးရ နားမယ်မှ မကြံသေး။ အကြွေးလာတောင်းတယ်ဗျ (တက်ဂ်ကြွေးလေ)။ ဘယ်သူ ရှိမလဲ အနိုင်ကျင့်နေကျ ကျနော့်အစ်မကြီးလေ။ နောက်ပြီး ခြိမ်းခြောက်ထားသေးတယ်။ နောက်ဆုံးကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ ဟွန်း ကိုယ့်အစ်မကြီးမို့  ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေရလို့  ရေးပေးတာနော်။ ခြိမ်းခြောက်ထားတာ ကြောက်လို့ တော့ ဟုတ်ဘူး။ ဒီမှာ သီတင်းကျွတ်အမှီဆိုပြီး ဇင်ယော်လေး ဆီမှာ နိုင်ငံပေါင်းစုံက ကောင်မလေးတွေ လျှောက်လွှာလာတင်နေကြတာ မနည်းမနော။ လာလျှောက်သူတွေ များလွန်းလို့  လှမ်းကြည့်လိုက်ရင် မျက်စိတစ်ဆုံးပဲ။ ဒါတောင် တစ်ယောက်တန်း ဟုတ်ဘူး။ လေးယောက်တန်း စီခိုင်းထားတာ။ ဟာဟ ဒါပေမယ့် ဇင်ယော်လေးက စိတ်မကူးပါဘူး။ တင်းခံနေတာ။ အန်နာ အီဗန်နိုဗစ်ဆိုတဲ့ တင်းနစ်ရိုက်တဲ့ ကျနော့် ချစ်ချစ်လေး မလာမချင်းကို စောင့်နေဦးမှာ ဟဲဟဲ။

အဲ...အင်ထရိုဝင်တာ များပြီးဘေးချော်ကုန်ပြီဗျ။ ဘာတဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တစ်နေ့ ဆိုလားပဲ။ ဇင်ယော်ဆိုတဲ့ကောင်က ဗရုတ် မကျရရင် ထမင်းစားမ၀င်လို့  ဘယ်နေ့ ကိုရေးရကောင်းမလဲ စဉ်းစားနေတာ။ ထူးတော့ဘူး မနေ့ တနေ့ က အကြောင်းပဲ ရေးလိုက် တော့မယ်။ အင်း တနေ့ က ဇင်ယော်လေးတို့ အဖို့  အင်မတန် နတ်ကြီးတဲ့  စာမေးပွဲ တစ်ခုဖြေရတဲ့နေ့ ပေါ့။ မနက်စောစောသွားခါနီး တစ်ဘက်ခန်းက အတူ တူဖြေမယ့် အစ်ကိုက လာချောင်းတော့ ဇင်ယော်လေးက ဒီမှာ youtube ကြည့်နေတာလည်း မြင်ရော ဆဲပါ လေရော။ အဟဲ ဒီမှာက ကိုယ့်အကြောင်းနဲ့ ကိုယ်လေ။ စာမေးပွဲဖြေရင် ရှပ်လက်ရှည်ကို နက်တိုင်စည်းပြီး ဖြေရတာ။ ခုမှ နက်တိုင်က မစီးတာ ကြာလို့  ပုံမကျပန်းမကျ ဒုက္ခ။ ဒါနဲ့ youtube ထဲမှာ စီးပုံစီးနည်း လက်ချာ ကြည့်နေတာကို စာနွှေးရမယ့်အချိန် အင်တာနက် ကြည့်နေလို့ တဲ့ လာဆဲသွားပါလေရော။ မသိရင်တော့ တော်ပြီးသား တတ်ပြီးသားလိုလို ဟီဟိ။

ကားငှားတော့ အများရုံးစသွားချိန်မို့  ထင်ပါရဲ့။ တစ်စီးမှ မရဘူး။ ဒုက္ခပဲ အဲ ခပ်လှမ်းလှမ်းမှာ တက်စီတစ်စီး ခရီးသည် ချနေပါရောလား။ အမ် အဲဒီဘက်လမ်းဘေးမှာ မရွှေချောနှစ်ယောက် အိုက်တင်ခပ်များများနဲ့ ရပ်နေလေရဲ့ ၊ သူတို့ လည်း ကားငှားမလို့  စောင့်နေတာပဲ။ ကြံစမ်း ဘယ်လိုလုပ်ရပါ့။ အဟဲ လေချွန်ပြီး လမ်းလျှောက်ရင်း၊ သူတို့ ကို ရေရေလည်လည် ငမ်းပေးလိုက်တယ်။ မမတွေက အချင်းချင်း တွတ်ထိုးလိုက် ပဲကြွေးလိုက်နဲ့  အလုပ်ရှုတ်နေတဲ့အချိန် သူငယ်ချင်းက တက်စီဆီ အပြေးသွားပြီး လက်တားငှားလိုက် ပါလေရော။ ဟေဟေ. မမတွေ စူပုတ်ပြီး ပွစိပွစိနဲ့  မျက်စောင်းနဲ့  လှမ်းထိုးပြီးကျန်ခဲ့တယ်။ ဟီး ကမ္ဘာပေါ်မှာ ရှိတဲ့ မိန်းကလေးတော်တော်များများဟာ မဆိုစလောက်လေးစိတ်ဆိုးကြရင် တော်တော်လေး ကြည့်ကောင်းကြတာပဲနော်။

ရောက်လို့ မှမကြာသေးလူစုံမစုံ စစ်ပြီး familiarisation လုပ်ဖို့  simulator ခန်းထဲထည့်၊ ဖြေဖို့ နံမည် စာရင်းလည်း အော်ရော ဇင်ယော် က ၈ယောက်မှာ နံပါတ် ၇ တဲ့။ သေပါပြီ စောင့်ပေတော့ တစ်နေ့ လုံး။ ဖြေပြီးသမျှ ထွက်လာတဲ့သူတွေ ဘယ်လိုမေးတယ်၊ ဘယ်လို ဖြေတာ ဘယ်လိုဂိန်တယ၊် ဘယ်လိုအောင် သွားတယ် ဆိုတဲ့ စကားတွေနဲ့  pressure တက်ဖို့ သာပြင်ပေတော့။ နေ့ ခင်းထမင်းစား ပြီးတော့ ဘယ်လိုမှ မဟန်နိုင်တော့ဘူး။ ထိုင်ခုံလေး အခန်းထောင့်ဆွဲပြီး အဲယားကွန်းအေးအေးလေးနဲ့  အပြီယူတော့တာပဲ။ ကိုယ့် အလှည့်နီးလို့  examiner လာခေါ်မှပဲ နိုးတော့တယ်။ အဟီး ကောင်လေးအတော် ကြိုးစားတာပဲလို့ တော့ ထင်တော့မှာပဲ။

စစ်မယ့်ဆရာက Control room ထဲခေါ်ပြီး ဘယ်ကနေဘယ်ကိုမောင်း၊ ဒါမင်းမောင်းရမယ့်ကောင်ရဲ့ data တွေဆိုပြီး ချပေးလိုက်တယ်။ မတိုက်မိစေနဲ့ ၊ ပေးထားတဲ့ လမ်းကြောင်းအပြင်ကို မရောက်စေနဲ့ ၊ ပေါက်တတ်ကရ လျှောက်မလုပ်နဲ့ တဲ့။ အဲဒီပေါက်ကရတွေကို ဆရာက control room ထဲကထိုင်ပြီး လမ်းတလျှောက်လုံး မိုးပေါ်က ကျလာသလို လျှောက်ထည့်တော့မှာလေ။ ဟဲဟဲ သိနေတယ်။ အခန်းထဲပြန်ပြီး တွက်ချက်ရင်းက ဘယ်နေရာရောက်ရင်တော့ ဘယ်လိုလုပ်ရပါ့ဆိုပြီး အစီအစဉ်ဆွဲနေတော့တာပေါ့။

Simulator ခန်းထဲလည်းရောက်ရော အရေးထဲ ဖိနပ်ကြိုးက ပြည်သွားလို့ မမြင်မစမ်းနဲ့  ကုန်းချည်နေတာကို ဆရာက အင်တာကွန်း ကနေ ဘာလုပ်နေတာလဲ setting တွေချိန်ပြီးအဆင်သင့်လုပ်တော့လေတဲ့။ ဟဲဟဲ ဟုတ်သားပဲ သူကကိုယ့်ကို လေးဘက်လေးတန် ကင်မရာတွေချိန်ပြီး ထိုင်ကြည့်နေတဲ့ဟာ။ ဟီး မိုက်ခရိုဖုန်းတွေကလည်း တခန်းလုံး နေရာအနှံ့ မှာ မြှုပ်ထားသေး။ ဘာပြောပြော ကြားရအောင်လေ။ ဟီး စိတ်ထဲကတော့ ထင်မိသား ဇင်ယောက်လေးလည်း ခုမှ စတူဒီယိုထဲ ရောက်နေသလိုလို။ စတာနဲ့  သူကကိုယ့်ကို မှတ်တမ်းတင်ထားတော့မှာဗျ။ ဇင်ယော်မင်းသား မင်းသားဇင်ယော်ပေါ့ ဟေဟေ.။

