Monday, August 11, 2008

အမြဲထာဝရ ရှိနေမယ့် အိမ်ကလေး

ခတ်ထားတဲ့ သော့ လေးကို အကြိမ်ကြိမ်ဖွင့်ခဲ့ ဖူးတဲ့  လက်ချောင်းလေးတွေက ထိန်းထားတဲ့ ကြားက တဆတ်ဆတ်တုန်နေသည်။ ဤတံခါးသော့ လေးကို ဖွင့် ဖို့ ကြိုးစားမိသည်မှာ ဒီတစ်ခါဆို ၅ ကြိမ်မြောက်။ ရင်ထဲမှာတော့  သတိရလွမ်းဆွတ်စိတ်တို့ က ထိန်းမရချင်တော့ ။ စကားသံချိုချိုတို့ က နားဝကိုရိုက်ခတ်နေဆဲ ။ စုံမှိတ်ထားတဲ့  မျက်ဝန်းထဲမှာတော့ ပုံရိပ်လေးတွေက ရုပ်ရှင်ပြသလို အစီအရီ။ သူ့ စိတ်အစဉ်တို့ ကတော့ အတိတ်ရင်ပြင်ဆီကို တရွေ.ရွေ.နဲ့  ခရီးထွက်ခွာလို့ နေပါပြီ။

အိမ်ခန်းလေးကို လှည့်ပတ်ကြည့်ရှုရင်း ခင်လေးတစ်ယောက် ကလေးငယ်လေးတစ်ယောက်လို ပျော်ရွှင်မြူးတူးနေပုံလေးတွေကို ကြည့်ရင်း အပျော်တွေက သူ့ ဆီသို့ ပါကူးစက်လာသည်။

"မောင်ရေ၊ ဒီအိမ်ခန်းလေးကို ခင်လေးတော့ အရမ်းကြိုက်တယ်ကွာ။ သွားရေးလာရေးလည်းအဆင်ပြေတယ်။ အခန်းဖွဲ့ ထားပုံလေးလည်း ကြိုက်တယ်။အတွင်းပိုင်းကို ဆေးပြန်သုတ်ဖို့ နဲ့  Decoration ပိုင်းကိုတော့ ခင်လေးတို့ ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ကြမယ်နော်။နော်..မောင်..နော်လို့ "

လက်မောင်းကို ကိုင်လှုပ်ရင်း သဘောတူညီချက် တောင်းခံနေတဲ့  ခင်လေးရဲ. မျက်နှာနုနုလေးကို ပြုံးကြည့်ရင်း သူအသာအယာ ခေါင်းငြိမ့် ပြလိုက်မိသည်။ ခင်လေး ကြိုက်တာမှန်သမျှ သူသဘောကျမိသလို သူနှစ်သက်သမျှလည်း ခင်လေးမငြင်းခဲ့ တာ ဟိုးအရင် ကလေးဘ၀တည်းကမို့  သူငယ်ချင်းတွေကတောင် သူတို့ ၂ယောက်ကို ကြည့်ပြီး မင်းတို့ ကို အရမ်းအားကျတာပဲလို့ မကြာခဏပြောမိကြတာပါ။

အင်းပေါ့လေ တယောက်နဲ့ တယောက်နားလည်မှုအပြည့်ရှိပြီး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲကို ဘယ်သူက အားမကျပဲနေမလဲနော်။
သူတို့ ၂ယောက်ကလည်း ငယ်ငယ်လေးတည်းက အရမ်းချစ်တဲ့ သူငယ်ချင်းတွေကနေ သံယောဇဉ်ကြိုးလေးတွေ တရစ်ပြီးတရစ်ချည်နှောင်မိရင်း ချစ်သူတွေဘ၀ကို တက်လှမ်းလာကြသူတွေဆိုတော့ တယောက်အကြိုက်တယောက်သိပြီး အလိုလိုက်ဖြည့်ဆည်းဖို့ က အဆင်သင့်ရယ်ပါ။ နှစ်ဘက်မိဘတွေကလည်း ဟိုးအရင်တည်းက နှစ်အိမ်တစ်အိမ်နေလာကြသူတွေမို့  သူတို့ နှစ်ဦးရဲ့ ရှေ့ ရေးကို ကန့် ကွက်သူမရှိ ။ အခြေအနေအတည်တကျဖြစ်ရင် လက်ထပ်ဖို့ ကိုပဲ တိုက်တွန်းနေကြသူတွေပါ။