စတာနဲ့  အချိန်၄၅မိနစ်အတွင်းရောက်အောင်မောင်းတဲ့။ ဒီလောက်တော့ ရပါတယ် ဇင်ယော်ပဲဟာ။ တွေ့ သမျှကောင်ကျော်တက်၊ ကြုံရင်ကြုံသလို ဖြတ်ချ ဒလဟော သွန်တော့တာပဲ။ အမယ် ဆရာက လမ်းကြောင်းထိမ်းသိမ်းရေးလည်းသူ၊ ကိုယ့်လက်အောက် ကလည်းသူ၊ ကိုယ့်အထက်ကဆိုလည်းသူ တစ်ခါခေါ်ရင် လေသံတစ်မျိုးနဲ့  ဘီအီဒီအောင်သိုက်ကျနေတာပဲ။ ဒီလိုနဲ့  အချိန်တ၀က် လောက်ကျော်လာတော့ နဲနဲသတိထားနေရပြီ။ လာတော့မယ်လေ emergency situation တစ်ခု။ စာမေးပွဲရဲ့ အဓိကအသက်ပဲဆိုပါတော့။ အရေးပေါ်အခြေအနေနဲ့  ကြုံလာရင် အချိန်တိုအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ လုပ်နည်းလုပ်ဟန်တွေ မှန်ကန်ရဲ့လား။ အန္တရာယ်ကို ရှောင်လွှဲနိုင်ရဲ့လား ဆိုတာကြည့်တာလေ။

အဟဲ ဆရာက ပြသနာမပေးခင် ဇင်ယော်က ဦးအောင်အရင်ပေးလိုက်ပါရောလား။ control room နဲ့  Simulator ဆက်သွယ်တဲ့ အင်တာကွန်းကို အားရပါးရဖိပြီး ပြောလိုက်တာ ခလုပ်အထဲကျွံဝင်သွားလို့  တွီဆိုပြီး အသံရှည်ကြီး မြည်နေတာ မရပ်တော့ဘူး။ ဟီး simulation ကိုခဏရပ်ပြီး လာပြင်ရပါလေရော။ ပြီးတော့မှ ဆက်ဖြေတော့ ပြီးခါနီးလေးမှာ တိုက်မိတော့မလို့  နဲနဲလေးပဲလိုတော့တယ်။ သွားပြီမှတ်တာ တော်သေး။

အားလုံးလည်းပြီးရော ဆရာက အခန်းထဲခေါ်ပြီး debriefing ပေးပါလေရော။ အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ။ အမေးသုခမိန် အဖြေ ပညာရှိပေါ့ဗျာ ဟဲဟဲ။ အခန်းထဲ ရောက်တာနဲ့  ဆဲတော့တာပဲ မင်းတွေ.သမျှ အကုန်ကျော်တက်၊ ဟိုကဒီက ဖြတ်ချနဲ့  safety နဲ့ environment ကို ခေါင်းထဲရှိသေးရဲ့လားတဲ့။ ပြီးခါနီး တိုက်မိတော့မလို့  နဲနဲပဲလိုတော့တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ဘယ်ရမလဲ ကျက်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကိုးကားပြီး ကိုယ့်ဘာသာကိုယ် ရှေ.နေငှားပြီး အလွတ်ရုန်းရတော့ တာပေါ့။

နောက်ဆုံးတော့ လူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မင်းလုပ်တာတွေ သိပ်ပြီးဟီးရိုးဆန်တယ်။ ငါတို့  ထရိန်နင်ပေးတာ ဟီးရိုးဖြစ်ဖို့ မဟုတ်ဘူး။ အန္တရာယ်ကင်းအောင် လုပ်တတ်ဖို့ ကွဆိုပြီး ထပ်ဆဲသေးတယ်။ တခါတည်း traffic control လှမ်းလှမ်းခေါ်ပြီး တခြား ကောင်တွေ လမ်းဖယ်ခိုင်းလိုက်၊ နောက်ကသွားခိုင်းလိုက်၊ အတင်းကျော်တက်လိုက်နဲ့ မင်းကိုယ်မင်း မင်းတို့ တိုင်းပြည်က ဗိုလ်ချုပ် များမှတ်နေလားတဲ့။ ဟီး အစ်မ မစန္ဒာပြောသလို သွား၃၂ချောင်းအကုန်ပေါ်အောင် ထုတ်ရှိုးထားရတယ်။ ပြီးတော့မှ ဥပဒေတွေ သုံးသွားတာရော၊ လုပ်ကိုင်ပုံ မှန်ကန်တဲ့အတွက် မတိုက်မိတာရော၊ တခြားဟာတွေ အားလုံးပေါင်းပြီး overall အားလုံးကောင်းတဲ့ အတွက် မင်းကို အအောင်ပေးလိုက်မယ်၊ အပြင်မှာ အဲဒီအတိုင်း သောက်ရမ်းလျှောက်မလုပ်နဲ့ ၊ လာမယ့်နှုတ်ဖြေကျရင် သတိထား သွားတော့ဆိုပြီး ပြောတော့ အောင်မလေး ပျော်လိုက်တာ ထခုန်မိမတတ်ပါပဲဗျာ။ ဒီလိုနဲ့  ဇင်ယော်လေးလည်း ဗရုတ်သုတ်ခ ခပ်ကျကျနဲ့  စာမေးပွဲတစ်ခု ပြီးမြောက် အောင်မြင်ခဲ့တာပေါ့ဗျာ။

( အဲဒီည အောင်ပွဲခံတော့ နောက်ထပ်ဗရုတ်သုတ်ခ ကျခဲ့တဲ့အကြောင်းလေးတွေ နောက်မှ ပို့ စ်တစ်ပုဒ် ရေးတင်ဦးမယ်။ ခုတော့ အစ်မ၀ါ ရေ ကျေနပ်ပေတော့ဗျာ။ အဆင်ပြေအောင် ကြည့်ကျက်ရေးလွှတ်လိုက်ပြီဗျို.။ နောက်ထပ် တက်ဂ်ကြွေးများလည်း ဖြေးဖြေးချင်း ဆပ် သွားမည် ဖြစ်ပါကြောင်း အကြွေးရှင်များအား အကြောင်းကြားအပ်ပါသည်ခင်ဗျား။ ) :P

Saturday, October 11, 2008

ဖြစ်သလို ဆိုပါ့လား

အောက်အီးအီးအွတ်.... အင်း အိပ်ကောင်းတုန်းရှိသေး စောစောစီးစီး ဘယ်ကကြက် ၀ီရိယကောင်းပြီး တွန်နေလဲမသိ။ ဘကြီးသာဝ အိမ်ကလား၊ ဒါမှမဟုတ် အရီးလေးမြတို့ အိမ်ကလား။ ကိုယ့်အိမ်နွားတင်းကုပ်ထဲက အကောင်ပဲလားမသိ။ ဒီလောက် တောင်ရှိလှတာ နောက်နေ့  ကာလသားဟင်းအိုးထဲ အလည်ခေါ်သွားလိုက်မယ်။ ဇင်ယော်တစ်ယောက် အိပ်ရာထဲမှာ မျက်လုံးမဖွင့်နိုင်သေးပဲ အသာလေး ပြန်မှိန်းရင်း စဉ်းစားခန်းဝင်နေတာလေ။ ဟ ဒီကောင် တွန်နေတာ ခုထိမရပ်သေးပါလား။ လေးဂွနဲ့ တော့ တွေ.ပြီပေါ့ကွာ။ မျက်လုံးကို ပွတ်သပ်ပြီး လူးလဲထလိုက်တော့ အမ် ... ရွာမှာလည်း ဟုတ်ဘူးဟ။ဟိုက်ရော နှိုးစက် .. နှိုးစက် မြည်နေတာဟ။ ကျောင်းချိန်နီးနေပြီ။ ထုံးစံအတိုင်း အပြေးတပိုင်းနဲ့  ကြွချီတော်မူရတော့မယ်။

ကမန်းကတန်း ကိုယ်လက်သန့် စင်ရင်းက သွားသတိရမိတယ်။ ဟား ဒီနေ့ မနက် အရင်ဆုံးသင်မယ့် ဆရာကလည်း ၁၀မိနစ်ထက် ပိုနောက်ကျရင် ပျက်ကွက်စာရင်းသွင်းတဲ့ဆရာ။ ကျနော့်ဆို သူကပိုသတိထားမိသေး ( အဟဲ အတန်းထောင့်မှာ နံရံမှီပြီး အမြဲငိုက် နေတတ်တာကိုး )။ ဒုက္ခနဲ့ လှလှတော့ တွေ.ကြပြီနဲ့ တူပါတယ်။ မနက်စာကို ဘယ်လိုကြံဖန်ရပါ့။ ... ခေါက်ဆွဲပြုတ် ... ဟား အချိန်မရှိတော့ဘူ။ ညတရေးနိုး ဗိုက်ဆာရင် စားဖို့ ဝယ်ထားတဲ့  မုန့် ပဲ အားကိုးရတော့မှာပဲ။ ရေခဲသေတ္တာထဲ ရှားရှားပါးပါး ကျန်သေးတဲ့ ပေါင်မုန့် နှစ်လုံးနဲ့  tea ပုလင်း လက်ကဆွဲလို့  အခန်းထဲ ပြေးရတော့တာပဲ။ လာခဲ့စမ်း ရှိသမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။