လက်ထပ်ပြီးရင် အတူနေဖို့  အိမ်ခန်းလေး တစ်ခန်း ရှာနေခဲ့ တာတော့ ကြာပါပြီ။ ၂ယောက်လုံးရဲ့ စုဆောင်းထားတဲ့ ငွေနဲ့ လည်း အဆင်ပြေအောင်၊နောက်ပြီး သွားရေးလာရေး အဆင်ပြေစေဖို့ ရော၊အပြင်အဆင် အခန်းအနေအထားရော ကြည့်ရတာမို့ တော်တော်နဲ့ ရှာမရ။ တွေ့ မယ့်တွေတော့လည်း ၂ယောက်လုံး ကြိုက်နှစ်သက်မိပြီမို့  သူတပါးလက်မပါရလေအောင် အမြန်ဆုံးငွေချေရသည်။ အားလုံးပြီးမှ ၂ဦးသား အေးအေးဆေးဆေး ကိုယ့်အိမ်ခန်းလေးကို အသေးစိတ်လိုက်ကြည့်ရင်း ဘယ်နေရာမှာ ဘာတွေထားမယ်၊အခန်းလေးကိုလည်း ဆေးဘယ်အရောင်လေးတွေသုတ်မယ် ဆိုတာ တိုင်ပင်နေမိသည်။

ချစ်သူရေ
နတ်ပစ်တဲ့ မြှားတစ်စင်း
အရှိန်တော့ သိပ်မပြင်းလှပါဘူး။
ထိမှန်တာက တို့ နှစ်ယောက်
နှလုံးသားတွေ အထိ စူးနစ်ဝင်ရောက်
မူနောက်ရီဝေ ချစ်ဆိပ်ရည်တွေတက်လို့ ပေါ့ ကွယ်။


ကိုယ်နေတဲ့ အခန်းကို ကိုယ်တိုင်ဆေးသုတ်ချင်တယ်တဲ့။ ခင်လေးတစ်ယောက် သူ့ ကိုပူဆာလို့ နေတာနဲ့  သူ့ မှာကောင်းကောင်းကြီး အလုပ်ရှုပ်ရတော့တာပဲ။ ဆေးတွေ၊သင်နာတွေ ပြေးဝယ်ရ၊ဆေးသုတ်ဖို့  ရိုလာတွေ၊စုတ်တံဘရပ်ရှ်တွေဝယ်ရနဲ့  လူကချာလပတ်ရမ်းနေချိန်မှာ ခင်လေးတစ်ယောက် သူဝယ်လာတာတွေကြည့်ပြီး ခုန်ပေါက်မြူးတူးနေပုံကို မြင်မိတော့ အရင်ကမောခဲ့ တဲ့ အမောတွေက ဘယ်ပေါက်လို့ ဘယ်ရောက်ကုန်လဲ သူကိုယ်တိုင်မသိတော့။ ခုလည်း တီရှပ်လက်ရှည်နဲ့ ဂျင်းပင်အဟောင်းလေးဝတ်ထားတဲ့  ခင်လေးတစ်ယောက် ခေါင်းပေါ်မှာ အ၀တ်စခြုံပြီး နံရံကို ဆေးသုတ်နေပုံလေးကို သူစောင်းငဲ့ကြည့်ရင်း စနောက်ချင်စိတ်က ထိန်းမရတော့တာမို့ 

"ဟေ့ လက်ချမီး ဆေးသုတ်တာ နံရံကိုလား၊လူကိုလားကွ။ဟေ ပြောစမ်းပါဦး။"

သူ့ အမေးကို ခင်လေး အရင်ဆုံးပြန်ဖြေတာက ချစ်စရာကောင်းတဲ့  မျက်စောင်းလေးနဲ့ ပါ။ပြီးတော့ မှ ဆေးစက်လေးတွေ စွန်းထင်းနေတဲ့ သူ့ ကိုယ်သူ ငုံ့ ကြည့်ပြီး စပ်ဖြဲဖြဲ မျက်နှာလေးနဲ့ ရန်တွေ့ ပါတော့တယ်။

"ဘာဖြစ်လဲ ဘာဖြစ်လဲ ကိုယ့်လုပ်တတ်သလို လုပ်တာဘာဖြစ်လဲ။ မကျေနပ်ဘူးလား။ ဟဲဟဲ ဘာဖြစ်ချင်လို့ လဲ ဟဲဟဲဟဲ။"

သူမကအဲဒီလို မခိုးမခန့် လည်း ရယ်တတ်ပါသေးတယ်။ ဒါပေမယ့် အဲဒီချိန်ကျရင် နဲနဲတော့ သတိထားရတယ်။ မဟုတ်တာ တခုခုတော့
လုပ်တော့မယ်လေ။ အတွေးမှ မဆုံးသေး လက်ထဲက ရိုလာကို ဆေးပုံးထဲ နှစ်ပြီး သူ့ တကိုယ်လုံး အားရပါးရ ဆေးလိုက်သုတ်တော့တာပါပဲ။ သူလည်း မနေနိုင်တော့။ မောင်တထမ်းမယ်တရွက် ဆိုရိုးတောင်ရှိသေး။ အားကျမခံ လက်ထဲရှိတဲ့ ဘရပ်နဲ့  ခင်လေးကို ပန်းချီဆွဲတဲ့ ကင်းဗတ်စ သဘောထားပြီး အားရပါးရ ဆေးခြယ်တော့တာပေါ.။
၂ယောက်သား မောတော့မှ ဆေးတွေပေပွနေတဲ့ပုံကိုကြည့်ပြီး တယောက်ကိုတယောက် လက်ညှိုးထိုးပြီး အားရပါးရ ရယ်လိုက်ရတာ။ ခင်လေးကို အိမ်ပြန်ပို့ တော. ကားပေါ်ကဆင်း ဆင်းချင်း ခင်လေးအမေက