အ၀တ်အစားလဲနေရင်းက မုန့် ကိုကောင်းကောင်းမ၀ါးပဲ စားလိုက်တာ နင်နေလို့  တီးနဲ့ ကမန်းကတန်း မြိုချရတယ်။ အချိန်က မရှိတော့ဘူး။ လမ်းရောက်မှ အင်္ကျီကြယ်သီးတတ်တော့မယ်။ ကျောပိုးအိပ်ကောက်လွယ်ပြီး ဆင်းပြေးရတော့တာပဲ။ အဟဲ လမ်းမှာ ကျန်တဲ့မုန်လေးကိုက်လိုက်၊ လက်ကျန်တီးလေးမော့လိုက်နဲ့  ဘူတာလည်းရောက် အားလုံးလည်းကုန် ကွက်တိ။ ခုမှ ဘူတာထဲကို ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်တဲ့ပုံမျိုး ခပ်တည်တည်နဲ့  အေးအေးဆေးဆေး ၀င်သွားတော့တာ။ အဟဲ ဒါမျိုးက တစ်ပတ်ကို လေးရက်လောက်တော့ ကြုံနေကျ။ ဖြစ်ကတတ်ဆန်း မနက်စာက ဇင်ယော်လေးအဖို့ တော့ မဆန်းတော့ သလိုပဲ။

အမှန်အတိုင်းပြောရရင် ဇင်ယော်က အစားအသောက်ဆို အင်မတန်ကို ခုံမင်တာပါ။ အဲလက်စ်ဆိုတဲ့ သီချင်းထဲကလိုပေါ့ဗျာ။ ဘာတဲ့ မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ ပါပဲ စားလွန်းလွန်းလို့  မင်းလေးကတောင် စိတ်ကုန်နေတယ်။ မိုးလင်းလို့  မျက်စိနှစ်လုံး ကောင်းကောင်းမပွင့်သေးဘူး။ ဒီမနက် ဘာစားရရင် ကောင်းမလဲ စဉ်းစားနေတဲ့ကောင်။ အစားအသောက်ကလည်း ဘာရွေးသလားတော့ မမေးနဲ့ ။ ဂျိုကာလေ ဘာလာလာ အကုန်ဒေါင်းတယ်။ ပြောပြီးပါပကော ခြေ၂ချောင်းဆိုလှေကား၊ ခြေ၄ချောင်းဆို စားပွဲ၊ အသီးထဲမှာ လက်သီးနဲ့ ဂေါက်သီး၊ ( အင်း ကြယ်သီးနဲ့ မီးသီးလည်းပါတယ်....တန့် တန့် လာပြောမှာစိုးလို့  )၊ အဲဒါတွေကလွဲလို့  ကျန်တာ ဘာလာလာပဲ။ အကြိုက်ဆုံးလား ၀က်လေ ၀က် ပါးစပ်ဟထား အကောင်လိုက်ကို မောင်းသွင်းချင်တာ။ အဲဒီလို အစားအသောက်ကို နှစ်သက်မြတ်နိုးလှတဲ့  ဇင်ယော်တစ်ယောက် ဒီရောက်တော့မှ ဒုက္ခကို လှလှရီ အဲမှားလို့  လှလှကြီး တွေ.တော့ တာပဲဗျာ။

နေ့ လည်စာလား။ ထုံးစံအတိုင်း ကန်တင်းပေါ့ဗျာ။ အတန်းနားက ကန်တင်းက lunch break ဆို လူပြည့်နေကျ။ ၀ီရိယကောင်းတဲ့ ဇင်ယော်ကတော့ ဆရာတစ်ယောက်နဲ့ တစ်ယောက် အကူးအပြောင်း ၁၅ မိနစ်လောက်ရတဲ့ အချိန်လေး သွားပြေးဆွဲတာပေါ့။ ၁၁နာရီလောက်ဆို ဗိုက်ကဆာလာတာနဲ့ အတော်ပဲ။ ကန်တင်းကိုပြေး၊ ဆိုင်ရှေ.က တန်းစီနေတဲ့ကောင်မလေးတွေကို လိုက်ငေး အဲမှားလို့  တန်းစီနေတဲ့ လူတန်းကို လိုက်ပြေးကြည့်။ လူအနည်းဆုံးဆိုင်မှာ ၀င်ပြီးစီလိုက်တာပဲ။ သိပ်ပြီး ထွေထွေထူးထူး မစဉ်းစားပါဘူး တရုတ်၊ကုလား၊မလေး၊ဘိုစာ ဘာလာလာ ဗိုက်ပြည့်ပြီးရော စားလိုက်တာပဲ။ အဲ မစားတာကတော့ ဟို အုန်းနို့ ခေါက်ဆွဲ၊ နောက်ပြီး အဲဒီလို အုန်းနို့ ပါတဲ့ ဟင်းတွေ။ အဲဒါတွေစားပြီးရင် နေ့ လည်စာသင်ချိန်ကျတော့ သင်တဲ့ဆရာကို ခေါင်းငြိမ့်ပြီး အပြည့်အ၀ထောက်ခံနေတော့တာ။ တခါများ ထောက်ခံတာ အရှိန်လွန်ပြီး စားပွဲနဲ့  နဖူး မိတ်ဆွေဖြစ်သွားပါရောလား။

lunch break ဆို ဇင်ယော်တို့ က အိနြေ္ဒရနေပြီ။ အေးဆေးပဲ သစ်သီးဖျော်ရည်လေး ဒါမှမဟုတ် ကော်ဖီလေးသောက်ပြီး အာထုရင်းနဲ့  တမနက်လုံး စာသင်ရလို့  ညောင်းညာနေတဲ့ မျက်လုံးကိုလည်း အမြင်လေးအေးအောင် အစာကြွေးရသေးတယ်။ ဒါမှမဟုတ် စာကြည့်တိုက်သွားပြီး စာအုပ်ဖတ်ရင်ဖတ်၊ ဘာမှမလုပ်ချင်ရင်တော့ အတန်းထဲပြန်ပြီး တရေးနှပ်လိုက်တာပေါ့ဗျာ။

ညနေကျောင်းကပြန်ရောက်တာနဲ့  အိမ်မှာ အစီအစဉ်ဆွဲရတော့တာပဲ။ ဒီနေ့ ဘယ်ဆိုင်သွားစားရကောင်းမလဲပေါ့။ အာရုံရရင်တော့ မြန်မာဆိုင် တကူးတက သွားစားတာပေါ့ဗျာ။ ပြန်ရင်တော့ ဖောင်းကားပြည့်တင်းနေတဲ့ ဗိုက်ကို သယ်ရတာမသက်သာလှဘူး။ အိမ်ရောက်တဲ့ အထိ ထိုင်မရ၊ လှဲမရနဲ့  ဦးချိန်တီလည်း မကယ်နိုင်ဘူး အတော့်ကို ဒုက္ခရောက်တာ။ များသောအားဖြင့်ကတော့ အနီးနားက ဈေးလေးမှာပဲ စားဖြစ်ပါတယ်။ ထမင်းနဲ့ ဟင်းဆို ၀က်သားသုံးထပ်သားကို တရုတ်လို အချိုချက်ထားတာက မပါမဖြစ်။ အဟဲ ဇင်ယော် သိပ်ကြိုက်တဲ့  ၀က်ခြေထောက်၊ ၀က်ကလီစာ၊ ၀က်နံရိုးစွပ်ပြုတ် ကတော့ ခဏခဏ စားဖြစ်တယ်။ ဒါမှမဟုတ် အရွက်တွေအများကြီးနဲ့  အသားကိုရေငုတ်ပြီး ရှာရတဲ့ခေါက်ဆွဲပြုတ်၊ နည်းနည်းလေးငံတဲ့ ငါးခြောက်ထမင်းကြော်၊ နာစီလာမလို့  ခေါ်တဲ့ မလေးထမင်း၊ ဘုရားစူး ဒံပေါက်၊ အသားဖတ်လေးတွေ အပေါ်ကတင်ပြီး သခွားသီးနှစ်ဖတ်လောက် ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်း ကြုံရင်ကြုံသလိုပါပဲ။ ပြီးရင် အစာပိတ်အနေနဲ့  ကြံရည်၊ဖျော်ရည်တစ်မျိုးမျိုးသောက်ရင်သောက်၊ ဒါမှမဟုတ် အသီးတွေထည့်ထားတဲ့ ရေခဲသုပ်လိုဟာမျိုး စားပြီး ပိတ်လိုက်တာပဲဗျာ။ ။ ။

( ကဲ အစ်မ၀ါ နဲ့  ကိုနေလင်းရေ ..... ဖြစ်သလို စားတဲ့ အကြောင်းလေးရေးပေးပါဆိုလို့  ရေးလိုက်ပြီဗျ။ အဟဲ စားတာကိုတော့ ဖြစ်သလို စားပေမယ့် သောက်တာကိုတော့ တကူးတက သောက်တတ်ပါတယ်။ နည်းနည်းကြာသွားတာတော့ ခွင့်လွှတ်ပါဗျာ။ ကျနော့် ကွန်ပြူတာလေး အကောင်ကိုက်သွားလို့  နှစ်ရက်လောက် ဒုက္ခရောက်သွားတယ်။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေဆီကိုလည်း လိုက်မလည်ဖြစ်တာ၊ စီဗုံးမှာ လာမအော်ဖြစ်တာ နားလည်ပေးကြပါလို့ ။ ဘလော့ကို လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ တွေလည်း ကျနော် မောင်ဇင်ယော်လေး ဖြစ်သလို စားနေရတာ မကြည့်ရက်လို့  ကျွေးမွေးချင်သပဆို ဇင်ယော်လေးက အားနာပါးနာနဲ့  လာအားပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ :P )

Wednesday, October 1, 2008

ကျနော်နှင့်ပထမဆုံးများ

ဟဲဟဲ လာပြန်ပြီ နောက်တက်ဂ်တစ်ခု။ တက်ဂ်ဆိုရင် အခုနည်းနည်း သွေးလန့် နေတယ်။ ခဲမှန်ဖူးတဲ့  စာသူငယ်လို လေးညှို.သံကြားရင် နေစရာမရှိ ဖြစ်နေလားမသိဘူး။ အဟီး မောင်နှမတွေကို ခင်လို့ စတာပါဗျာ။ စိတ်မဆိုးကြပါနဲ့ ။ တက်ဂ်ထားတာတော့ ကြာပါပြီ။ ရေးဖို့ ပြင်ရင်းနဲ့ ပဲ အကြောင်းကြောင်းတွေကြောင့် တော်တော်နဲ့  မရေးဖြစ်တာဗျ။ တက်ဂ်ထားတဲ့သူကတော့ ကျနော် ဘလော့ရေးခါစတည်းက ခင်မင်ရတဲ့ အစ်ကိုကြီးပါ။ သူ့ ဘလော့မှာ ကဗျာလေးတစ်ပုဒ်တွေ့ မိလို့  ကျနော်လည်း အားကျပြီး လင်္ကာလေးတစ်ပုဒ် လိုက်ရေးမိတာ နည်းတောင်နည်းသေးတယ်ဆိုပြီး အားပေးခဲ့တဲ့ ကျနော်ရဲ့ ချစ်လှစွာသော အစ်ကိုကြီး ကိုအောင်သာငယ်ပါဗျာ။ အဟီး မရေးလို့ လည်း မရတော့ဘူး။ တော်တော်များများက ရေးပြီးနေပြီ။ တော်ကြာ ပထမဆုံးများကို နောက်ဆုံးမှရေးသူဆု ရနေရင် ဒုက္ခ။ နောက်ပြီး အိမ်ရှေ.ကနေ ဇင်ယော်ကြီးညာတယ် ဆိုပြီး ဘကြီးအောင် အဲဗျ မှားလို့  ကိုကြီးအောင်က သီချင်းလုပ်ဆိုနေမှာလည်း ကြောက်ရသေး။ နောက်ဆုံးတော့ 256 Mb ပဲရှိတဲ့  ဦးနှောက်ကို ဖွင့်ပြီး အသည်းအသန် ရှာဖွေရေးလုပ်ကာ ပထမဆုံးများကို ချရေးလိုက်ပြီဗျို.။ ( ကိုကြီးအောင် ရေးသလို လိုက်ရေးထားတာပါ။ အစီအစဉ် ကျချင်မှ ကျပါလိမ့်မည်။ သည်းခံ၍ ဖတ်ရှုတော်မူကြပါကုန်။ )


ပထမဆုံးတက်ရသည့် ကျောင်း - သင်္ဃန်းကျွန်း ဆရာအတတ်သင် လေ့ကျင့်ရေးမူလတန်းကျောင်း။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်းပေါ့ဗျာ ( ဟီး တစ်ခန်းပဲရှိတာဗျ )

ပထမဆုံး အတန်းပိုင်ဆရာမ - အဟဲ နံမည်တော့ မမှတ်မိတော့ဘူး။ မှတ်မိတာက ခေါင်းခေါက်တာတော့ ထူပူနေအောင် ခေါက်တာဗျ။ ( ဆရာမက လက်ရေးလှရေးရင် ပုလဲလုံး၊ ရွဲလုံးလေးတွေလိုရေးတဲ့ ။ မြင်မှမမြင်ဖူးပဲဟာ။ မြင်ဖူးတဲ့  ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီထားသလို ရေးလိုက်တာ ဒေါက်ဒေါက်နဲ့  ခေါင်းကို တေဇောဘမ်းလိမ်းထားသလား အောက်မေ့ရတယ်။ )

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မိုးသူအောင် ( ကျနော့်အစား သူပဲလက်ရေးလှရေးပြီး ခဏခဏ ခေါင်းခေါက် မခံ ရအောင် ကူညီရှာတဲ့ သူငယ်ချင်းပါ )

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သဲသဲအေး ( ကျနော်ကတော့ အဲဒီအချိန်တည်းက သူ့ ကို သဲလေးလို့ ခေါ်တယ်ဗျ။ ခုတော့ ဘယ်ရောက်နေမှန်း မသိ။ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ )

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဗုဒ္ဓ၀င် ပုံပြစာအုပ် ( အဟဲ အဓိကကတော့ ပုံတွေလိုက် ကြည့်တာ။ ပြန်ပြောပြရင် အဖိုးက မုန့် ကျွေးတယ် )

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မမ ၀၀ ထထက ။ အက ပထမ။ ကပါကပါ မမရာ။ ညညလ သာသာ။ ညအခါ .... မှတ်မိတော့ဘူးဗျ။

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း ဒုတိယဆု ( ဟဲဟဲ အဲဒီတည်းကတော်ချက်၊ ကြီးတော့မှ ချာတူးလန်သွားတာ )

ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၃၈) ဘတ်စ်ကား။ ( ကြပ်ကကြပ်၊ အသက်ရှုလို့ မ၀နဲ့  ဆင်းပြေးမယ်လုပ်လို့  အမေက မနည်းဆွဲထားရတယ် )

ပထမဆုံး ဆိုခဲ့သော သီချင်း - အဟီး ကမ္ဘာမကြေပေါ့ဗျာ။ ( ကျောင်းဆင်းချိန်ဆို အားရပါးရ ဆိုလို့ ကောင်းလိုက်တာ။ အိမ်ပြန် ရတော့မယ်လေ )

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ချစ်မိတော့လည်း အပြစ်ရှိမှာ မကြောက်ပါဘူး။ ဒါပေမယ့် ပြန်မချစ်မှာတော့ ကြောက်တယ် ( ဟီးဟီး ဒီလိုဒီလို အရေးကောင်းတာ )

ပထမဆုံး ကဗျာ - ပြိုင်မြင်းတွေ မျဉ်းပြိုင်တွေကြား ပြေးနေတာကို မြင်းပွဲတဲ့။ လူသားတွေ လောဘ၊ဒေါသ၊မောဟတွေကြားမှာ ပြေးနေတာကိုရော..... အဲဒါ ဘ၀ ပဲနေမှာပေါ့။ ( ဘာရယ်မဟုတ်ပါဘူး။ စိတ်ညစ်နေတုန်း ချရေးမိတာ၊ ကဗျာလိုလို စာလိုလိုပေါ့ဗျာ )

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ကျိုက်ထို ( ကျိုက်ထီးရိုးတက်ရင်း ရောက်ဖူးခဲ့တာ )

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ဟောင်ကောင် ( အဲဒီတုန်းက တရုတ်အောက် မရောက်သေးဘူး )

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ဂျိုးသိန်း။

ပထမဆုံး သောက်ဖူးသော အရက် - ဆမ်တိုရီ ၀ီစကီ ( ၆တန်းတုန်းကပါ။ ဘိုးတော်လက်ဆောင်ရထားတဲ့ ပုလင်းကို ဘီဒိုထဲ ထည့်ထားတာ။ ဘာမှန်းမသိလို့  စူးစမ်းချင်တာနဲ့  မြည်းကြည့်တော့ ကောင်းသဟ။ ဒါနဲ့  မြည်းရင်းမြည်းရင်း တော်တော်လေး လျော့သွားတော့ ဖြစ်ချေဘူးဆိုပြီး ရေနွေးကြမ်းတွေ ပြန်ရောထားတာ သိသွားတော့ ရေရေလည်လည် အဘေခံရတော့တာပဲ။ )

ပထမဆုံး ပစ်ဖူးသော သေနတ် - အဟဲ ကျိုက်ထီရိုးသေနတ်လေ။ ကျည်ဆံမကုန်ဘူး။ လှည့်ရင်လှည့်သလောက် အသံထွက်တယ်။

ပထမဆုံး ဘလော့ပို့စ် - နှုတ်ခွန်းဆက်စကား

ပထမဆုံး ရဖူးသော လက်ဆောင် - ၄ တန်းတုန်းက ကျောင်းပြောင်းခါနီး ဖိုးငယ်ဆိုတဲ့ သူငယ်ချင်းကပေးတာ၊ ရောင်စုံခဲတံလေးတွေ။ ( အခုထိ သိမ်းထားတယ် )