"ဟယ် သားနဲ့ သမီး ဆေးသွားသုတ်တာ ဆေးရောလောက်ရဲ.လားတဲ့ "

ဘာဖြစ်လို့ လဲဆိုပြီးမေးတော့  နံရံပေါ်တ၀က် ဖိတ်တာတ၀က်ထင်လို့ တဲ့။ ခင်လေးကလည်း အားကျမခံ မပူပါနဲ့ အမေရယ် ဆေးကပိုနေလို့ တောင် သုတ်စရာမရှိတော့ တာနဲ့  တယောက်နဲ့ တယောက် ဆေးနဲ့ ပက်ပြီးပြန်လာကြတာတဲ့ လေ။ ခင်လေးအဖေကတော့  အားပေးရှာတယ်။ နောက်ထပ် လုပ်ငန်းတိုးချဲ့ ရင် ဆေးသုတ်ကန်ထရိုက်ပေးဖို့  သူတို့ နှစ်ယောက်ကို အရင်စဉ်းစားမယ်တဲ့ ။

နေ့ စဉ်နဲ့ အမျှ အိမ်ခန်းလေးကို စိတ်ကူးအိမ်မက်ထဲက အတိုင်း ခြယ်သရင်း သူတို့ ရှေ့ ရေးအနာဂါတ်အတွက်လည်း တိုင်ပင်ဆွေးနွေးရတာအမော။ ဒီလိုနဲ့  အိမ်ခန်းလေးက သူတို့ စိတ်ကူးထဲက ပုံစံလေး အတိုင်းတဖြည်းဖြည်းနဲ့  ရုပ်လုံးပေါ်လာပြီလေ။ လိုအပ်တဲ့ ပရိဘောဂ အသုံအဆောင်တွေကတော့ တဖြည်းဖြည်းနဲ့  ၀ယ်ထည့်မယ်ပေါ့ ။ နှစ်ယောက်လုံးရဲ့  ပြင်ဆင်ခြယ်သမှုနဲ့  လှပနေတဲ့ တိုက်ခန်းလေးက သူတို့ အဖို့  ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ရယ်ပါ။ သူ့ အဖို့  ခွင့် ရက်စေ့ လို့  အလုပ်ကို ပြန်သွားဖို့ အချိန်တန်လာပေမယ့်  ခင်လေးအနားက ဘယ်လိုမှ မခွဲချင်မိ။ ဒါပေမယ့် လည်း သူသွားရဦးမှာပါ။ ခင်လေးကို တင့်တင့်တယ်တယ် လက်ထပ်ချင်တာရော၊ သူတို့ နှစ်ဦးလုံးရဲ့  အနာဂါတ်အတွက်ရော ၊ သူ့ မိဘတွေအတွက်ပါ သူပြန်သွားရဦးမှာပါ။

လေဆိပ်ကို လိုက်ပို့ တော့ ခင်လေးက သူ့ အနားကိုတိုးကပ်ပြီး ရှက်ပြုံးလေးနဲ့ ပြောရှာတယ်။
"နောက်တခါ မောင့် ကိုလိုက်ပို့ ရင် ခင်လေးက မောင့် ဇနီးအနေနဲ့  လိုက်ပို့ ရမှာနော်" တဲ့။
"အလုပ်က အချိန်စေ့ ရင် အမြန်ဆုံးပြန်လာနော် မောင်၊ ခင်လေးမျှော်နေမယ် " ။ ပြောပြီးမှ ရှက်သွားတဲ့ မျက်နှာလေးနဲ့  ခေါင်းလေးငုံ့ ကာ ပြုံးနေပုံလေးက သူ့ အတွက်တော့  ခွန်အားတစ်ရပ်ဖြစ်စေခဲ့ ပြီလေ။ ဒီတခါတော့  လုပ်ငန်းခွင်ထဲမှာ အချိန်တွေက သူ့ အတွက်ကြာလွန်းလှသည်။ တရွေ့ ရွေ့ သွားနေတဲ့ စက္ကန့် လေးတွေကို မြန်မြန်ပြေးသွားဖို့  သူလောဆော်ချင်နေမိသည်။ ဒါမှလည်း မိနစ်ဆိုတဲ့  ကားလေးအချိန်မှီစီးကာ နာရီလွင်ပြင်ကို ဖြတ်ပြီး ရက်နဲ့ လ ဆိုသော တောင်တန်းတွေကို ကျော်ကာ ခင်လေးဆီသို့  အမြန်ဆုံးအရောက်လှမ်းနိုင်မည်လေ။ လေလှိုင်းထဲကနေ စကားတွေခြွေမိကြတိုင်း ခင်လေးက လက်ထပ်ဖို့  ဘယ်လိုစီစဉ်ထားတဲ့  အကြောင်း၊ အသုံးအဆောင် ပရိဘောဂတွေကိုလည်း ဘယ်လိုဖြည့်ဆည်းပြီး အိမ်ခန်းလေးကိုလည်း ဘယ်လိုပြင်ဆင်ထားတဲ့ အကြောင်း ပြောပြတိုင်း သူ့ အတွက် စိတ်ကူးယဉ်စရာ မိသားစုဘ၀လေးက တကယ်တမ်းဖြစ်လာတော့ မယ်ဆိုတာတွေးပြီး ပျော်မဆုံးအောင်ပါပဲ။