ပထမဆုံး အကြိမ် ထီပေါက်ခြင်း - ၃ လုံးပေါ့။ ၉၈တုန်းကလေ။ အိပ်မက်ကို အတိတ်ကောက်ပြီး ထိုးတာ။ ပေါက်ချင်လို့ သာ ပေါက်တာ။ ကောက်လိုက်တာက တလွဲကြီး။ ( တနင်္လာကို ၁၊ အင်္ဂါကို ၂ ဆိုပြီး )

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - ၉တန်း ဇ၀နမှာ ကျူရှင်တက်တုန်း ကျူရှင်နားက လက်ဖက်ရည်ဆိုင် ( ခုတော့ မရှိတော့ဘူး ) ( လက်ဖက်ရည်ကောင်းမကောင်းတော့ မှတ်မိဘူး။ ကောင်မလေးတွေကတော့ တော်တော်လှတယ်ဗျ။ )

ပထမဆုံး ၀င်ငွေရှာသော အလုပ် - မုန့် ဖိုးမပေးလို့ ဆိုပြီး အဖေ့ဆိုင်ကယ်ထဲက ဆီတွေထုတ်ရောင်းတာပေါ့။ သိသွားတော့ ကျောပြင်ကို ဗျောတင်ရော။

ပထမဆုံး ရဖူးသော လစာ - ၇၀၀ လား သေသေချာချာ မမှတ်မိဘူး။ အကုန်လုံး အမေ့ကို အပ်လိုက်တယ်။ ပြီးမှ ပြန်တောင်းသုံးတာ အဆပေါင်း ရာထောင်ချီလို့ ။

ပထမဆုံး ရင်ခုန်မှု - ( အဟီး အစ်ကိုအောင်ရေ ဒါတော့ တူသွားလို့  သည်းခံပါ။ ) ပထမဆုံး အကြိမ်ရည်းစားစာ လိုက်ပေးတုန်းက။ ( သူငယ်ချင်းတွေ ကောင်းမှု အကြောင်းပြုလို့  သူလေးကို ကျောင်းအဆင်းမှာ ရည်းစားစာ လိုက်ပေးရတာ။ )
ဟဲ့ ဟဲ့ ခဏလေးနေပါဦး။
ဘာလဲ ဘာလုပ်မလို့ လဲ။
ဒီစာလေး ယူသွားပါဟာ။
ဘာစာလဲ။
ရည်းစားစာ။
ဘာ ( အသံနည်းနည်း ကျယ်သွားတယ် )။
ဟာ နင်ကလည်း တိုးတိုးအော်ပါဟ။ ဟို စာအိတ်က မ၀ယ်ရသေးလို့  ဒီအတိုင်းပဲ ခေါက်ထားတာ ယူသွားပါနော်။ ခြေထောက်လေးဆောင့်ပြီး ယူသွားတော့ ပျော်လိုက်တာ။ နောက်နေ့  ချက်ချင်းအဖြေရတာပဲ။ သူ့ ဆီကတော့ ဟုတ်ဘူး။ ကျောင်းအုပ်ဆရာမကြီးဆီက။ ရုံးခန်းကို ကြွမြန်းတော်မူပါတဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) - ဇော်ဝင်းထွဋ္ဋ်ရဲ. ဒုတိယမြောက်ထွက်တဲ့ အခွေ ( နံမည်တော့ မှတ်မိတော့ဘူး )

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - အဟီး သူငယ်ချင်းဂစ်တာ ယူပြီး တီးကြည့်တော့ သြဘာပေးတယ်။ A to Z ရှိသမျှ တစ်ခုမှ ကီးမကိုက်ဘူးတဲ့ ။ စိတ်နာလို့  မ၀ယ်လိုက်ရဘူး။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - Guns & Roses

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - အသေအချာတော့ မမှတ်မိဘူး။ Tom Clancy ရေးတာ။ ရုရှားက MIG တိုက်လေယဉ်ကို အမေရိကန်စပိုင်က သွားခိုးတဲ့ အကြောင်း ရေးထားတာ။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - မှတ်မှတ်ရရ ၉ တန်းနှစ်က။ အိမ်စာတွေ မပြီးသေးလို့  သင်္ချာကမန်းကတန်းတွက်နေပါတယ်ဆိုမှ မော်နီတာဆိုတဲ့ ကောင် အနားမှာလာပြီး ဘလာဘလာ လုပ်နေတာ။ အမြင်ကပ်ကပ်နဲ့  ထောက်ချွန်နဲ့ သူ့ လက်ဖ၀ါး မိတ်ဆက်ပေးလိုက်တယ်။ မှတ်ကရော။ လူလည်း ကျောင်းမထွက်ရတာ ကံကောင်း။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - သေသေချာချာ မှတ်မိတော့ဘူးဗျ။ ပထမတန်းနဲ့ တူတယ်။ သေချာတာက စာမရလို့  အဘေခံလိုက်ရတယ်။

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၈ တန်း။ ( မပြေးဖူးလို့  ဘယ်လိုနေလည်း သိချင်လို့  ပြေးကြည့်တာ )

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ကျောင်းရှေ.က ပန်းခြံပေါ့။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ၁၉၉၆ ( Visit Myanmar Year အမှတ်တရပေါ့ )

ပထမဆုံး သောက်ဖူးသော စီးကရက် - ဒူးယား။ ( စတိုင်လေးရှိမလား သောက်ကြည့်ပါတယ်။ တခါတည်း ကြိုက်သွားပါလေရော။ ) ( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ )

ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာမင်းသိင်္ခရဲ. ဆားပုလင်းနှင်းမောင်နဲ့ မမင်းဖြူမှန်မှန်ပြော။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - ပြောပြီးပြီလေ ကမ္ဘာမကြေပါဆို။

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - ကလေးဆေးရုံပေါ့။ မွေးကာစ ကျန်းမာရေးမကောင်းလို့  တက်ခဲ့ရသေး။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ညီမ ရွှေပြည်သူ

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ညီငယ် မောင်မျိုး

( အကြွေးဆပ်ဖို့ ရေးနေတုန်းလေး ညီငယ် မောင်မျိုးနဲ့  ညီမ ခေါင်ခေါင်က လာအော်သွားသေးတယ်။ ပထမဆုံးအကြောင်း ရေးပေးပါတဲ့ ။ ကဲ ရေးပြီးပြီဗျ။ ဖတ်ပေတော့။ )

Wednesday, September 17, 2008

ခရီးတစ်ခု အတွက် ၁၀ရက်တာ ပြင်ဆင်ခြင်း

အင်း....Tag ပြီးရင်း Tag နေတဲ့  ဘလော့လောကကြီးထဲမှာ ဒီ Tag ကတော့ တော်တော်လေးကို ခေါင်းစားတာပါပဲ။ အမှန်အတိုင်း ၀န်ခံရရင် ဇင်ယော်လေး တစ်ခါမှ မစဉ်းစားဖူးခဲ့ တဲ့  Topic တစ်ခုပေါ့။ ဒါဆို ဒီခရီးကို သွားရမှာ မကြောက်ဖူးလားလို့  မေးခဲ့ ရင်တော့ ဇင်ယော်လေးလည်း ပုထုဇဉ်ပါဗျာ။ ကြောက်တတ်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကြတော့ ဘယ်အချိန်မှာ သေမှာလဲ။ ဘယ်နေရာမှာ
သေမှာလဲ။ ဘယ်လို သေမှာလဲ။ နောက် သေပြီးရင်ရော ဘယ်လိုဘ၀မျိုးရောက်မှာလဲ။ ဒီအရာတွေက ကျနော်တို့  ပုထုဇဉ်တွေ ကြိုမသိနိုင်တဲ့ အရာတွေပါ။ အဲဒီတော့ ဇင်ယော်လေးလည်း မျက်ကန်းတစ္ဆေ မကြောက်ပေါ့ဗျာ။ မသွားခင်စပ်ကြားတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေကို တတ်နိုင်သလောက် အချိန်ပေးနိုင်သလောက် လုပ်နေတာပဲလေ။ ဟင့်အင်း တားတားက ငယ်ပါတေးတယ် မိန်းမတောင် အယူရတေးဘူးဂျ ဆိုပြီး ခြေလေးဆောင်၊့ ခေါင်းလေးခါ၊ နှုတ်ခမ်းလေးစူပြီး မူပြလို့ ရတာမှ မဟုတ်ပဲနော်ဗျာ။ လာခေါ်တော့လည်း ထလိုက်သွားရုံပေါ့။

အရင်ဆုံး ညီမငယ် ဝေလေးက မသေခင်ဆယ်ရက်ကို အတိအကျများ သိနိုင်ခဲ့မယ်ဆိုရင် ဘာလုပ်မလဲ၊ စိတ်ကူးလေးတွေ သိချင်တယ်ဆိုပါ့။ ဗုဒ္ဓေါ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေပေါ့။ ဟီးဟီး ဟိုလှည့်ဒီလှည့်နဲ့  နည်းနည်းရူးချင်ယောင်ဆောင်နေတာ။ ရက်နည်းနည်း ကြာလာတော့ ညီမငယ် က အကြွေးမတောင်းပဲ ညီငယ်မောင်မျိုးနဲ့  ညီမသက်တန့် တို့ က ကိုယ်စားလှယ်လုပ်ပြီး အကြွေးခဏခဏ
လာတောင်းပါတော့တယ်။ အခုတော့ ညီမငယ်ဝေလေးကလည်း စိတ်ကူးလေးတွေပြောမပြရင် အစ်ကိုအဖြစ်မှ အမွေပြတ်စွန့် လွှတ်တော့မယ်လို့  ခြိမ်းခြောက်လာပါပြီ။ ဖြစ်ချေဘူး ဒုက္ခဒုက္ခ။ ခရီးမသွားခင်လေး မြန်မြန် အမွေ သွားတောင်းတော့မယ်။ ပိုင်ဆိုင်သမျှ အကုန်ပေး ဘဲဘဲလေးက လွဲရင်ပေါ့လေ။ ( လက်နှီးစုတ်တောင် မချန်ဖူးကွနော် )။

မနေ့က မမDream ဆီ ခဏလောက် သွားချောင်းဦးမှပဲ ( ဟီး မွေးနေ့ ပွဲက ၀ါးတီး အကြွင်းအကျန်လေးများ ရှိမလားဆိုပြီးတော့ပါ ) ဆိုပြီး သွားချောင်းကာမှ ပေါက်စနသမီးက အိပ်မက်မက်တယ်ဆိုပဲ။ ဘာအိပ်မက်ပါလိမ့်ဆိုပြီး လက်တို့ မေးတော့ ဦးငှက်လည်း မက်တာပဲ ပြန်ပြောပြတဲ့ ။ အောင်မငေးဗျလို့  အော်ပြီးထွက်ပြေးတာ နောက်ကနေ ဂါဝန်စွန်တောင်ဆွဲလို့  အဲ ဟုတ်ပါဘူး ဂါဝန်ကြီးမလို့ 
ခြေထောက်ကိုဆောင့်၊ နှုတ်ခမ်းစူလို့  ဦးဦးငှက်နော် ..ရဖူး...ရဖူး.. မက်ပေးရမှာပဲ ဆိုပြီး အတင်းအော်ပြီး လိုက်လာတယ်ဗျ။ ( ဒီလောက်ချစ်စရာကောင်းတဲ့  ညီတွေညီမတွေ သိကြရောပေါ့ကွာ။ တွေ့ မယ်.... ဘာလဲ သိချင်ရင်တော့ စောင့်ဖတ် ဒါပဲ။ )

ကဲ ခရီးရှည်ကြီးတစ်ခု အရှင်းဆုံးပြောရရင် ဘယ်တော့မှ ပြန်လာခွင့်မရှိတော့တဲ့  ခရီးရှည်ကြီးတစ်ခုအတွက် လက်မှတ်တစ်စောင် ၀ယ်ထားပြီးပြီဆိုရင်၊ ( လက်မှတ်ပေါ်က နေ့ စွဲအရဆို နောက်၁၀ရက်ဆိုရင် သွားရတော့မှာ ) ၊ ဇင်ယော်လေးက ဘယ်လိုပြင်ဆင်မလဲဆိုရင်တော့.............................................................................

ဘယ်နေ့ ကျရင် ဘာတွေလုပ်မယ်ဆိုပြီးတော့ မတွေးထားဘူးဗျာ။ အဆင်ပြေတာကို အဆင်ပြေသလို ကောက်လုပ်လိုက်မှာပဲ။ ဒီ၁၀ရက်အတွင်းမှာ ပြီးသလောက်လေးပေါ့။ မပြီးတော့လည်း မတတ်နိုင်ဘူးလေ။ ၁၀ရက်ပြည့်ရင် သံရုံးမှာ ဗီဇာသက်တမ်းတိုးသလို ရော့အင့်လုပ်ပြီး ယမမင်းဆီမှာ သက်တမ်းတိုးလို့ မှ မရပဲဗျာနော်။ ဒီတော့ ပြီးသလောက်လေးနဲ့ ပဲ ရောင့်ရဲကျေနပ်ရမှာပေါ့။

အရင်ဆုံး ... ရောဂါဝေဒနာ တစ်ခုခုကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာကြောင့်ဖြစ်စေ ဘယ်မှမသွားနိုင်တော့ပဲ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းရင်း နောက်၁၀ရက်ကို စောင့်နေရပြီဆိုရင်တော့ ဆေးရုံကသူတွေကို မှာခဲ့ မယ်။ ကျနော်သေဆုံးသွားမှသာ အိမ်ကမိဘတွေဆီ အကြောင်းကြားပေးပါလို့ ။ ၁၀ရက်ပိုပြီး ပူပင်သောက မရောက်စေချင်လို့ ပါ။ နောက်ပြီး ဒုက္ခလည်း မပေးချင်ဖူးလေ။ ပြီးတော့ တတ်နိုင်သမျှ တရားမှတ်မယ်။ ၀ိပဿနာရှုမယ်။ ကိုယ်ပြုခဲ့ ဖူးသမျှ ကောင်းမှုကုသိုလ်လေးတွေ ပြန်စဉ်းစားရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လေ။ အချိန်စေ့သွားရင်တော့ ပြီးပြီပေါ့ဗျာ။

အင်း..တကယ်လို့  ကံကောင်းထောက်မစွာနဲ့  အိမ်ပြန်နိုင်ဖို့  အခွင့်အလမ်းရှိခဲ့သေးရင်တော့ အိမ်ကို အရင်ဆုံးပြန်မှာဗျ။ လက်ရှိဘ၀ရဲ. သုံးပုံတစ်ပုံက မိသားစုနဲ့ အဝေးကြီးမှာ နေနေရလို့  နောက်ဆုံးအချိန်လေးမှာတော့ မိသားစုရဲ. ရင်ခွင်လေးကို ပြန်ပြီးခိုဝင်ချင်တယ်ဗျာ။ လောကလမ်းခရီးမှာ ခဏခဏ လဲကျခဲ့တုန်းက အဖေက လက်နှစ်ဘက်နဲ့ ဆွဲထူပြီး အမြဲကူပေးခဲ့တယ်။ အမေက ဒဏ်ရာတွေကို ဆေးသိပ်လို့  ချွေးတိတ်စေခဲ့တယ်လေ။ အခုတခါတော့ ပြန်မထတော့ပဲ အပြီးလှဲအိပ်တော့မှာဆိုတော့ တတ်နိုင်ရင် အဖေတို့ ၊အမေတို့  ရင်ခွင်အစုံမှာ ခဏလေးပြန်ပြီး ခိုနားချင်တယ်။ အပြောကျယ်တဲ့  လောကပင်လယ်ကြီးကို အလျားလိုက်ဖြတ်ကူးခဲ့ ရတာ မောပန်းလွန်းလှပြီလေ။ အိမ်ကိုလွမ်းလို့  အဖေနဲ့ အမေကို လွမ်းလို့ ပြန်လာတာဗျ လို့ ပြောပြီး ချွဲလိုက်ဦးမယ်ဗျာ။ ဘောလုံးပွဲ တူတူကြည့်ရင်း အဖေနဲ့ ဆန့် ကျင်ဘက်အသင်းကို အားပေးရင်း အဖေ့ကိုစဦးမယ်။ အမေ့လက်မောင်းကိုခေါင်းအုံးရင်း အမေ့ရင်ခွင်ထဲ ခဏလောက်ဝင်ခွေဦးမယ်။ အမေချက်ကြွေးတဲ့  ထမင်းဟင်းတွေကို မိသားစုတ၀ိုင်းတည်း အားရပါးရ စားလိုက်ဦးမယ်။ ညအိပ်ခါနီးရင် အဖေနဲ့ အမေတို့ ကို သေသေချာချာကန်တော့ပြီး ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပေးဖို့  တောင်းပန်မယ်။

ဘုရားကိုသွားပြီး အေးအေးဆေးဆေး ဘုရားဝတ်ပြု၊ပုတီးလေးစိတ်ပြီး အရင်ကလို ခေါင်းလောင်းသံ၊ ဆည်းလည်းသံလေးတွေကို ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်နေချင်တယ်။ ကိုယ်ပြုလုပ်ခဲ့ သမျှ ကောင်းမှုကုသိုလ်တွေကို အမျှအတန်းဝေမယ်ဗျာ။ ပြီးရင် သူများတွေ အမျှဝေတာလည်း အားရပါးရ သာဓုထိုင်ခေါ်လိုက်ဦးမယ်။ အေးချမ်းတဲ့  ဘုရားရင်ပြင်တော်ပေါ်မှာ သန့် ရှင်ရေးလုပ်၊ အမှိုက်လှဲ၊
သောက်သုံး ရေဖြည့်ပြီး ကုသိုလ်ယူလိုက်ဦးမယ်ဗျာ။