"ခင်လေးရေ မောင် ခင်လေးဆီကို အရောက်ပြန်လာပြီ"။ သူစိတ်ထဲက တိတ်တိတ်လေးပြောရင်း လေယဉ်ထိုင်ခုံပေါ်သို့  အသာအယာမှီချလိုက်သည်။ ပြန်ခါနီး တစ်လအလိုမှ အလုပ်တွေကတအားများပြီး ခင်လေးဆီကို သူဖုန်းမဆက်နိုင်ခဲ့ ။ ပြီးခဲ့တဲ့နှစ်ပတ်က ဖုန်းဆက်တော့ တအိမ်လုံး ဘယ်သူမှ ဖုန်းမကိုင်။ ဒါနဲ့  အဖေနဲ့ အမေကို မေးကြည့်တော့ ခင်လေးတို့ မိသားစု ခရီးထွက်သွားတယ်တဲ့ ။ အခုတော့  သူက အပြန်လမ်းမှာပါ။ ဒါပေမယ့် သူခင်လေးကို အံ့ သြသွားအောင် စချင်နေသည်။ ပြီးမှ အားရပါးရ စကားတွေတ၀ကြီးပြောပြီး ချော့တော့ မယ်ပေါ့ ။ ဒါ့ ကြောင့် လည်း ဖေနဲ့ မေဆီ သူဖုန်းဆက်တော့  ခင်လေးကို ကြိုမပြောဖို့  အသာလေးမှာထားရသည်။ အဖေနဲ့ အမေကလည်း စိတ်ချ၊လေဆိပ်ရောက်ရင် သူတို့ လာကြိုမယ်။ ပြီးတော့ မှ အေးအေးဆေးဆေး နားပြီး ခင်လေးဆီကိုသွားတဲ့။ မျက်လုံးကိုစုံမှိတ်လို့  သူတို့ ရဲ့ ပျော်ရွှင်စရာ အနာဂါတ်လမ်းလေးကိုတွေးပြီး ကြည်နူး နေမိသည်။

လေဆိပ်ကထွက်တော့ သူ့ ခြေလှမ်းတွေက လမ်းဆန်းလို့ တက်ကြွနေသည်။ အဖေနဲ့ အမေက သားပင်ပန်းလာတယ် အိမ်မှာအေးအေးဆေးဆေး အနားယူလိုက်ဦးတဲ့ ။ ပြီးမှ ခင်လေးဆီသွားပေါ့ တဲ့။ ခေါင်းကိုအသာလေး ငြိမ့် ပြလိုက်ပေမယ့်  စိတ်ထဲမှာတော့ ခင်လေးကို အရမ်းတွေ့ ချင်နေမိသည်။ ဒါပေမယ့်  အိမ်ရောက်တော့  သူဘယ်လိုမှ မနေနိုင်တော့ ။ ရေချိုးပြီး အပြင်ပြန်ထွက်ဖို့ ပြင်တော့ သည်၊ ချစ်ရတဲ့ ခင်လေးဆီကိုပါ။ ဧည့်ခန်းကိုဖြတ်တော့ အဖေနဲ့ က "သားကြီး၊ ခဏလောက်လာပါဦး၊ ပြောစရာရှိလို့ "တဲ့ ။ သူအသာလေး အဖေနဲ့ အမေဘေးမှာ ၀င်ထိုင်ရင်း ပြောမယ့် စကားတွေကို နားစိုက်ထောင်နေမိသည်။