ပြီးရင်တော့ ပိုင်ဆိုင်သမျှထဲက မိဘတွေအတွက် တချို.တ၀က်ချန်ပြီး အလှူအတန်းတွေ လုပ်ချင်သေးတယ်။ အရင်ဆုံး ရန်ကုန်ပြန်တိုင်း သွားပြီးလှူနေကြ မိဘမဲ့ ကလေးများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို နောက်ဆုံးအကြိမ်အဖြစ် သွားပြီးလှူဒါန်းလိုက်ဦးမယ်။ အဲဒီက စာကြိုးစားပြီး အရမ်းလိမ္မာတဲ့  စကားအရမ်းတတ်တဲ့  ကျနော့်ရဲ.မွေးစားသားနဲ့ သမီးလို့  ကျနော်သဘောထားတဲ့  ကလေး နှစ်ယောက်နဲ့  စကားတွေတ၀ကြီး ပြောချင်သေးတယ်။ သူတို့ လေးတွေကို ဆုံးမစကားလေးတွေ ပြောချင်သေးတယ်။ သူတို့ လေးတွေ ဘ၀ရှေ.ရေးအတွက်လည်း ဖြစ်နိုင်သလောက် စီစဉ် ပေးခဲ့ချင်သေးတယ်ဗျာ။ နောက်ပြီး ခါတိုင်းလှူနေကျ ဘုရား၊ ဘုန်းကြီးကျောင်း၊ ကုသိုလ်ဖြစ်ဆေးခန်း၊ မိဘမဲ့ ကလေးများဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အဲဒီနေရာတွေလည်း သွားပြီးလှူချင်သေးတယ်။

ပြီးရင်တော့ (ငယ်ငယ်က၊ကျောင်းတုန်းက၊လုပ်ငန်းခွင်က) သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် လိုက်နှုတ်ဆက်လိုက်ဦးမယ်။ တွေ့ ရင် အရင်တုန်းက အကြောင်းတွေပြန်ပြောရင်း ငယ်ဘ၀ကို ခဏလောက် အလည်သွားလိုက်ဦးမယ်။ ကိုယ့်မိသားစုပြီးရင် နောက်ထပ်သံယောဇဉ် အရှိဆုံးဖြစ်တဲ့  သူငယ်ချင်း မိသားစုလေးဆီကို သွားလည်မယ်ဗျာ။ (ကိုယ့်ရဲ.မှန်ထဲကပုံရိပ်၊ကိုယ်ပွားလို့ တင်စားရတဲ့ အထိ ကိုယ့်အကြောင်းအသိဆုံး ဆိုးတူကောင်းဖက်) အချစ်ဆုံးသူငယ်ချင်း နဲ့  ညီမအရင်းတစ်ယောက်လို ဆိုးသမျှနှိပ်စက်သမျှ တပြုံးပြုံးနဲ့ သည်းညည်းခံပြီး တခါတလေ သူကပြန်ပြီး ဗိုလ်ကျတတ်တဲ့  သူ့ ဇနီး၊ ပြီးတော့ ကျနော့်ကို ဘဘကြီးဆိုပြီး စကားလေးမပီတပီနဲ့  အားရပါးရချွဲတတ်တဲ့  သူတို့ ရဲ.အိမ်ဆွဲလဲ ကျနော့်ရဲ.တူမချောလေး။ ဘ၀မှာ ကျနော့်မိသားစုပြီးရင် သူတို့ က ဒုတိယ မိသားစုလေးဆိုတော့ မရောက်ရောက်အောင်ကို သွားရဦးမှာဗျ။

ဟီးဟီး အစားအသောက် မီးလိုတောက်တဲ့  ကျနော်ရဲ. သဘာဝအရ ကျနော်စားချင်သမျှ အစားအသောက်တွေလည်း လှည့်ပတ်ပြီး စားလိုက်ဦးမယ်။ ဗမာထမင်းဟင်းမျိုးစုံ၊ တရုတ်စာ၊ ကုလားစာ၊ ကိုရီးယားစာ၊ တိုင်းရင်းသားပေါင်းစုံ အစားအစာ အကုန်လုံးလိုက်ပတ်ပြီး စားဦးမှာ။ အနောက်တိုင်းစာတော့ သိပ်ပြီးမကြိုက်လှဘူး။ ဒါပေမယ့် ဘာလာလာဆိုတဲ့  ဘွဲ့ ထူးဂုဏ်ထူးလေး မပြုတ်ရအောင် အကုန်လုံးတော့ အားပေးလိုက်ဦးမယ်။

အဲဒါမှ အချိန်ရခဲ့သေးရင် လမ်းထိပ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ပေါ့ကျတစ်ခွက်ကို ဖက်ကြမ်းလေးနဲ့  မြည်းရင်း ကိုငှက်ကြီးရဲ. သီချင်းလေးတွေကို နားထောင်နေလိုက်မယ်။ အဲ ပြီးတော့ ဖြစ်နိုင်ခဲ့ မယ်ဆိုရင်ပေါ့လေ ပိုင်ဆိုင်ခွင့် မရှိတော့တဲ့  နှစ်ယောက်သောသူ ကို ပြောချင်တဲ့ စကားလေးတစ်ချို. ပြောလိုက်ချင်သေးတယ်။ တစ်ယောက်ကို ဖြစ်ပြီးခဲ့သမျှ အရာအားလုံးအတွက် ခွင့်လွှတ်ပေးဖို့ ၊
ဆိုးခဲ့မိုက်ခဲ့ အနိုင်ယူခဲ့ တာတွေကို နားလည်သည်းခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ လေ။ နောက်တစ်ယောက်ကိုတော့ ပြီးဆုံးခဲ့ သမျှ အရာအားလုံးကို နားလည်ခွင့်လွှတ်တဲ့ အကြောင်း၊ ဘ၀မှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့  ရှေ.ခရီးကို သာသာယာယာ လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပေးခဲ့ တဲ့ အကြောင်း ပြောပြချင်တယ်။

အားတဲ့  အချိန်လေးတွေမှာတော့ အဆင်ပြေရင် ဘလော့တွေလိုက်ဖတ်မယ်ဗျာ။ ကျနော် ဆိပ်ကမ်းလေးမှာလည်း ဇင်ယော်တစ်ယောက် အင်တာနက် အလှမ်းမမှီတဲ့  နေရာတစ်ခုကို ခရီးထွက်ရမှာမို့  ပို့ စ်တွေ အသစ်မတင်နိုင်တော့ကြောင်း ၊ လာရောက်လည်ပတ်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ရေးခဲ့ မယ်ဗျာ။ ညီငယ်မောင်မျိုးကိုတော့ ကြည့်ကောင်းအောင် ပြောခဲ့ မယ်။ ညီရေ...အစ်ကိုတော့ ဒီတစ်ခါ ခရီးအကြာကြီး သွားရမှာမို့  ဒီဆိပ်ကမ်းလေးကို တတ်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ ၊ မစောင့်ရှောက်နိုင်တော့တဲ့  အချိန်ကျရင် ဒီဆိပ်ကမ်းလေးကို ထာဝရ ပိတ်သိမ်းပေးဖို့  သေသေချာချာလေး မှာခဲ့ မယ်လေ။ ပြီးတော့ ဒီဆိပ်ကမ်းလေးကို လာရောက်လည်ပတ်ကြရင်း ခင်မင်ခဲ့ ရတဲ့  ဘလော့ဂါ မောင်နှစ်မတွေကိုလည်း အခြေအနေပေးသလောက် လိုက်နှုတ်ဆက်ဦးမယ်။

ဟွန်းဟွန်းဟွန်း ( မျက်လုံးပြူး အံကြိတ်သွားစေ့ပြီး ရယ်သောအသံ ) .... တွေ့ ကြပြီပေါ့ကွာ။ ဒီဘလော့လေး ရေးနေရင်းနဲ့  အရမ်းကိုခင်မင်ရင်းနှီးခဲ့ရတဲ့ သူတွေ ရှိနေပါသေးတယ်။ ( ဟဲဟဲ ဇော်ဝင်းထွဋ္ဋ်စကားနဲ့  ပြောရရင် ကျနော်သနားလို့  မခေါ်ပဲထားတဲ့ သူတချို. ရှိပါတယ်ပေါ့ဗျာ )။ သူတို့ ကို ဇင်ယော်လေးဘ၀မှာ တခါမှမမြင်ဘူးခဲ့ ပေမယ့် အရမ်းကို ခင်မင်ရလို့  လူကိုယ်တိုင် လိုက်ပြီး
နှုတ်ဆက်စကားပြောဖို့  အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်း တစ်ယောက်တစ်နယ်စီမှာနေ...ပိတောက်နဲ့ ချယ်ရီပမာလေ..... ဟိုက် ချော်တောငေါ့သွားပြီဟ။.... အားလုံးက တစ်နေရာစီမှာနေကြတော့ ခုလိုက်နှုတ်ဆက်နေရင် အချိန်မလောက်မှာလည်းစိုးရ.... ခရီးစရိတ်မလောက်မှာလည်း ကြောက်ရတာမို့  ဒီလို စီစဉ်ထားပါတယ်ဗျာ။ ငှဲငှဲငှဲ .... ၁၀ရက်ကျော်လို့  သေလွန်ပြီးရင် စိတ်ထဲက အာရုံပြုလိုက်ရုံနဲ့  သွားချင်တဲ့ နေရာ ရောက်တယ်ဆိုပဲ။ နောက်ပြီး နေ့ ပိုင်းလိုက်ပြီး နှုတ်ဆက်ရင် နေကလည်းပူ၊ တွေ့ ချင်တဲ့ သူတွေ အိမ်မှာ မရှိမှာလည်း စိုးရိမ်တယ်လေ။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကျမှ လာပြီး ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်ပါတယ်ဗျာ။ ( ညီ..လေး...ညီ...မ....လေး....တို့ ...ရေ.....အာ....ကို.....ကြီး.....လာ.....လည်.....တယ်.......ကွဲ့  ) ဆိုပြီး အသံနက်နက်ကြီးနဲ့  လာနှုတ်ဆက်မှာဗျ။ လူကိုယ်တိုင် လာမှန်းသိအောင် အနံ့ ပါပေးလိုက်ဦးမယ် ( Calvin Klein / Gucci / Hugo Boss အနံ့ တွေ ပြောတာပါ ) ( ဟီး လိုချင်တာတွေ ရွတ်ပြတာ တကယ်အဟုတ် မမှတ်နဲ့  )။ ကိုင်း မှတ်ပြီလား..... ဇင်ယော်လေး ကိုယ်တိုင်ကိုယ်ကျ လိုက်လံနှုတ်ဆက်မဲ့ သူများကတော့ ညီငယ်မောင်မျိုး၊ ညီမငယ်ဝေလေး၊ ညီမသက်တန့် ၊ တူမလေးDream၊ ညီလေးဥယျာဉ်မှူး တို့ ပဲဖြစ်ကြပါတယ်။ နောက်ထပ် ခင်မင်တဲ့ သူတွေ အများကြီးပဲ ရှိပါသေးတယ်။ ဒါပေမယ့် သေလွန်ပြီးမှ ကိုယ်ထင်ပြပြီး လိုက်နှုတ်ဆက်လောက်အောင် မနှိပ်စက်ကြသေးလို့ ပါဗျာ။ ဟဲဟဲဟဲ အဲဒီ စာရင်းထဲ ပါချင်တဲ့ သူများ ကျနော့်ဂျီမေးလ်ကို ဆက်သွယ်ပြီး စာရင်းပေးနိုင်ကြပါတယ်ဗျာ။ ကဲ ရေးပါဆိုလို့  ရေးပြီးပြီဗျာ။ လာနှုတ်ဆက်ခံရမယ့်သူတွေ သတိသာထားနေပေတော့။

Friday, September 5, 2008

ဇင်ယော်လည်ပြန်

စာမေးပွဲဖြေနေတုန်း ညီတော်မောင်မျိုးက tag ထားတယ်တဲ့။ စာမေးပွဲ ပြီးရင် ရေးပေးပါတဲ့ ။ ညီငယ် ဥယျာဉ်မှူးကလည်း ပို့ စ်အကြွေး တွေဆပ်ဦးတဲ့ လေ။ လုပ်ကြဦးပေါ့။ သူတို့ ခေတ်ပဲ။ မတတ်နိုင်ဘူး။ ဒါနဲ့  ဇင်ယော်လည်း နောက်ကြောင်းလေး လည်ပြန်ကြည့်ပြီး ကိုယ့်ကိုကိုယ်ဖော် မသူတော် လုပ်လိုက်ပြီဗျို.။

ကိုယ့်နာမည်------------- ဇင်ယော်

သူငယ်ချင်းတွေကဒီလိုခေါ်တယ် -------------- ပေတလူ၊ အောက်ဆီဂျင်၊ ဆိုးပေ၊ ကိုရဲ၊ ပေစောင်း ( ထပ်ပြောရင် ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်တော့ မယ်။ )

ချစ်သူလေးကဒီလိုခေါ်တယ် -------------- လာအုံးတဲ့ ။ ( ဟီး...စိတ်မဆိုးတဲ့ အချိန် = ကိုလူဆိုး။ စိတ်ဆိုးနေရင် = ကိုရိန်းဘိုး...ဥာဏ်နီဥာဏ်နက်အပြင် ဥာဏ်ကာလာစုံပြေးနေလို့ တဲ့ ။ )

ဒီမှာနေတယ် ------------- ဇင်ယော်ပဲဗျာ...ရေထဲမှာနေတာပေါ့။ တခါတလေ အတောင်ညောင်းရင်တော့ ကုန်းပေါ်တက်နားတယ်။

အလုပ်အကိုင် ------- လောလောဆယ်တော့ ကျောင်းသားခဏ ပြန်လုပ်နေတယ်။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- 1800-225-0000 ( ဟီး တကယ်မဆက်နဲ့ နော်...အဲဒါ Police Hot Line ကြီး )

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ---------- အနက်၊ မိုးပြာ။

အ၀တ်အစားဆိုရင် ---------- ပေါ့ပေါ့ပါးပါး၊ ကျွတ်မကျရင်ပြီးရော။

အစားအစာဆိုရင် ---------- ဘာလာလာ။ ရေထဲမှာ ရေငုတ်သင်္ဘော၊ လေထဲမှာ လေယာဉ်ပျံ။ ခြေ၄ချောင်းဆို ကုတင်ရှောင်တယ်။
ခြေ၂ချောင်းဆို လှေကားရှောင်တယ်။ အသီးထဲမှာ ဂေါက်သီးနဲ့  လက်သီးမစားဘူး။

ပစ္စည်းဆိုရင် ---------- အင်တာနက်ချိတ်ထားတဲ့ လက်တော့လေး ၁လုံးနဲ့  သီချင်းချိုချိုလေးတွေ သိမ်းထားတဲ့ i-pot လေး ၁လုံး။

သီချင်းဆိုရင် ---------- ကမ္ဘာမကြေ။

စာရေးဆရာ ---------- ဦးအောင်သင်း၊ သော်တာဆွေ၊ နုနုရည်(အင်းဝ)၊နောက်ပြီး ဘလော့ဂ်ဂါတွေ အားလုံး။

စာအုပ် ----------- ခပ်ထူထူ ( ခေါင်းအုံးအိပ်လို့ ကောင်းတယ်လေ။ )

Life style ---------- ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး။

ကိုယ့်ရဲ့ဝါသနာ ---------- အိပ်လိုက် စားလိုက်။ တခါတလေ သောက်လိုက် ငမ်းလိုက်။

အလိုချင်ဆုံးလက်ဆောင် ---------- အလကားပေးရင် အကုန်ကြိုက်တယ် ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- မှန်ထဲ ပြန်ကြည့်ရင် မြင်နေရတယ်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဖေ နဲ့  မေ။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- ဆိုးသမျှပေသမျှ အနွံအတာခံတဲ့  သူငယ်ချင်းတွေပေါ့။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကိုယ်ကိုတိုင်ပါပဲလား။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- ဟိုတစ်ယောက်...ခုထိသေနိုင်သေးဘူး။

ရင်အခုန်ဆုံးအချိန် ---------- စာပွဲပေါ်တင်ထားတဲ့ မေးခွန်းစာရွက်ကို အသာလေးလှန်ကြည့်တဲ့ အချိန်။ ( စာမေးပွဲခန်းထဲ ၀င်ဝင်ချင်း ပေးမဖတ်သေးဘူး။ )

အကြောက်ဆုံးအချိန် ---------- စာမေးပွဲအောင်စာရင်း ထွက်တယ်ဆိုတဲ့  သတင်းကြားလိုက်ရတဲ့ အချိန်။

အပျော်ဆုံးအချိန် ---------- ဂျွန်ဂျီဟွန်းက လက်ထပ်ချင်တယ်လို့  လာပြောတဲ့အချိန်။

အမှတ်တရနေ့ ---------- ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ လောကကြီး သာယာစေ။

အချစ်ဆိုတာ ---------- စေ့ထားတဲ့ တံခါးကို မခေါက်ပဲ တိတ်တိတ်လေး ၀င်လာတဲ့ ဧည့်သည်။

အမုန်းဆိုတာ ---------- ရင်ထဲမှာ ကိုယ့်ဘာသာကိုယ် ပျိုးမိတဲ့ မီးတောက်တစ်ခု။

အလွမ်းဆိုတာ ---------- ဓါးထက်ထက်တချောင်းကို လည်ချောင်းထဲ အလျားလိုက်မြိုထားရသလိုပဲ။

သံယောဇဉ်ဆိုတာ---------- တစ်ပင်တည်း၊ မမြင်ပေမယ့် ဖြတ်ရခက်တယ်။

ဘ၀ဆိုတာ ---------- တိုက်ပွဲ။ ဟီး......ဆိုတာ လိုက်ပွဲ။ ........ဆိုတာ ချိုင့်ဆွဲ တဲ့။ ဟဲဟဲ ကြားဖူးတာ ပြောတာ။

သူငယ်ချင်းဆိုတာ ---------- ကိုယ့်ဘ၀ရဲ့  ပြတင်းတံခါးကို အလှဆင်ပေးနေတဲ့  ရှုခင်းလေးတွေပဲပေါ့။

ချစ်သူဆိုတာ ---------- တွေ့ ရင်ကျတော့  လွမ်းအောင်ချွဲ၊ နောက်ကွယ်ကျရင် မေ့မှာပဲ။

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ---------- သမိန်ပေါသွပ်လိုလို။ တာယာပွကြီးလိုလို....လိုလို...လိုလို။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- လမ်းမှာ ဘယ်နှစ်ကြိမ် လဲကျတယ်ဆိုတာထက် ဘယ်နှစ်ခါ ပြန်ထနိုင်တယ်
ဆိုတာက ပိုပြီး အရေးကြီးပါတယ်။

အပြောချင်ဆုံးစကားတစ်ခွန်း ---------- လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြုံးပျော် ရယ်မောနိုင်ကြပါစေ...။