အမေက "သားရေ၊ လောကကြီးမှာ လူဆိုတာ ဘ၀မှာကြိုးစားထားတာတွေ တကယ်ဖြစ်လာရင် ၀မ်းသာပျော်ရွှင်ရတတ်သလို မျှော်လင့် ထားသမျှ ဖြစ်မလာခဲ့ရင်လည်း စိတ်ပျက်ဝမ်းနည်းရတတ်တယ်။ တကယ်တမ်းတော့  ဒါတွေအားလုံးဟာ အမြဲတမ်း ဖြစ်ပျက်ပြောင်းလဲ နေတဲ့  လောကဓံတရားတွေပါပဲ။ စိတ်အားနည်းတဲ့ သူတွေအဖို့  ဒီတရားတွေနဲ့  လက်တွေ့ ကြုံဆုံရတဲ့ အခါ ခံနိုင်ရည်မရှိပဲ ဘုံးဘုံးလဲပြီး ကျရှုံးရတတ်ပေမယ့်  စိတ်ဓါတ်ကြံ့ ခိုင်တဲ့ သူတွေကတော့  ဒီလောကဓံတရားတွေကို ကြံ့ ကြံ့ ခံရင်း လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို တဖြည်းဖြည်းလုပ်ဆောင်သွားနိုင်ကြတယ်။ သားကိုလည်း အဖေနဲ့ အမေတို့ က ရင့် ကျက်လိမ္မာပြီး ဒီလောကဓံတရားတွေကို ခံနိုင်ရည်ရှိတဲ့ သားတစ်ယောက်လို့  ယုံကြည်တယ်"တဲ့ ။ ဒီအချိန်မှာ ဘာကြောင့် ဒီစကားတွေပြောမှန်း သူမသိခဲ့ ပါဘူး။

အဖေက "သားရေ ခင်လေးကတော့  ပြန်မလာနိုင်တော့ တဲ့  ခရီးရှည်ကြီးကို ထွက်သွားပြီတဲ့ "။ သူနားမလည်နိုင်သေး အဖေကဆက်ပြီး
"သားပြန်မရောက်ခင် ပြီးခဲ့ တဲ့  ၃ ပတ်လောက်က ခင်လေး ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီ" တဲ့။ သူ့ နားအစုံကို သူမယုံနိုင်သေး။ လူတကိုယ်လုံး အမှုန်အဖြစ်ပျောက်ကွယ်ပြီး အမှောင်ကမ္ဘာထဲ ကျဆင်းနေသည်ဟု သူ့ ကိုယ်သူ ခံစားနေမိသည်။ စိတ်ထဲက အရူးတစ်ယောက်လို မဟုတ်ဘူး၊ အဲဒါတကယ်မဟုတ်ဘူး လို့ အော်ဟစ်နေမိတယ်။ ဒါပေမယ့်  အသံတွေအားလုံးက လည်ချောင်းဝမှာ တစ်ဆို့ ပြီးပျောက်ကွယ်ကုန်သည်။ သူ့ အိမ်မက်ထဲက အနာဂါတ်အိမ်လေး အခုတော့ အားလုံးပြိုကွဲ လဲကျပျောက်ဆုံးသွားပြီတဲ့ လား။ မျှော်လင့် ချက်တွေ၊ရည်မှန်းချက်တွေ ထွေးပိုက်ပြီး ပြန်လာတဲ့သူ့ ကို ကံတရားက ရက်ရက်စက်စက် ဆီးကြိုနှုတ်ဆက်ပုံက ခါးသီးလွန်းလှသည်။

ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံး စာမျက်နှာ ထက်၌
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံ အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ
ရှ...အက်...ကြေ...ကွဲ
မင်နီတွေနဲ့ ရဲ လို့ပေါ့ကွယ်။
( တာရာမင်းဝေ ရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံ ကဗျာမှ )


ခင်လေးပြောခဲ့ တဲ့ စကားလုံးတွေ နားထဲမှာ တလုံးချင်းပြန်ပြီးကြားရောင်လာမိသည်။
"မောင်ရေ လက်မထပ်ခင် အရင်ဆုံး သံဃာတော်တွေ ဆွမ်းဖိတ်ကျွေးပြီး အိမ်သစ်တက်ပွဲလေး လုပ်ရအောင်နော်တဲ "့။ "လက်ထပ်ပြီးရင်လည်း ဒီအိမ်လေးမှာ သံဃာတော်တွေကို အမြဲတမ်းဆွမ်းလောင်းမယ်နော်တဲ့" ။ နောက်ပြီး " မောင့် မိဘ၊ခင်လေးမိဘတွေကိုလည်း မကြာခဏ ဒီအိမ်လေးကို အလည်ခေါ်မယ်။ ခင်လေးတို့ လည်း မကြာမကြာသွားလည်ကြမယ်။ ပြီးတော့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့  အမြဲတမ်းလုပ်ကျွေးပြုစုကြမယ်နော်တဲ့ "။ နောက်ပြီး "မောင့်မျိုးဆက်သစ် ရင်သွေးလေးတွေမွေးပြီး အဘိုးအဘွားတွေကို ထိန်းခိုင်းဦးမှာ"တဲ့ လား ခင်လေးရယ်။ ခုတော့  အဲဒါတွေအားလုံး အိမ်မက်တစ်ခုလို မထင်မှတ်ပဲ ပျောက်ဆုံးသွားပြီနော်။ အချိန်တွေ၊ဘ၀တွေ၊သံယောဇဉ်တွေ၊အများကြီးပဲ အဲဒီအချစ်အိမ်လေးအတွက် ရင်းနှီးမြှပ်နှုံခဲ့ရတာ
ဒီလို အလွယ်တကူနဲ့  ပြီးဆုံးသွားဖို့ လား ခင်လေးရေ......။

ဘယ်လိုဖြစ်ရတာလဲခင်လေးရယ်..... မသိရက်မကြားရက်တဲ့  အကြောင်းအရာတချို.ကို သူနောက်တော့ သိခဲ့ရသည်။
အဲဒီနေ့ က..............

ခင်လေး ဒီနေ့  ဘာဖြစ်မှန်းမသိ။စိတ်ထဲလေးလို့ နေသည်။ မောင့် ဆီက ဖုန်းကိုလည်းမျှော်နေမိသည်။ မောင်တယောက် နေမှကောင်းရဲ့ လား။ ဖုန်းမဆက်တာလဲ နဲနဲကြာပြီ။ အလုပ်မှ အဆင်ပြေရဲ့ လား။ လားပေါင်းများစွာနဲ့  လုံးထွေးပြီး နောက်ဆုံးတော့  စိတ်ကိုဖြေပြီးတွေးမိသည်၊ မောင် အလုပ်ရှုပ်နေလို့ နေမှာပါ။ အလုပ်အားတာနဲ့  မောင်ခင်လေးဆီကို ဖုန်းဆက်မှာသေချာပါတယ်။ လူရောစိတ်ပါ ပင်ပန်းနေတာမို့  ဆိုင်စောစောသိမ်းကာ အိမ်ပြန်လာခဲ့သည်။ မောင်ရေ ..... ခင်လေးကတော့  စိတ်ထဲမှာ မောင်နဲ့ ဆုံဆည်းဖို့ ရက်ကို လက်ချိုးရေပြီးစောင့် နေတယ်နော်။ မြန်မြန်ပြန်လာပါတော့ မောင်ရယ်။ ရုတ်တရက် ကားရှေ့ က ရုတ်တရက် ဖြတ်ပြေးတဲ့  ကလေးတယောက်ကို ဗြုန်းကနဲ မြင်မိတော့  ခင်လေး အလန့် တကြား ဘရိတ်ကို ဆောင့်နင်းကာ စတီရာရင်ကို တအားဆွဲကွေ့ လိုက်သည်။ အရှိန်နဲ့ ပြေးလွှားနေတဲ့  ကားငယ်လေးက နှစ်ပတ်သုံးပတ်လိမ့် ကာ လမ်းဘေးက သစ်ပင်ကြီးဆီသို့  ပြေးထွက်သွားတော့ သည်။ ခင်လေး ကြောက်လန့် တကြားအော်ဟစ်လိုက်မိသည်....... မောင်ရေ....................................။

ဆေးရုံမှာ နာရီဝက်လောက် သတိပြန်လည်လာတဲ့ အချိန်မှာ ခင်လေးသူ့ ကို တမ်းတသွားသည်တဲ့ ။ သူဘာလို့  မကြားမိပါလိမ့် ။ နောက်ပြီး အလုပ်ထဲမှာ အန္တရာယ်ဖြစ်မှာစိုးလို့  သူ့ ဆီကို အကြောင်းမကြားဖို့ လည်း မှာသွားသေးတယ်တဲ့။ ခင်လေးရယ် ...... ဒဏ်ရာဝေဒနာတွေ နာကျင်နေတဲ့ ကြားက ခင်လေးရဲ့ နောက်ဆုံးအချိန်လေးမှာ မောင့် အတွက် ထည့်စဉ်းစားသွားသေးတယ်နော်။ တွေးမိရင်း ရင်ထဲမှာ ဆက်ဆက်ခါမျှ နာကြင်နေမိသည်။ ခင်လေးချစ်တတ်သလောက် သူကိုယ်တိုင် အဲဒီလောက် ချစ်နိုင်ပါ့ မလား။ သူ့ ကိုယ်သူပြန်မေးနေမိသည်။ ဒါပေမယ့်  မေးခွန်းအတွက် အဖြေကို ရှာမတွေ့ နိုင်သေး။ သူတို့  အိမ်ခန်းလေးဆီကို သူအလွမ်းပြေ သွားကြည့်တိုင်း တံခါးဝမှ လှည့်ပြန်ခဲ့ မိသည်မှာ အကြိမ်ကြိမ်ရယ်ပါ။ သူတံခါးလေးကို မဖွင့်ရက်နိုင်ခဲ့။ ခင်လေးအတွက် အကောင်းဆုံး သူဘာလုပ်ပေးနိုင်ဦးမလဲ။ စဉ်းစားနေရင်း အဖြေတစ်ခုကို ရှာတွေ့ သည်ထင်ပါ့  နှုတ်ခမ်းထောင့် စွန်းမှာ အပြုံးလေးတစ
တွဲခိုသွားသည်ကို တွေ့ လိုက်ရသည်။ သူဆုံးဖြတ်ချက်တစ်ခုတော့ ချပြီးလေပြီ။

လက်ချောင်းလေးတွေက ထိန်းထားတဲ့ ကြားက တဆတ်ဆတ်တုန်ယင်နေသည်။ ဤတခါတော့ 
ဝမ်းသာကြည်နူးစိတ်နဲ့ ရယ်ပါ။ သူတို့ ရဲ့ အိမ်ခန်းလေးကို ထုခွဲရောင်းချပြီး ရရှိသမျှကို ယနေ့ မနက်ပဲ ရွှေတိဂုံဘုရား၊ဇီဝိတဒါန သံဃာ့ ဆေးရုံ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ နဲ့  မိဘမဲ့ ကလေးများကွန်းခိုရာ ဘုန်းတော်ကြီးကျောင်းများသို့  သူတို့ နှစ်ဦးအမည်ဖြင့်  ထာဝရ ဆွမ်း၊ဆေး၊အထွေထွေသုံး ပဒေသာပင်များအဖြစ် ခွဲဝေလှူဒါန်းပြီးသွားချေပြီ။ ယခု ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ သမျှ ကုသိုလ်ဒါနများအတွက် ရေစက်သွန်းချလှူဒါန်းရင်း တမလွန်က ခင်လေးအတွက် အမျှအတမ်းဝေနေတာပါ။

ရေစက်ခွက်ကို ကိုင်ရင်း သူစိတ်ထဲက တိုးတိုးလေး ရေရွတ်နေမိသည်။
" ခင်လေးရေ..... ခင်လေးရဲ့ ဖြစ်ချင်ခဲ့တဲ့  ဆန္ဒလေးတွေကို မောင်အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြည်ဆည်းပေးနေတာပါ။ ရွှေတိဂုံဘုရားနဲ့ သံဃာ့ ဆေးရုံမှာ ထာဝရဆွမ်း ပဒေသာပင်လှူဒါန်းခဲ့တယ်လေ။ တို့ နှစ်ယောက်ရဲ့ အိမ်လေးမှာ သံဃာတော်တွေကို အမြဲတမ်းဆွမ်းလောင်းလှူနေရသလိုပေါ့ ။ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေကိုလည်း တို့ မိဘဘိုးဘွားတွေလို သဘောထားပြီး အမြဲထာဝရ အစားအသောက် ဆေးဝါးတွေလှူဒါန်းလို့  ပြုစုစောင့် ရှောက်ကြမယ်နော်။ မိဘမဲ့ကလေးတွေကိုလည်း မောင်တို့ နှစ်ယောက်ရဲ့ ရင်သွေးလေးတွေလို သဘောထားပြီး တတ်နိင်သမျှ ပြုစုစောင်ရှောက် သွားဦးမှာပါ။ ဒီလိုဆို သူတို့ လေးတွေအတွက် မိဘမမဲ့တော့ သလို မောင်နဲ့ ခင်လေးတို့ ရဲ့ ရင်သွေးလေးတွေလည်း အများကြီးပဲပေါ့ ။

ခင်လေးရေ..... အဲဒီ သံဃာတော်တွေ၊ မိဘဘိုးဘွားတွေ၊ အဲဒီရင်သွေးလေးတွေအတွက် မောင်တို့ နှစ်ယောက်ရဲ့  အိမ်လေးက ဘယ်တော့မှ မပျောက်ပျက်သွားတော့ ပါဘူး။ အမြဲထာဝရ တည်တံ့ ရှင်သန်နေဦးမှာပါ ခင်လေးရယ်။ ချစ်တဲ့ ခင်လေးတစ်ယောက် ကျေနပ် ပျော်ရွှင်နိုင်ပါစေလို့ ။

( အချစ်ဆိုတာ တခါတလေတော့ လည်း ရယူပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ.......................ဇင်ယော် )။။။။။။။။။။။။

12 comments:

Anonymous said...

အစ်ကိုရေ..
ဇာတ်လမ်းလေးကမိုက်တယ်။
အရေးအသားလည်းကောင်းတယ်...
ဂွတ်တယ်ဗျာ...
ငိုချင်သွားပြီ... ဟင့်.. ရွှတ်
အားပေးနေမယ်...
စာမေးပွဲပြီးမှရေးတော့ပေါ့.. အများကြီး.. ဟုတ် :P

ဝိညာဉ်လေးခိုနားရာ said...

ထိတယ်ဗျာ ကောင်းမှကောင်း ဂွတ်မှဂွတ် ရှယ်မှရှယ်

ကိုစွမ်း said...

အာ...ကိုဇင်ယော်ကြီးကတော့ လုပ်ပြီ။ အဲလိုတွေ မခံ
စားနိုင်ပါဘူး ဆိုမှ ။ အခုတော့ ထိသွားပြီဗျာ ။

Anonymous said...

ဇတ်လမ်းက ဒီလိုလေး ဆိမ်းသွားတာာလား ညီထင်တာ ပထမတစ်ပိုင်းပို့ ထားတော့ လှလှလေး သိမ်းမယ်ထင်နေတာ စိတ်မကောင်းစရာပို့ စ်လေးပဲ အရေးသားတွေ ကောင်းလာတယ် အစ်ကို ကဗျာလေးတွေပါ ကြားညှပ်ထားတော့ ပိုထိတယ် ။ ဒီပို့ စ်တစ်ပုဒ်ကို ဘယ်လောက်ကြာကြာ အချိန်တွေ ပေးရေးထားရလဲဆိုတာ သိတဲ့အတွက် ပိုလေးစားမိတယ် အချစ်တွေ ဆက်လက်ရှင်သန်နိုင်ပါစေဗျာ ။

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေ... ကြည်နူးစရာ၊ လွမ်းမောစရာ နောက် ၀မ်းနည်းစရာ... စိတ်ထဲမှာ ရသတွေ စုံသွားတာပါပဲ။ စာအရေးအသား သိပ်ကို ကောင်းပါတယ်။ နောင်လည်း စာကောင်းတွေ အများကြီးရေးနိုင်ပါစေ...

ကိုရုပ်ဆိုး said...

အရမ်းကောင်းတယ်ဗျာ။ အချိန်ရတိုင်း ဇင်ယော်လေးရဲ့ ဆိပ်ကမ်းမှာ လာအနားယူရမယ်။

Unknown said...

တော်တော်ကောင်းတယ်ကိုဇင်ယော်ရေ ဒီပို့စ့် မှာဟက်တက်ကွဲတာပဲ ရင်ကိုပြောတာနော် :)
ကျတော့်ချစ်သူနဲ့ နာမည်တူကလာတူနေသေးတယ်နော် တိုက်ဆိုင်မှုတွေကလည်း များလိုက်တာ ဖတ်နေရင်းချစ်သူကိုတောင်သတိရသွားပြီ အဟိ ဒီကောင်လေးကလွမ်းတတ်တယ် မျက်ရည်မခိုင်ဘူး ရွှတ်
ပလပ် အဟင့် ငိုသွားတယ် :)

WWKM said...

မောင်ဇင်ယော်ရေ..

အစ်မအခုမှ ဒီဇာတ်လမ်းလေးဖတ်ရတယ်.
ဇာတ်လမ်းကလည်းကောင်းသလို ၊အရေးအသားကလဲ
ရှယ်ပါပဲ. တကယ်တော်တဲ့ မောင်ငယ်ပေပဲ။
ဇာတ်လမ်းလေးကဆွဲဆောင်မှုတကယ်ရှိတယ်.
မောင်လေးကလဲ အရေးကောင်းတယ်.ဇာတ်လမ်းလေးဖတ်ပြီး စိတ်မကောင်းမိဘူး.ခံစားရတယ်.

( အချစ်ဆိုတာ တခါတလေတော့ လည်း ရယူပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ.......................ဇင်ယော် )

ဒီစာသားလေးကိုလဲကြိုက်တယ်.
အချစ်ရေးမှာ အခက်အခဲ အတားအဆီးတွေရှိခဲ့ပေမယ့်
အခုအချိန်ကစပြီး မောင်ငယ်ရဲ့ဘ၀ခရီးလမ်းမှာ မိမိ
ကအလွန်ချစ်သောသူ ၊မိမိကို အလွန်ချစ်သောသူမ တို့
နဲ့တွေ့ဆုံဖူးစာဆုံနိုင်ပါစေလို့ အစ်မဆုတောင်းပေးပါ
တယ် မောင်ငယ်ဇင်ယော်ရေ.

လေးစားခင်မင်လျှက်
အစ်မ၀ါ

Dr Phyo Wai Kyaw said...

ဒဂယ့် အဖစ်အပျက်လား ဘာလားဗျာ
:(

မြတ်သွယ် said...

အစပိုင်းက ကြည်နူးတယ်
နောက်ပိုင်းက အံ့သြတယ်
-( အချစ်ဆိုတာ တခါတလေတော့ လည်း ရယူပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ.......................ဇင်ယော် )- အဲဒီစာသားကိုတော့ လေးစားနှစ်ချိုက်မိသလို ထိတယ်ဂျာ
ရယ်ပြီးရင်ငိုရတတ်တယ် ဆိုတဲ့စကားကို ယုံပြီးရင်းယုံလာသလို ပျော်ရမှာလဲကြောက်လာပြီ
အားပေးသွားပါတယ် ကိုဇင်ယော်
အရေးအသားကောင်းလေးပါ

Than Yaw Zin said...

( အချစ်ဆိုတာ တခါတလေတော့ လည်း ရယူပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ.......................ဇင်ယော် )
စာသားလေးကို အရမ်းကြိုက်ပါတယ်..

AZZURRI said...

အ၇မ်းခံစား၇တယ်......